ယေရမိ ၄၁:၁-၁၈
၄၁ ခုနစ်လပိုင်းရောက်တော့ ဧလိရှမာရဲ့မြေး၊ နာသနိရဲ့သား မင်းမျိုးမင်းနွယ် အရာရှိ အိရှမေလက+ လူဆယ်ယောက်ကို ခေါ်ပြီး မိဇပါမြို့မှာရှိတဲ့+ အဟိကံရဲ့သား ဂေဒလိဆီ ရောက်လာတယ်။ မိဇပါမြို့မှာ အတူစားသောက်နေတုန်း၊
၂ နာသနိရဲ့သား အိရှမေလနဲ့ လူဆယ်ယောက်က ရှာဖန်ရဲ့မြေး၊ အဟိကံရဲ့သား ဂေဒလိကို ဓားနဲ့လုပ်ကြံတယ်။ ဒီလိုနဲ့ ပြည်ကိုကြီးကြပ်ဖို့ ဗာဗုလုန်ဘုရင် ခန့်အပ်ထားသူကို သတ်ပစ်တယ်။
၃ အိရှမေလက မိဇပါမြို့မှာ ဂေဒလိနဲ့အတူရှိတဲ့ ဂျူးတွေနဲ့ ခါလဒဲစစ်သည်တွေကို သတ်ပစ်တယ်။
၄ အဲဒီအကြောင်းကို ဘယ်သူမှ မသိကြဘူး။ ဂေဒလိ အသတ်ခံရပြီး နှစ်ရက်အကြာမှာ၊
၅ ရှေခင်၊+ ရှိလောနဲ့+ ရှမာရိမြို့ကနေ+ လူ ၈၀ ရောက်လာတယ်။ သူတို့က မုတ်ဆိတ်ကို ရိတ်၊ အဝတ်တွေကို ဆွဲဆုတ်ပြီး အသားတွေ မွှန်းထားတယ်။+ ယေဟောဝါရဲ့ အိမ်တော်ဆီ ယူသွားဖို့ ကောက်နှံအလှူတွေ၊ လောဗန်တွေလည်း+ ပါလာတယ်။
၆ နာသနိရဲ့သား အိရှမေလက သူတို့ကိုတွေ့ဖို့ မိဇပါမြို့ကနေ ငိုကြွေးရင်း ထွက်လာတယ်။ သူတို့ကိုတွေ့တဲ့အခါ “အဟိကံရဲ့သား ဂေဒလိဆီ လိုက်ခဲ့ပါ” လို့ခေါ်တယ်။
၇ မြို့ထဲရောက်တဲ့အခါ အိရှမေလနဲ့ သူ့လူတွေက သူတို့ကိုသတ်ပြီး ရေလှောင်ကန်ထဲ ပစ်ချလိုက်တယ်။
၈ ဒါပေမဲ့ သူတို့ထဲက ဆယ်ယောက်က “ကျွန်တော်တို့ကို မသတ်ပါနဲ့။ လယ်ထဲမှာ ကျွန်တော်တို့ ဝှက်ထားတဲ့ ဂျုံ၊ မုယော၊ ဆီနဲ့ ပျားရည်တွေ ရှိပါတယ်” လို့ အိရှမေလကို ပြောကြတယ်။ ဒါကြောင့် အိရှမေလက သူတို့ကို ကျန်တဲ့ညီအစ်ကိုတွေနဲ့အတူ မသတ်ဘဲ အသက်ချမ်းသာပေးလိုက်တယ်။
၉ အိရှမေလက အသတ်ခံရတဲ့သူတွေရဲ့ အလောင်းတွေကို ရေလှောင်ကန်ကြီးထဲ ပစ်ချလိုက်တယ်။ အစ္စရေးဘုရင်ဗာရှာကို+ ကြောက်လို့ ဘုရင်အာသ တူးထားတဲ့ အဲဒီရေလှောင်ကန်ဟာ အလောင်းတွေနဲ့ ပြည့်သွားတယ်။
၁၀ ပြီးတော့ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန် ဖမ်းချုပ်ပြီး အဟိကံရဲ့သား ဂေဒလိဆီမှာ အပ်ထားတဲ့+ ဘုရင့်သမီးတော်တွေ၊ မိဇပါမြို့မှာ ကျန်ရစ်ခဲ့သူတွေအပါအဝင် မိဇပါမြို့သားအားလုံးကို+ အိရှမေလ ဖမ်းခေါ်သွားတယ်။ နာသနိရဲ့သား အိရှမေလက သူတို့ကို ဖမ်းဆီးပြီး အမ္မုန်လူတွေဆီ ထွက်သွားတယ်။+
၁၁ နောက်ပိုင်းမှာ ကာရာရဲ့သား ယောဟနန်နဲ့+ ဗိုလ်ချုပ်တွေက နာသနိရဲ့သား အိရှမေလရဲ့ ဆိုးရွားတဲ့လုပ်ရပ်အကြောင်း သိသွားတယ်။
၁၂ ဒါကြောင့် သူတို့က ယောက်ျားအားလုံးကို ခေါ်ပြီး နာသနိရဲ့သား အိရှမေလကိုတိုက်ဖို့ ထွက်သွားတဲ့အခါ ဂိဗောင်မြို့က ရေကန်ကြီးနားမှာ သူ့ကိုတွေ့တယ်။
၁၃ အိရှမေလနဲ့ပါလာသူတွေက ကာရာရဲ့သား ယောဟနန်နဲ့ ဗိုလ်ချုပ်တွေကို တွေ့တဲ့အခါ ဝမ်းသာသွားတယ်။
၁၄ ဒါနဲ့ မိဇပါမြို့ကနေ+ အိရှမေလ ဖမ်းခေါ်သွားတဲ့သူတွေ ပြန်လှည့်လာပြီး ကာရာရဲ့သား ယောဟနန်ဆီ ရောက်လာကြတယ်။
၁၅ နာသနိရဲ့သား အိရှမေလကတော့ သူ့လူရှစ်ယောက်နဲ့အတူ ယောဟနန်လက်ကနေ လွတ်ပြီး အမ္မုန်လူတွေဆီ ထွက်သွားတယ်။
၁၆ အဟိကံရဲ့သား ဂေဒလိကို လုပ်ကြံပြီးတဲ့နောက်+ မိဇပါမြို့ကနေ အိရှမေလဖမ်းခေါ်သွားတဲ့ လူတွေကို ကာရာရဲ့သား ယောဟနန်နဲ့ ဗိုလ်ချုပ်တွေ ကယ်လိုက်တယ်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ စစ်သည်နဲ့ နန်းတွင်းအရာရှိတွေကို ဂိဗောင်မြို့ကနေ ပြန်ခေါ်လာတယ်။
၁၇ သူတို့ ထွက်လာပြီး ဘက်သလီဟင်မြို့နားက+ ခိမဟံရဲ့ တည်းခိုဆောင်မှာ နေထိုင်ကြတယ်။ အဲဒီကနေ အီဂျစ်ပြည်ကို ဆက်သွားဖို့ ရည်ရွယ်ထားကြတယ်။+
၁၈ ပြည်ကိုကြီးကြပ်ဖို့ ဗာဗုလုန်ဘုရင် ခန့်အပ်တဲ့ အဟိကံရဲ့သား ဂေဒလိကို နာသနိရဲ့သား အိရှမေလ လုပ်ကြံလိုက်တဲ့အတွက် ခါလဒဲလူတွေကို ကြောက်နေလို့ပဲ။+