ယေရမိ ၄၂:၁-၂၂
၄၂ အဲဒီနောက် ကာရာရဲ့သား ယောဟနန်၊+ ဟောရှာယရဲ့သား ယေဇနိ၊ ဗိုလ်ချုပ်တွေနဲ့ လူကြီးလူငယ် အားလုံးရောက်လာပြီး၊
၂ ပရောဖက်ယေရမိကို “ကျွန်တော်တို့ တောင်းဆိုတာကို နားထောင်ပါ။ ကျွန်တော်တို့နဲ့ ဒီကျန်ကြွင်းသူတွေအတွက် ယေဟောဝါဘုရားဆီ ဆုတောင်းပေးပါ။ ခင်ဗျားမြင်တဲ့အတိုင်း လူနည်းစုပဲကျန်တော့တယ်။+
၃ ကျွန်တော်တို့ လျှောက်သင့်တဲ့လမ်းစဉ်၊ လုပ်သင့်တဲ့အရာကို ယေဟောဝါဘုရား ပြောပြပါစေ” လို့တောင်းဆိုကြတယ်။
၄ အဲဒီအခါ ပရောဖက်ယေရမိက “ကောင်းပြီ။ ခင်ဗျားတို့ တောင်းဆိုတဲ့အတိုင်း ယေဟောဝါဘုရားဆီ ဆုတောင်းပေးမယ်။ ယေဟောဝါဘုရား ဖြေကြားသမျှ တစ်ခွန်းမကျန် ပြန်ပြောပြမယ်” လို့ ပြောတယ်။
၅ ဒါနဲ့ သူတို့က ယေရမိကို “ယေဟောဝါဘုရားဟာ စစ်မှန်တဲ့သက်သေ ဖြစ်ပါစေ။ ခင်ဗျားကတစ်ဆင့် ယေဟောဝါဘုရား လမ်းညွှန်တဲ့အတိုင်း တစ်သဝေမတိမ်း မလုပ်ခဲ့ရင် ကျွန်တော်တို့ကို အပြစ်ပေးပါစေ။
၆ ယေဟောဝါဘုရားကို တောင်းလျှောက်ပေးဖို့ ခင်ဗျားကို ကျွန်တော်တို့ လွှတ်လိုက်တာ။ ယေဟောဝါဘုရားပြောတာ ကောင်းကောင်း၊ ဆိုးဆိုး နာခံပါ့မယ်။ အဲဒီလိုနာခံရင် ကောင်းစားမှာပဲ” လို့ပြောကြတယ်။
၇ ဆယ်ရက်ကြာပြီးတဲ့နောက် ယေရမိဆီ ယေဟောဝါရဲ့စကားတော် ရောက်လာတယ်။
၈ ဒါကြောင့် သူက ကာရာရဲ့သား ယောဟနန်နဲ့ ဗိုလ်ချုပ်တွေ၊ လူကြီးလူငယ်တွေ အားလုံးကို ခေါ်ပြီး၊+
၉ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါဆီ တောင်းလျှောက်ပေးဖို့ ကျွန်တော့်ကို ခင်ဗျားတို့ စေလွှတ်ခဲ့တယ်။ ဘုရားပြောတာက–
၁၀ ‘ဒီပြည်မှာ ဆက်နေထိုင်မယ်ဆိုရင် မင်းတို့ကို မဖြိုချဘဲ ငါတည်ဆောက်ပေးမယ်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမယ်။ မင်းတို့အပေါ် ဘေးဆိုး ကျရောက်စေခဲ့တဲ့အတွက် ငါစိတ်မကောင်း ဖြစ်မိမယ်။+
၁၁ ဗာဗုလုန်ဘုရင်ကို မကြောက်ကြနဲ့။’+
“ယေဟောဝါ ပြောမယ်– ‘သူ့ကို မကြောက်ကြနဲ့။ သူ့လက်ကနေ မင်းတို့ကို ကယ်တင်ဖို့၊ ကယ်ဆယ်ဖို့ မင်းတို့နဲ့အတူ ငါရှိတယ်။
၁၂ မင်းတို့ကို ငါကရုဏာပြမယ်။+ သူ ကရုဏာသက်ပြီး မင်းတို့ကို နေရင်းပြည်ဆီ ပြန်ပို့မယ်။
၁၃ “‘ဒါပေမဲ့ “ဒီပြည်မှာ မနေဘူး” လို့မင်းတို့ပြောပြီး ယေဟောဝါရဲ့စကားကို မနာခံဘူးဆိုရင်၊
၁၄ “အီဂျစ်ပြည်ကိုပဲ သွားမယ်။+ အဲဒီမှာ စစ်ပွဲကို မြင်ရမှာ မဟုတ်ဘူး။ တံပိုးမှုတ်သံကို ကြားရမှာ မဟုတ်ဘူး။ အစားအစာငတ်မှာ မဟုတ်ဘူး။ အဲဒီမှာပဲ နေကြမယ်” လို့ပြောမယ်ဆိုရင်၊
၁၅ ယုဒအကြွင်းအကျန်တို့၊ ယေဟောဝါရဲ့စကားကို နားထောင်ကြပါ။ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– “အီဂျစ်ပြည်မှာ သွားနေဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင်၊
၁၆ ကြောက်စရာကောင်းတဲ့ ဓားဘေးက အီဂျစ်ပြည်မှာ မင်းတို့ကို လိုက်မီလိမ့်မယ်။ ကြောက်စရာကောင်းတဲ့ အငတ်ဘေးက အီဂျစ်ပြည်အထိ လိုက်လာလိမ့်မယ်။ အဲဒီမှာ မင်းတို့ သေရလိမ့်မယ်။+
၁၇ အီဂျစ်ပြည်မှာ သွားနေဖို့ စိတ်ပိုင်းဖြတ်ထားသူတွေဟာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေဆုံးလိမ့်မယ်။ ငါကျရောက်စေမယ့် ဘေးဆိုးကနေ အသက်ရှင်လွတ်မြောက်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။”’
၁၈ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်– ‘ဂျေရုဆလင်မြို့သူမြို့သားတွေအပေါ် ငါအမျက်ဒေါသ သွန်းလောင်းခဲ့တယ်။+ မင်းတို့ အီဂျစ်ပြည်ကို သွားမယ်ဆိုရင်လည်း မင်းတို့အပေါ် ငါအမျက်ဒေါသ သွန်းလောင်းမယ်။ မင်းတို့ဟာ ကျိန်ဆဲစရာ၊ ကြောက်စရာ၊ ကျိန်စာတိုက်စရာ၊ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်သွားမယ်။+ ဒီပြည်ကို ပြန်မြင်ရတော့မှာ မဟုတ်ဘူး။’
၁၉ “ယုဒအကြွင်းအကျန်တို့၊ ခင်ဗျားတို့ကို ယေဟောဝါဘုရား ပြောတယ်။ အီဂျစ်ပြည်ကို မသွားနဲ့။ အခု ကျွန်တော်သတိပေးတာကို ကောင်းကောင်း မှတ်ထားကြ။
၂၀ ကိုယ်လုပ်တဲ့အပြစ်ကြောင့် အသက်ပါ ဆုံးရှုံးနိုင်တယ်ဆိုတာကိုလည်း မှတ်ထားကြ။ ‘ယေဟောဝါဘုရားဆီမှာ ကျွန်တော်တို့အတွက် ဆုတောင်းပေးပါ။ ယေဟောဝါဘုရား ပြောသမျှ ပြန်ပြောပြပါ။ အဲဒီအတိုင်း လုပ်ပါ့မယ်’ လို့ပြောပြီး ယေဟောဝါဘုရားဆီ တောင်းလျှောက်ပေးဖို့ ခင်ဗျားတို့ပဲ ကျွန်တော့်ကို စေလွှတ်ခဲ့တာ။+
၂၁ အခု ယေဟောဝါဘုရားရဲ့စကားကို ကျွန်တော် ပြောပြပေမဲ့လည်း ခင်ဗျားတို့ နာခံမှာ မဟုတ်ဘူး။ ကျွန်တော်ကတစ်ဆင့် ပြောတဲ့အရာတွေကိုလည်း လုပ်ဆောင်မှာ မဟုတ်ဘူး။+
၂၂ ဒါကြောင့် ခင်ဗျားတို့ သွားနေချင်တဲ့ပြည်မှာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေဆုံးရမယ်ဆိုတာ အသေအချာ မှတ်ထားကြပါ။”+