ယေရမိ ၄၀:၁-၁၆
၄၀ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က+ ယေရမိကို ရာမမြို့ကနေ+ လွှတ်ပေးလိုက်ပြီးနောက် ယေရမိဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်။ ဗာဗုလုန်ဆီ ပြည်နှင်ခံရတဲ့ ဂျေရုဆလင်မြို့သား၊ ယုဒပြည်သားတွေနဲ့အတူ ယေရမိကို လက်ထိတ်ခတ်ပြီး ရာမမြို့ကို ခေါ်ခဲ့တာပါ။
၂ ကိုယ်ရံတော်တပ်မှူးက ယေရမိကိုခေါ်ပြီး “ဒီနေရာမှာ ဒီဘေးဆိုး ကျရောက်စေမယ်လို့ မင်းရဲ့ဘုရား ယေဟောဝါ ကြိုဟောခဲ့တယ်။
၃ မင်းတို့တစ်တွေ ယေဟောဝါရဲ့ စကားကို နာမခံဘဲ ပြစ်မှားကြတဲ့အတွက် ယေဟောဝါက ပြောထားတဲ့အတိုင်း လုပ်ခဲ့တယ်။ ဒါကြောင့် မင်းတို့ ဒီလိုအဖြစ်မျိုး ကြုံရတာ။+
၄ မင်းရဲ့လက်ထိတ်ကို ဒီနေ့ ငါချွတ်ပေးမယ်။ ဗာဗုလုန်ကို ငါနဲ့အတူ လိုက်ချင်ရင် လိုက်ခဲ့ပါ။ ငါကြည့်ရှုစောင့်ရှောက်ပေးမယ်။ မလိုက်ချင်ရင်လည်း မလိုက်နဲ့။ တစ်ပြည်လုံးမှာ မင်းကြိုက်တဲ့နေရာကို သွားပါ”+ လို့ပြောတယ်။
၅ ယေရမိ မဆုံးဖြတ်ရသေးခင်မှာ နေဗုဇာရဒန်က “ရှာဖန်ရဲ့မြေး၊+ အဟိကံရဲ့သား+ ဂေဒလိဆီ+ မင်း ပြန်လိုက်ပါ။ ယုဒမြို့တွေကို ကြီးကြပ်ဖို့ သူ့ကို ဗာဗုလုန်ဘုရင် ခန့်အပ်ထားတာ။ သူနဲ့အတူ၊ ပြည်သူပြည်သားတွေနဲ့အတူ နေထိုင်ပါ။ ဒါမှမဟုတ် မင်း ကြိုက်တဲ့နေရာကို သွားပါ” လို့ ပြောတယ်။
ပြီးတော့ ကိုယ်ရံတော်တပ်မှူးက သူ့ကို စားနပ်ရိက္ခာနဲ့ လက်ဆောင်တွေပေးပြီး လွှတ်လိုက်တယ်။
၆ ဒါနဲ့ ယေရမိက မိဇပါမြို့မှာရှိတဲ့+ အဟိကံရဲ့သား ဂေဒလိဆီ သွားပြီး သူနဲ့အတူ၊ ပြည်မှာ ကျန်ရစ်သူတွေနဲ့အတူ နေထိုင်တယ်။
၇ ပြည်ကိုကြီးကြပ်ဖို့၊ ဗာဗုလုန်ဆီ ပြည်နှင်မခံရတဲ့ ဆင်းရဲသား ယောက်ျား၊ မိန်းမ၊ ကလေးတွေကို ကြီးကြပ်ဖို့ အဟိကံရဲ့သား ဂေဒလိကို ဗာဗုလုန်ဘုရင် ခန့်အပ်လိုက်တဲ့အကြောင်း တောထဲရောက်နေတဲ့ ဗိုလ်ချုပ်တွေနဲ့ စစ်သည်တွေ ကြားသွားတယ်။+
၈ ဒါကြောင့် မိဇပါမြို့မှာရှိတဲ့+ ဂေဒလိဆီ သူတို့ရောက်လာကြတယ်။ နာသနိရဲ့သား အိရှမေလ၊+ ကာရာရဲ့သား ယောဟနန်နဲ့+ ယောနသန်၊ တာနုမက်ရဲ့သား စရာယ၊ နေတောဖရွာသား ဧဖဲရဲ့သားတွေ၊ မာခါသိပြည်သား ယေဇနိနဲ့+ သူတို့ရဲ့လူတွေ ဖြစ်တယ်။
၉ ရှာဖန်ရဲ့မြေး၊ အဟိကံရဲ့သား ဂေဒလိက သူတို့အားလုံးကို “ခါလဒဲလူတွေဆီ ကျွန်ခံရမှာကို မကြောက်ကြနဲ့။ ဒီပြည်မှာ ဆက်နေထိုင်ပြီး ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်ခံပါ။ ဒါဆိုရင် ခင်ဗျားတို့ ကောင်းစားလိမ့်မယ်။+
၁၀ ငါကတော့ မိဇပါမြို့မှာနေပြီး ငါတို့ဆီလာမယ့် ခါလဒဲလူတွေကို မင်းတို့ကိုယ်စား ပြောဆိုပေးမယ်။ စပျစ်ဝိုင်၊ နွေသီးနှံ၊* ဆီတွေ စုဆောင်းပြီး သိုလှောင်ထားကြ။ မြို့တွေမှာ အခြေချနေထိုင်ကြ”+ လို့ပြောတယ်။
၁၁ ဗာဗုလုန်ဘုရင်က ကျန်ကြွင်းသူတွေကို ယုဒပြည်မှာ နေထိုင်ခွင့်ပြုပြီး သူတို့ကို ကြီးကြပ်ဖို့ ရှာဖန်ရဲ့မြေး၊ အဟိကံရဲ့သား ဂေဒလိကို ခန့်ထားမှန်း မောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်နဲ့ တခြားပြည်တွေမှာ ရောက်နေတဲ့ဂျူးတွေ ကြားသွားတယ်။
၁၂ ဒါကြောင့် ဂျူးတွေက ရောက်ရာအရပ်ကနေ ပြန်လာပြီး ယုဒပြည်၊ မိဇပါမြို့မှာရှိတဲ့ ဂေဒလိဆီ ရောက်လာကြတယ်။ ပြီးတော့ စပျစ်ဝိုင်နဲ့ နွေသီးနှံတွေကို အများကြီး စုဆောင်းကြတယ်။
၁၃ ကာရာရဲ့သား ယောဟနန်နဲ့ တောထဲရောက်နေတဲ့ ဗိုလ်ချုပ်တွေဟာ မိဇပါမြို့မှာရှိတဲ့ ဂေဒလိဆီ ရောက်လာပြီး၊
၁၄ “အမ္မုန်ဘုရင်+ ဗာလိတ်က ခင်ဗျားကိုသတ်ဖို့ နာသနိရဲ့သား အိရှမေလကို လွှတ်လိုက်တာ+ မသိဘူးလား” လို့ ပြောကြတယ်။ ဒါပေမဲ့ အဟိကံရဲ့သား ဂေဒလိက သူတို့ပြောတာကို မယုံဘူး။
၁၅ ကာရာရဲ့သား ယောဟနန်က “နာသနိရဲ့သား အိရှမေလကို အခုပဲ သွားသတ်ချင်တယ်။ ဘယ်သူမှ မသိစေရဘူး။ သူသာ ခင်ဗျားကို သတ်လိုက်ရင် ခင်ဗျားဆီ လာပူးပေါင်းတဲ့ ယုဒလူတွေ တကွဲတပြား ဖြစ်ကုန်မယ်။ ယုဒပြည်မှာ ကျန်ရစ်ခဲ့သူတွေလည်း သေဆုံးကုန်မယ်” လို့ မိဇပါမြို့မှာ ဂေဒလိကို တိုးတိုးတိတ်တိတ် ပြောတယ်။
၁၆ ဒါပေမဲ့ အဟိကံရဲ့သား ဂေဒလိက+ “အဲဒီလို မလုပ်ပါနဲ့။ အိရှမေလအကြောင်း မဟုတ်မမှန် ပြောနေကြတာပါ” လို့ ကာရာရဲ့သား ယောဟနန်ကို ပြန်ပြောတယ်။
အောက်ခြေမှတ်ချက်များ
^ သဖန်းသီး၊ စွန်ပလွံသီးတွေ ဖြစ်နိုင်။