ယေရမိ ၄၉:၁-၃၉

  • အမ္မုန်​နဲ့​ပတ်​သက်​တဲ့ ပရော​ဖက်​ပြု​ချက် (၁-၆)

  • ဧ​ဒုံ​နဲ့​ပတ်​သက်​တဲ့ ပရော​ဖက်​ပြု​ချက် (၇-၂၂)

    • ဧ​ဒုံ​ပြည် မရှိ​တော့ (၁၇၊ ၁၈)

  • ဒ​မတ်​စ​ကတ်​နဲ့​ပတ်​သက်​တဲ့ ပရော​ဖက်​ပြု​ချက် (၂၃-၂၇)

  • ကေ​ဒါ​ပြည်​နဲ့၊ ဟာ​ဇော်​နိုင်​ငံ​နဲ့​ပတ်​သက်​တဲ့ ပရော​ဖက်​ပြု​ချက် (၂၈-၃၃)

  • ဧ​လံ​ပြည်​နဲ့​ပတ်​သက်​တဲ့ ပရော​ဖက်​ပြု​ချက် (၃၄-၃၉)

၄၉  အမ္မုန်​လူမျိုး​နဲ့​ပတ်​သက်​ပြီး+ ယေဟောဝါ ပြော​တယ်– “အစ္စရေး​မှာ သား​တွေ မရှိ​ဘူး​လား။ အမွေ​ဆက်​ခံ​မယ့်​သူ မရှိ​ဘူး​လား။ မာ​လ​ကုံ​က+ ဂဒ်​နယ်​မြေကို+ ဘာ​လို့ သိမ်း​ပိုက်​ထား​တာ​လဲ။ သူ့​လူ​တွေ​က အစ္စရေးရဲ့​မြို့​တွေ​မှာ ဘာ​လို့ နေ​ထိုင်​နေ​တာ​လဲ။”  ၂  “ငါ​ယေဟောဝါ ပြော​မယ်– ‘ဒါ​ကြောင့် အမ္မုန်​လူ​တွေရဲ့ ရ​ဗာ​မြို့​ကို+ စစ်​တိုက်​ဖို့ အချက်​ပေး​သံ* ထွက်​ပေါ်​စေ​မယ့်​နေ့​တွေ ရောက်​တော့​မယ်။+ အဲဒီ​မြို့​ဟာ လူ​သူ​ကင်း​မဲ့​ရာ​ကုန်း ဖြစ်​သွား​လိမ့်​မယ်။ မြို့​ငယ်​တွေ မီး​ရှို့​ခံ​ရ​လိမ့်​မယ်။’ ‘အစ္စရေး​က သူ့​ကို​သိမ်း​ပိုက်​ခဲ့​သူ​တွေ​ကို ပြန်​သိမ်း​ပိုက်​လိမ့်​မယ်’+ လို့ ယေဟောဝါ ပြော​တယ်။  ၃  ‘အို ဟေ​ရှ​ဘုန်​မြို့၊ အာ​အိ​မြို့ ပျက်​စီး​သွား​လို့ ငို​ကြွေး​မြည်​တမ်း​ပါ။ အို ရ​ဗာ​မြို့​ငယ်​တို့၊ အော်​ဟစ်​ကြ။ အထည်​ကြမ်း ဝတ်​ကြ။ ငို​ကြွေး​မြည်​တမ်း​ကြ။ ကျောက်​နံ​ရံ​ကာ သိုး​ခြံ​တွေ​ကြားမှာ လှည့်​လည်​သွား​လာ​ကြ​ပါ။ မာ​လ​ကုံ​ဟာ ပု​ရော​ဟိတ်​တွေ၊ အမှု​ထမ်း​တွေ​နဲ့​အတူ ပြည်​နှင်​ဒဏ်​ခံ​ရ​တော့​မယ်။+  ၄  အို သစ္စာ​မဲ့​တဲ့ သမီး​ပျို၊မင်း​က အဖိုး​တန်​ရ​တ​နာ​တွေ​ကို ကိုး​စား​ပြီး“ငါ့​ကို ဘယ်​သူ လာ​တိုက်​မှာ​မို့လို့​လဲ” လို့​ပြော​နေ​တယ်။ ချိုင့်​ဝှမ်း​လွင်​ပြင်​တွေ၊ ရေ​စီး​ဆင်း​နေ​တဲ့ ချိုင့်​ဝှမ်း​လွင်​ပြင်​အကြောင်း ဘာ​လို့ ကြွား​နေ​တာ​လဲ။’”  ၅  “‘ပတ်​ဝန်း​ကျင်​လူ​တွေ​ဆီ​က​နေ ကြောက်​စ​ရာ​ကောင်း​တဲ့​အရာ​ကို မင်း​ဆီ ငါ​ခေါ်​လာ​မယ်။ မင်း​ဟာ အရပ်ရပ်​ကို ကွဲ​လွင့်​သွား​မယ်။ ထွက်​ပြေး​သူ​တွေ​ကို ပြန်​စု​သိမ်း​မယ့်​သူ မရှိ​ရ​ဘူး။’ ဒါ​ဟာ အချုပ်​အခြာ​အာ​ဏာ​ပိုင်ရှင်၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။”  ၆  “‘နောက်​ပိုင်း​မှာ အမ္မုန်​လူမျိုး​သုံ့​ပန်း​တွေ​ကို ငါ​ပြန်​စု​သိမ်း​မယ်’ လို့ ယေဟောဝါ ပြော​တယ်။” ၇  ဧ​ဒုံ​နဲ့​ပတ်​သက်​ပြီး ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က– “တေ​မန်​မြို့​မှာ ဉာဏ်​ပညာ ကုန်​ခန်း​သွား​ပြီလား။+ သိ​နား​လည်​နိုင်​စွမ်း​ရှိ​သူ​တွေ​မှာ အကြံ​ဉာဏ်​ကောင်း​တွေ မရှိ​တော့​ဘူး​လား။ သူတို့​ရဲ့​ဉာဏ်​ပညာ ပုပ်​သိုး​သွား​ပြီလား။  ၈  အို ဒေ​ဒန်​ပြည်​သား​တို့၊+ ဆုတ်​ခွာ​ပြေး​ကြ။ လျှို​မြောင်​တွေ​ထဲ ဆင်း​သွား​ပြီး နေ​ထိုင်​ကြ။ ဧ​သော​ကို အရေး​ယူ​မယ့်​အချိန် ရောက်​လာ​တဲ့​အခါ သူ့​အပေါ် ငါ ဘေး​ဆိုး​ကျ​ရောက်​စေ​မယ်။  ၉  စ​ပျစ်​သီး​ဆွတ်​ခူး​သူ​တွေ မင်း​ဆီ​လာ​ပြီး ဆွတ်​ခူး​တဲ့​အခါကောက်​သင်း​ကောက်​စ​ရာ ချန်​ခဲ့​မယ် မဟုတ်​လား။ သူ​ခိုး​တွေ ည​အချိန် ဝင်​ခိုး​တဲ့​အခါသူတို့ လို​ချင်​တာ​ကို​ပဲ ခိုး​မယ် မဟုတ်​လား။+ ၁၀  ငါ​က​တော့ ဧ​သော​ကို ပြောင်​တ​လင်း​ခါ​အောင် လုပ်​ပစ်​မယ်။ သူ ပုန်း​လို့​မရ​တော့​အောင်ပုန်း​ခို​ရာတွေ​ကို လှန်​ပစ်​မယ်။ သူ့​သား​သမီး​တွေ၊ ညီ​အစ်​ကို​တွေ၊ အိမ်​နီး​ချင်း​တွေ ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်။+ သူ​လည်း ရှိ​တော့​မှာ မဟုတ်​ဘူး။+ ၁၁  မင်း​ရဲ့ ဖတ​ဆိုး​လေး​တွေ​ကို ထား​ရစ်ခဲ့​ပါ။ သူတို့​ကို ငါ​အသက်​ဆက်​ရှင်​စေ​မယ်။ မု​ဆိုး​မတွေ​လည်း ငါ့​ကို အား​ကိုး​လာ​ကြ​လိမ့်​မယ်။” ၁၂  “ဒေါသ​ခွက်​ကို မသောက်​ထိုက်​သူ​တွေ​တောင် သောက်​ရ​တယ်​ဆို​ရင် မင်း​လည်း ပြစ်​ဒဏ်​မခံ​ရ​ဘဲ နေ​ပါ့​မလား။ ပြစ်​ဒဏ်​မခံ​ရ​ဘဲ မနေ​ဘူး။ ဒေါသ​ခွက်​ကို သောက်​ရ​လိမ့်​မယ်။”+ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၁၃  “ဗော​ဇ​ရ​မြို့​ဟာ ကြောက်​လန့်​စ​ရာ၊+ ကဲ့​ရဲ့​ရှုတ်​ချ​စ​ရာ၊ ပျက်​စီး​နေ​တဲ့​နေ​ရာ၊ ကျိန်​ဆဲ​စ​ရာ ဖြစ်​သွား​မယ်။ သူ့​ရဲ့​မြို့​တွေ​ဟာ ထာ​ဝ​ရ ဆိတ်​သုဉ်း​သွား​မယ်​လို့ ငါ့​ကိုယ်​ငါ တိုင်​တည်​ကျိန်​ဆို​တယ်။”+ ဒါဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၁၄  ယေဟောဝါ​ဆီ​က​နေ သတင်း​တစ်ခု​ ကျွန်​တော်​ကြား​တယ်။ လူမျိုး​တွေ​ဆီ သံ​တ​မန် စေ​လွှတ်​ပြီး“သူ့​ကို တိုက်​ခိုက်​ဖို့ စု​ရုံး​ကြ။ စစ်​ပွဲ​အတွက် အသင့်​ပြင်​ကြ” လို့​ပြော​တယ်။+ ၁၅  “ငါ​က မင်း​ကို လူမျိုး​တွေ​အလယ်​မှာ အရေး​မပါ​သူ ဖြစ်​စေ​တယ်။ လူ​တွေ​အလယ်​မှာ အထင်​သေး​စရာ ဖြစ်​စေ​တယ်။+ ၁၆  ကျောက်​ဆောင်​တွေ​မှာ​ ခို​အောင်း​သူ၊အမြင့်​ဆုံး​တောင်​ကုန်း​ပေါ် နေ​ထိုင်​သူ၊မင်း​ကြောင့် ဖြစ်​ပေါ်​တဲ့ လူ​တွေရဲ့​ကြောက်​စိတ်​က၊မင်း​ရဲ့​မာ​န​က မင်း​ကို လှည့်​စား​နေ​ပြီ။ လင်း​ယုန်​လို အမြင့်​မှာ အသိုက်​ဆောက်​လည်း​ပဲ မင်း​ကို ငါ​ဆွဲ​ချ​မယ်။” ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၁၇  “ဧ​ဒုံ​ဟာ ကြောက်​လန့်​စ​ရာ ဖြစ်​သွား​မယ်။+ ဖြတ်​သန်း​သွား​လာ​သူ​တိုင်း​က သူ​ခံ​ရ​တဲ့​ကပ်​ဘေး​ကြောင့် ကြောက်​အား​လန့်​အား ကြည့်​ပြီး လှောင်​ပြောင်​ကြ​လိမ့်​မယ်။* ၁၈  သော​ဒုံ၊ ဂေါ​မော​ရ​နဲ့ အိမ်​နီး​ချင်း​မြို့​တွေ ဖျက်​ဆီး​ခံ​လိုက်​ရ​သလို ဧ​ဒုံ​ပြည်​လည်း ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်။+ လူ​တစ်​ယောက်​မှ ကျန်​မှာ မဟုတ်​ဘူး။ အခြေ​ချ​နေ​ထိုင်​သူ ရှိ​တော့​မှာ မဟုတ်​ဘူး။”+ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၁၉  “ဂျော်​ဒန်​မြစ်​တစ်​လျှောက် ချုံ​နွယ်​ပိတ်​ပေါင်း​တွေ​ထဲ​က​နေ ခြင်္သေ့​တစ်​ကောင် တက်​လာ​သလို ဧ​ဒုံ​ပြည်​ရဲ့ လုံ​ခြုံ​တဲ့​စား​ကျက်​တွေ​ကို တိုက်​ခိုက်​ဖို့ လူ​တစ်​ယောက် တက်​လာ​မယ်။+ ဧ​ဒုံ​ပြည်​သား​တွေ​ကို တစ်​ခ​ဏ​အတွင်း​မှာ ဧ​ဒုံ​ပြည်​က​နေ ငါ​ထွက်​ပြေး​စေ​မယ်။ ရွေး​ချယ်​ထား​သူ​ကို ဧ​ဒုံ​ပြည်​အပေါ် ခန့်​အပ်​မယ်။ ငါ့​ကို ဘယ်​သူ ယှဉ်​ရဲ​သလဲ။ ဘယ်​သူ စိန်ခေါ်​ ရဲ​သလဲ။ ငါ့​ရှေ့​မှာ ဘယ်​သိုးထိန်း ရပ်​တည်​နိုင်​လို့​လဲ။+ ၂၀  ဒါ​ကြောင့် ဧဒုံ​ကို​တိုက်​မယ့် ယေဟောဝါ​ရဲ့ ဆုံး​ဖြတ်​ချက်၊ တေ​မန်​ပြည်​သား​တွေ​ကို တိုက်​မယ့် ငါ့​အကြံ​အစည်​တွေ​ကို နား​ထောင်​ကြ–+ သိုး​လေး​တွေ​ကို တ​ရွတ်​တိုက် ဆွဲ​သွား​ကြ​လိမ့်​မယ်။ အဲဒီ​ပြည်​သား​တွေ​ကြောင့် သိုး​လေး​တွေရဲ့​နား​ခို​ရာ​ကို လူ​သူ​ကင်း​မဲ့​စေ​မယ်။+ ၂၁  သူတို့​ရဲ့​ပြို​လဲ​သံ​ကြောင့် မြေကြီး တုန်​ခါ​သွား​မယ်။ အော်​ဟစ်​သံ ကြား​နေ​ရ​တယ်။ ပင်လယ်​နီ​က​နေ​တောင် ကြား​နေ​ရ​တယ်။+ ၂၂  သား​ကောင်​ကို ထိုး​သုတ်​တဲ့ လင်းယုန်​လို+ အတောင်​ဖြန့်​ပြီး ဗော​ဇ​ရ​မြို့​ကို ရန်​သူ ထိုး​သုတ်​လိမ့်​မယ်။+ အဲဒီ​နေ့​ရောက်ရင် ဧ​ဒုံ​စစ်​သူ​ရဲတွေ​ဟာသား​ဖွား​နေ​တဲ့​ မိန်း​မလို ကြောက်​လန့်​နေ​ကြ​လိမ့်​မယ်။” ၂၃  ဒ​မတ်​စ​ကတ်​နဲ့​ပတ်​သက်​တဲ့ သတင်း​စကား–+ “ဟာ​မတ်​နဲ့+ အာ​ပဒ်​မြို့​ဟာ သတင်း​ဆိုး​ကြား​ရလို့ အရှက်​ကွဲ​နေ​ပြီ။ ကြောက်​စိတ် ဝင်​နေ​ပြီ။ ပင်လယ်​မှာ လှိုင်း​လေ​ထန်​ပြီးမငြိမ်သက်​နိုင်​ဘူး။ ၂၄  ဒ​မတ်​စ​ကတ်​မြို့​ဟာ သတ္တိ​ပျောက်​ကုန်​ပြီ။ ဆုတ်​ပြေး​သွား​ပြီ။ ထိတ်​ထိတ်​ပျာ​ပျာ ဖြစ်​နေ​ပြီ။ သား​ဖွား​နေ​တဲ့ မိန်း​မလို ဒုက္ခ​ဝေ​ဒ​နာ ခံစား​နေ​ရ​ပြီ။ ၂၅  ချီး​မွမ်း​ခံ​ရ​တဲ့​မြို့၊ ရွှင်​လန်း​နေ​တဲ့​မြို့ ဘယ့်​နှယ် စွန့်​ပစ်​မခံ​ရ​သေး​တာ​လဲ။ ၂၆  လူ​ထု​ရင်​ပြင်​တွေ​မှာ လူငယ်​တွေ သေဆုံး​သွား​လိမ့်​မယ်။ အဲဒီ​နေ့​မှာ စစ်​သည်​တွေ ကျ​ဆုံး​သွား​မယ်။” ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တဲ့​စကား​ပဲ။ ၂၇  “ဒ​မတ်​စ​ကတ်​မြို့​ရိုး​ကို ငါ​မီး​ရှို့​မယ်။ ဗင်​ဟာ​ဒ​ဒ်​မြို့ ခံ​တပ်​မျှော်​စင်​တွေ မီး​လောင်​သွား​မယ်။”+ ၂၈  ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခ​ဒ်​နေ​ဇာ ဖျက်​ဆီး​လိုက်​တဲ့ ကေ​ဒါ​ပြည်​နဲ့+ ဟာဇော်​နိုင်​ငံ​တွေ​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ ပြော​တာ​က– “ကေ​ဒါ​ပြည်​ကို တက်​သွား​ကြ။ အရှေ့​ပြည်​သား​တွေ​ကို ဖျက်​ဆီး​ကြ။ ၂၉  သူတို့​ရဲ့​တဲ​တွေ၊ သိုး​အုပ်​တွေ၊ ရွက်ထည်​တွေ၊ ကုန်​စည်​တွေ သိမ်း​သွား​ခံ​ရ​လိမ့်​မယ်။ ကု​လား​အုတ်​တွေ​လည်း သိမ်း​သွား​ခံ​ရ​လိမ့်​မယ်။ ‘နေ​ရာ​တ​ကာ​မှာ ကြောက်​စရာ​တွေ​ချည်း​ပဲ’ လို့ လူ​တွေ အော်​ပြော​ကြ​လိမ့်​မယ်။” ၃၀  “ဟာ​ဇော်​မြို့​သား​တို့၊ အဝေး​ကို ထွက်​ပြေး​ကြ။ လျှို​မြောင်​တွေ​ထဲ ဆင်း​သွား​ပြီး နေ​ထိုင်​ကြ။ ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခ​ဒ်​နေ​ဇာ​က​ မင်း​တို့​ကို​တိုက်​ဖို့ ဗျူ​ဟာ​ဆင်ထား​တယ်။ မင်း​တို့​ကို တိုက်​ဖို့ အစီ​အစဉ်​ဆွဲ​ထား​တယ်။” ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၃၁  ယေဟောဝါ ပြော​မယ်– “ဘေး​ကင်း​လုံ​ခြုံ​စွာ နေ​ထိုင်​ပြီး ငြိမ်သက်​အေး​ချမ်း​နေ​တဲ့ လူမျိုး​ကို တိုက်​ဖို့ အခု တက်​သွား​ကြ​ပါ။ သူတို့​ဆီ​မှာ မြို့​တံခါး​တွေ၊​ ကန့်လန့်​ကျင်​တွေ မရှိ​ဘူး။ တစ်သီး​ပု​ဂ္ဂ​လ နေ​ထိုင်​ကြ​တယ်။ ၃၂  သူတို့​ရဲ့​ကု​လား​အုတ်​တွေ လု​ယက်​ခံ​ရ​လိမ့်​မယ်။ တိ​ရစ္ဆာန်​အမြောက်​အမြား တိုက်​ရာ​ပါ​ဥစ္စာတွေ ဖြစ်​သွား​မယ်။ နား​သယ်​မွေး​ရိတ်​ထား​သူ​တွေ​ကို+အရပ်ရပ်​ဆီ ငါ​ကွဲ​လွင့်​စေ​မယ်။ အရပ်ရပ်​က​နေ ဘေး​ဒုက္ခ​ကို သူတို့​ဆီ ယူ​ဆောင်​လာ​မယ်။” ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၃၃  “ဟာ​ဇော်​မြို့​ဟာ ခွေး​အတွေ ခို​အောင်း​တဲ့​တွင်း ဖြစ်​သွား​မယ်။ ထာ​ဝ​ရ ဆိတ်​သုဉ်း​သွား​မယ်။ အဲဒီ​မှာ လူ​တစ်​ယောက်​မှ ရှိ​မှာ မဟုတ်​ဘူး။ အခြေ​ချ​နေ​ထိုင်​သူ ရှိ​တော့​မှာ မဟုတ်​ဘူး။” ၃၄  ယုဒ​ဘု​ရင်ဇေ​ဒ​ကိ နန်း​တက်​စ​မှာ+ ယေဟောဝါ​က ဧ​လံ​ပြည်​နဲ့​ပတ်​သက်​ပြီး+ ပရော​ဖက်​ယေ​ရ​မိ​ကို ပြော​တယ်– ၃၅  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က– ‘ဧ​လံ​ပြည်​ရဲ့​လေး၊ အစွမ်း​ခွန်​အား​ရဲ့ အထွတ်​ကို ငါ​ချိုး​ပစ်​မယ်။+ ၃၆  မိုး​ကောင်း​ကင် အရပ်​လေး​မျက်​နှာ​က​နေ လေ ၄ မျိုး​ကို ဧလံ​ပြည်​အပေါ် တိုက်​ခတ်​စေ​မယ်။ ဧ​လံ​အမျိုး​တွေ​ကို တ​ကွဲ​တ​ပြား ဖြစ်​စေ​မယ်။ သူတို့ မရောက်​တဲ့ တိုင်း​နိုင်​ငံ​ဆို​တာ မရှိ​စေ​ရ​ဘူး။’” ၃၇  “ဧ​လံ​လူမျိုး​ကို ရန်​သူ​တွေ၊ အသက်​အန္တရာယ်​ပေး​ချင်​သူ​တွေ ရှေ့​မှာ တုန်​လှုပ်​စေ​မယ်။ ငါ့​ဒေါသ​မီး​ဖြစ်​တဲ့ ဘေး​ဆိုး​ကို သူတို့​အပေါ် ကျ​ရောက်​စေ​မယ်။ ဓား​ကို စေ​လွှတ်​ပြီး သူတို့​ကို ချေ​မှုန်း​မယ်။” ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၃၈  “ငါ့​ရဲ့ရာ​ဇ​ပလ္လင်​ကို ဧ​လံ​ပြည်​မှာ တည်​မယ်။+ ဘု​ရင်​နဲ့ မင်း​ညီ​မင်း​သား​တွေ​ကို ဖျက်​ဆီး​မယ်။” ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၃၉  “ဒါ​ပေမဲ့ အဆုံး​ပိုင်း​ကာလ​မှာ ဧလံ​ရဲ့​သုံ့​ပန်း​တွေ​ကို ငါ​ပြန်​စု​သိမ်း​မယ်။” ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။

အောက်ခြေမှတ်ချက်များ

“စစ်​ငြာ​သံ” လည်း​ဖြစ်​နိုင်။
မူ​ရင်း၊ “လေ​ချွန်​ကြ​လိမ့်​မယ်။”