ယေရမိ ၄၆:၁-၂၈
၄၆ လူမျိုးတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ စကားတော် ပရောဖက်ယေရမိဆီ ရောက်လာတယ်။+
၂ အီဂျစ်နဲ့ပတ်သက်ပြီး၊+ ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ် နန်းစံလေးနှစ်၊+ ယူဖရေးတီးမြစ်အနီး ခါခေမိတ်မြို့မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို စစ်ရှုံးသွားတဲ့ အီဂျစ်ဘုရင် ဖာရောနေခေါရဲ့ စစ်တပ်နဲ့ပတ်သက်ပြီး+ ပြောတာက–
၃ “ဒိုင်းလွှားကြီး၊ ဒိုင်းလွှားငယ်တွေကို အသင့်ပြင်ပြီး စစ်ချီကြ။
၄ မြင်းစီးသူရဲတို့၊ မြင်းတွေကို အသင့်ပြင်ပြီး စီးကြ။
နေရာယူပြီး သံခမောက်တွေ ဆောင်းထားကြ။
လှံရှည်တွေ သွေးကြ။ သံချပ်အင်္ကျီတွေ ဝတ်ကြ။
၅ ယေဟောဝါ ပြောတာက–
‘သူတို့ ကြောက်ရွံ့ထိတ်လန့်နေတာကို ငါဘာလို့ မြင်နေရတာလဲ။
သူတို့ တပ်ဆုတ်သွားကြပြီ။ စစ်သူရဲတွေ ချေမှုန်းခံလိုက်ရပြီ။
စစ်သူရဲတွေ ထိတ်ထိတ်ပျာပျာ ဖြစ်ပြီး နောက်မလှည့်စတမ်း ထွက်ပြေးကုန်ပြီ။
နေရာတကာမှာ ကြောက်စရာတွေ ချည်းပဲ။’
၆ ‘အပြေးမြန်သူတောင် မပြေးနိုင်တော့ဘူး။
စစ်သူရဲတွေတောင် မလွတ်မြောက်နိုင်ဘူး။
မြောက်အရပ်က ယူဖရေးတီးမြစ်ကမ်းမှာ တိုက်မိပြီး လဲကျကုန်ပြီ။’+
၇ နိုင်းမြစ်လို၊ ဟုန်းဟုန်းထတဲ့ မြစ်ရေလို
ချီတက်လာနေတာ ဘယ်သူလဲ။
၈ နိုင်းမြစ်လို၊ ဟုန်းဟုန်းထတဲ့ မြစ်ရေလို
ချီတက်လာနေတာ အီဂျစ်ပဲ။+
‘ငါတက်သွားပြီး မြေတစ်ပြင်လုံးကို လွှမ်းမိုးမယ်။
မြို့ကိုရော မြို့သားတွေကိုပါ ဖျက်ဆီးမယ်’ လို့ သူပြောတယ်။
၉ မြင်းတို့၊ တက်သွားကြ။
မြင်းရထားတို့၊ ဒုန်းစိုင်းနှင်ကြ။
ဒိုင်းလွှားကိုင်စစ်သည် ကုရှနဲ့* ဖုတလူမျိုးတွေ ချီတက်ကြပါစေ။+
လေးသည်တော် လုဒိမ်လူမျိုးတွေ+ ချီတက်ကြပါစေ။+
၁၀ “အဲဒီနေ့ဟာ အချုပ်အခြာအာဏာကို ပိုင်ဆိုင်တဲ့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့နေ့၊ ရန်သူတွေကို လက်စားချေတဲ့နေ့ပဲ။ ဓားဟာ သူတို့ရဲ့အသားကို အဝစားပြီး သွေးကို အဝသောက်လိမ့်မယ်။ အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ယူဖရေးတီးမြစ်နားမှာရှိတဲ့ မြောက်အရပ်ကပြည်မှာ ယဇ်ပွဲကို ပြင်ဆင်ထားတယ်။+
၁၁ အီဂျစ်သမီးပျို၊ဂိလဒ်ပြည်ကို တက်သွားပြီး ဗာလစံဆီကို ယူခဲ့ပါ။+
မင်းကို နည်းအမျိုးမျိုးနဲ့ ကုသပေမဲ့ အလကားပဲ။
မင်းအတွက် ဆေးမရှိဘူး။+
၁၂ မင်း အရှက်တကွဲ ဖြစ်သွားတဲ့အကြောင်း လူမျိုးတွေ ကြားကုန်ပြီ။+
မင်းရဲ့အော်ဟစ်သံ တစ်ပြည်လုံး ညံနေပြီ။
စစ်သူရဲတွေ အချင်းချင်း တိုက်မိပြီး လဲကျကုန်ပြီ။”
၁၃ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက အီဂျစ်ပြည်ကို လာတိုက်မယ့်အကြောင်း ပရောဖက်ယေရမိကို ယေဟောဝါ ပြောတယ်–+
၁၄ “ဒီအကြောင်းကို အီဂျစ်မှာ ကြေညာကြ။ မိဂဒေါလမြို့မှာ ကြွေးကြော်ကြ။+
နောဖမြို့နဲ့ တာပနက်မြို့မှာ ကြွေးကြော်ကြ။+
‘ဓားက မင်းရဲ့ပတ်လည်ကို ဝါးမျိုတော့မှာဖြစ်လို့
နေရာယူပြီး အသင့်ပြင်ကြ။
၁၅ မင်းရဲ့ အစွမ်းတန်ခိုးကြီးသူတွေ ဘာလို့ တိုက်ချခံရတာလဲ။
ယေဟောဝါ တွန်းချလိုက်တဲ့အတွက် သူတို့ မရပ်တည်နိုင်ကြဘူး။
၁၆ တိုက်မိပြီး လဲကျသူတွေ အများကြီးပဲ။
“ထကြ။ ရက်စက်တဲ့ဓားကြောင့်
ကိုယ့်လူမျိုးတွေဆီ၊ နေရင်းပြည်ဆီ ပြန်ကြစို့” လို့
အချင်းချင်း ပြောနေကြတယ်။’
၁၇ ‘အီဂျစ်ဘုရင်ဖာရောဟာ
အခွင့်အရေးကို လက်လွတ်ခံတဲ့ အပြောကြီးသူပဲ’ ဆိုပြီး အဲဒီမှာ ကြွေးကြော်နေကြ တယ်။+
၁၈ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆိုတဲ့နာမည်ကို ပိုင်ဆိုင်တဲ့ဘုရင် ပြောတယ်–
‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။
တောင်တန်းတွေအလယ်က တာဗော်တောင်လို၊+ ပင်လယ်နားက ကရမေလတောင်လို+ သူ* ရောက်လာတော့မယ်။
၁၉ အီဂျစ်မှာနေထိုင်တဲ့ သမီးပျို၊ပြည်နှင်ဒဏ်ခံဖို့ အထုပ်အပိုး ပြင်ပါ။
နောဖမြို့ဟာ ကြောက်စရာကောင်းတဲ့နေရာ ဖြစ်သွားလိမ့်မယ်။ မီးရှို့ခံရလိမ့်မယ်။*
နေထိုင်သူရှိတော့မှာ မဟုတ်ဘူး။+
၂၀ အီဂျစ်ဟာ လှပတဲ့ နွားမပျိုနဲ့ တူတယ်။
ဒါပေမဲ့ မြောက်အရပ်ကနေ အဆိပ်ရှိတဲ့ ယင်ကောင်တွေ သူ့ကို လာကိုက်လိမ့်မယ်။
၂၁ သူ့ဆီမှာရှိတဲ့ အငှားစစ်သည်တွေဟာ
ဆူဖြိုးတဲ့ နွားကလေးတွေနဲ့ တူတယ်။
ဒါပေမဲ့ သူတို့ နောက်လှည့်ပြေးကြပြီ။
မရပ်တည်နိုင်ကြဘူး။+
သူတို့ ဒုက္ခရောက်မယ့်နေ့၊ စစ်ဆေးခံရမယ့်အချိန် ရောက်လာပြီ။’
၂၂ ‘သူ့အသံဟာ လျှောခနဲပြေးတတ်တဲ့မြွေ တွန်သံလိုပဲ။
ရန်သူတွေက သစ်ခုတ်သမားတွေလို ပုဆိန်ကိုင်ပြီး နောက်ကနေ အုပ်လိုက် ပြေးလာနေပြီ။
၂၃ သူတို့က မထိုးဖောက်နိုင်ဘူးလို့ထင်ရတဲ့ သူ့သစ်တောကို ခုတ်လှဲလိမ့်မယ်။
သူတို့ဟာ ကျိုင်းကောင်တွေထက် များတယ်။ မရေတွက်နိုင်အောင်ပဲ’ လို့ ယေဟောဝါ ပြောတယ်။
၂၄ ‘အီဂျစ်သမီးပျို အရှက်ကွဲသွားလိမ့်မယ်။
မြောက်အရပ်က လူတွေလက်ထဲ ရောက်သွားလိမ့်မယ်။’+
၂၅ “‘နောမြို့*+ မှာရှိတဲ့ အာမုန်ဘုရား၊+ အီဂျစ်ပြည်၊ အီဂျစ်နတ်ဘုရား၊+ ဘုရင်တွေအပါအဝင် ဖာရောနဲ့ သူ့ကိုကိုးစားသူအားလုံးကို+ ငါအရေးယူမယ်’ လို့ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၂၆ “‘အသက်အန္တရာယ်ရှာကြံသူတွေ လက်ထဲ၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနဲ့+ သူ့အမှုထမ်းတွေလက်ထဲ သူတို့ကို ငါအပ်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အီဂျစ်ပြည်မှာ အရင်လိုပဲ လူတွေ ပြန်နေထိုင်ကြလိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။+
၂၇ ‘ငါ့ကျွန်ယာကုပ်၊ မကြောက်နဲ့။
အစ္စရေး၊ မထိတ်လန့်နဲ့။+
မင်းကို ဝေးလံတဲ့နေရာကနေ၊မင်းရဲ့မျိုးနွယ်ကို သုံ့ပန်းဘဝ ရောက်သွားတဲ့ ပြည်ကနေ ငါကယ်တင်မယ်။+
ယာကုပ်ဟာ ပြန်လာပြီး အနှောင့်အယှက်မရှိဘဲ စိတ်အေးလက်အေး နေရလိမ့်မယ်။
ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။+
၂၈ ဒါကြောင့် ငါ့ကျွန်ယာကုပ်၊ မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။
မင်းတို့ တကွဲတပြား ရောက်သွားတဲ့ တိုင်းနိုင်ငံတွေကို အစတုံးဖျက်ဆီးမယ်။+
မင်းတို့ကိုတော့ အစတုံးဖျက်ဆီးမှာ မဟုတ်ဘူး။+
တော်သင့်ရုံပဲ ဆုံးမမယ်။+
အပြစ်မပေးဘဲနဲ့တော့ မနေဘူး။’ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။”