ယေရမိ ၅:၁-၃၁

  • ယေဟောဝါ​ဆုံးမ​တာ​ကို လက်မခံ​​ကြ (၁-၁၃)

  • ဖျက်​ဆီး​ခံ​ရ၊ အကုန်​အစင်​တော့ မဟုတ် (၁၄-၁၉)

  • ယေဟောဝါ ဖြေရှင်း​ချက်​တောင်း (၂၀-၃၁)

 ဂျေရု​ဆ​လင်​ရဲ့ လမ်း​တွေ​မှာ လှည့်​လည်​သွား​လာ​ပါ။ ပတ်​လည်​ကို သတိ​ထား​ကြည့်​ပါ။ လူ​ထု​ရင်​ပြင်​တွေ​မှာ ရှာ​ကြည့်​ပါ။ တ​ရား​မျှ​တ​စွာ ကျင့်​တဲ့​သူ၊+သစ္စာ​ရှိ​ဖို့​ကြိုး​စား​တဲ့​သူ တစ်​ယောက်​တ​လေ​များ တွေ့​မလား။ တွေ့​ခဲ့ရင် ဂျေရု​ဆ​လင်​ကို ငါ​ခွင့်​လွှတ်​မယ်။  ၂  သူတို့​က “အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တည်​တိုင်​ပြီး ပြော​မယ်” လို့​တော့ သစ္စာ​ဆို​ကြ​ပါ​ရဲ့။ ဒါ​ပေမဲ့ မဟုတ်​မမှန်​တာ​တွေ​ပဲ ကျိန်​ဆို​ကြ​တယ်။+  ၃  အို ယေဟောဝါ၊ ကိုယ်​တော်​က သစ္စာ​ရှိ​သူ​တွေ​ကို လိုက်​ရှာ​နေ​တယ် မဟုတ်​လား။+ ကိုယ်​တော်​ဒဏ်​ခတ်​ပေမဲ့ သူတို့​အတွက် ဘာ​မှ​အရာ​မထင်​ဘူး။ ကိုယ်​တော်​ဖျက်​ဆီး​ပေမဲ့ သူတို့​က ဆုံးမ​တာ​ကို လက်မခံ​​ဘူး။+ မျက်​နှာ​ထား​ကို ကျောက်​သား​ထက် မာ​ကျော​အောင်​လုပ်​ပြီး+ ပြန်​လှည့်​လာ​ဖို့ ငြင်း​ဆန်​ကြ​တယ်။+  ၄  ငါ​က “သူတို့​ဟာ တ​ကယ်​နိမ့်​ကျ​သူ​တွေ​ပဲ။ မိုက်​မဲ​လိုက်​ကြ​တာ။ သူတို့​က ယေဟောဝါ​ရဲ့​လမ်း​စဉ်​ကို၊ ဘု​ရား​သခင်​ရဲ့ တ​ရား​စီ​ရင်​ချက်​ကို မသိ​ကြ​ဘူး။  ၅  အရေး​ပါ​တဲ့​လူ​တွေ​ဆီ ငါ​သွား​ပြီး စကား​ပြော​မယ်။ ယေဟောဝါ​ရဲ့​လမ်း​စဉ်​ကို၊ဘု​ရား​သခင်​ရဲ့ တ​ရား​စီ​ရင်​ချက်​ကို+ သိ​တဲ့​သူ​တွေ​ပဲ။ ဒါ​ပေမဲ့ သူတို့​က ထမ်း​ပိုး​ကို​ချိုး​ပစ်​ကြ​တယ်။ အချုပ်​အနှောင်​တွေ​ကို ဖြတ်​ပစ်​ကြ​တယ်” လို့​တွေး​မိ​တယ်။  ၆  ဒါ​ကြောင့် တော​ထဲ​က​ခြင်္သေ့​က သူတို့​ကို ကိုက်​သတ်​တယ်။ ကန္တာရ​လွင်​ပြင်​တွေ​ထဲ​က ဝံ​ပု​လွေ​က သူတို့​ကို ကိုက်​ဖြတ်​တယ်။ ကျား​သစ်​က သူတို့​ရဲ့​မြို့​တွေ​ကို စောင့်​ကြည့်​ပြီး မြို့​ထဲ​က ထွက်​လာ​သူ​တိုင်း​ကို အပိုင်း​ပိုင်း​ဆွဲ​ဖြတ်​တယ်။ သူတို့​ရဲ့ ပြစ်​မှား​မှု​တွေ၊သစ္စာ​မဲ့​လုပ်​ရပ်တွေ များ​လွန်း​တာကိုး။+  ၇  ဒီ​အတွက် မင်း​ကို ငါ​ဘယ်​လို​လုပ် ခွင့်​လွှတ်​နိုင်​မှာ​လဲ။ မင်း​ရဲ့​သား​တွေ ငါ့​ကို​စွန့်​ပစ်​ကြ​ပြီ။ ဘု​ရား မဟုတ်​တဲ့​အရာ​ကို တိုင်​တည်​ပြီး ကျိန်​ဆို​နေ​ကြ​ပြီ။+ လို​အပ်​တာ​ကို ငါ​ဖြည့်​ဆည်း​ပေး​ခဲ့​ပေမဲ့ သူတို့​က အကြိမ်​ကြိမ် ဖောက်​ပြန်​ကြ​တယ်။ ပြည့်​တန်​ဆာ​အိမ်​ကို အုပ်​စု​လိုက်​သွား​ကြ​တယ်။  ၈  တ​ဏှာ​ကြီး​တဲ့ မြင်း​တွေ​လို သူ​တစ်ပါး​ရဲ့ ဇနီး​ကို ဟီ​သံ​ပေး​နေ​တယ်။+  ၉  “ဒီ​အရာတွေ​အတွက် သူတို့​ကို​ ငါဖြေရှင်း​ချက်​တောင်း​သင့်​တယ် မဟုတ်​လား။ ဒီ​လို​လူမျိုး​ကို ငါ​ကိုယ်​တိုင် လက်​စား​ချေ​သင့်​တယ် မဟုတ်​လား” လို့​ယေဟောဝါ​ပြော​တယ်။+ ၁၀  “သူ့​ရဲ့ လှေ​ကား​ထစ်​စိုက်​ခင်း​တွေ​ဆီ တက်​သွား​ပြီး စ​ပျစ်​ပင်​တွေ​ကို ဖျက်​ဆီး​လိုက်။ အကုန်​လုံး​တော့ မဖျက်​ဆီး​နဲ့။+ ဝေ​ဆာ​နေ​တဲ့​အနွယ်​တွေ​ကို ဖယ်ရှား​ပစ်​ကြ။ ဒါ​တွေ​ဟာ ယေဟောဝါ​နဲ့​မဆိုင်​ဘူး။ ၁၁  အစ္စရေး​အမျိုး​နဲ့ ယုဒ​အမျိုး​က ငါ့​ကို လုံး​ဝ​သစ္စာ​ဖောက်​ကြ​ပြီ” လို့​ယေဟောဝါ​ပြော​တယ်။+ ၁၂  “သူတို့​က ယေဟောဝါ​ကို ငြင်းပယ်​တယ်။ ‘ဘု​ရား ဘာ​မှ​လုပ်​မှာ မဟုတ်​ဘူး။*+ ငါ​တို့​အပေါ် ဘေး​ဆိုး​ကျ​ရောက်​မှာ မဟုတ်​ဘူး။ ဓား​ဘေး၊ အငတ်​ဘေး​ကြုံ​ရ​မှာ မဟုတ်​ဘူး’ လို့ ပြော​နေ​ကြ​တယ်။+ ၁၃  ပရော​ဖက်​တွေ​ပြော​သမျှ အချည်း​နှီး​ပဲ။ သူတို့​ဆီ​မှာ ဘု​ရားရဲ့​နှုတ်​ထွက်​စကား မရှိ​ဘူး။ သူတို့​ပြော​တဲ့​အတိုင်း သူတို့​ကြုံ​ရ​ပါ​စေ။” ၁၄  ဒါ​ကြောင့် ဗိုလ်​ခြေ​တို့​ရဲ့​ဘု​ရား ယေဟောဝါ​က– “သူတို့ အဲဒီ​လို​ပြော​တဲ့​အတွက် ငါ့​နှုတ်​ထွက်​စကား​တွေ​ကို မင်း​ရဲ့​နှုတ်​မှာ မီး​လို​ဖြစ်​စေ​မယ်။+ ထင်း​တွေ​ဖြစ်​တဲ့ ဒီ​လူမျိုး​ကို လောင်​ကျွမ်း​လိမ့်​မယ်” လို့​ပြော​တယ်။+ ၁၅  ယေဟောဝါ ပြော​တာ​က– “အစ္စရေးအမျိုး၊ လူမျိုး​တစ်​မျိုး​ကို အဝေး​က​နေ မင်း​ဆီ ငါ​ခေါ်​လာ​မယ်။+ သူတို့​ဟာ ခေတ်​အဆက်​ဆက် တည်​ရှိ​ခဲ့​တဲ့​လူမျိုး၊ဟိုး​အရင်​က​တည်း​က ရှိ​ခဲ့​တဲ့​လူမျိုး​ပဲ။ သူတို့​ဘာ​သာ​စကား​ကို မင်း မသိ​ဘူး။ သူတို့​ပြော​တာ​ကို​လည်း နားမ​လည်​ဘူး။+ ၁၆  သူတို့​ရဲ့ မြား​ကျည်​တောက်​ဟာ ပွင့်​နေ​တဲ့ သင်္ချိုင်း​ဂူ​နဲ့ တူ​တယ်။ သူတို့​အားလုံး စစ်​သည်​တွေ​ပဲ။ ၁၇  မင်း ရိတ်​သိမ်း​ထား​တာ​တွေ၊ မင်း​ရဲ့​အစာ​တွေ​ကို သူတို့​စား​ပစ်​လိမ့်​မယ်။+ မင်း​ရဲ့​သား​သမီး​တွေ​ကို ဝါး​မျို​ပစ်​လိမ့်​မယ်။ မင်း​ရဲ့​သိုး​အုပ်၊ တိ​ရစ္ဆာန်​အုပ်​တွေ၊စ​ပျစ်​ပင်၊ သဖန်း​ပင်​တွေ​ကို စား​ပစ်​လိမ့်​မယ်။ မင်း အား​ကိုး​တဲ့ ခံ​တပ်​မြို့​တွေ​ကို ဓား​နဲ့​ဖျက်​ဆီး​လိမ့်​မယ်။” ၁၈  ယေဟောဝါ​က “အဲဒီ​နေ့​ရောက်ရင်​တောင် မင်း​တို့​ကို ငါ အကုန်​အစင်​တော့ မဖျက်​ဆီး​ဘူး။+ ၁၉  ‘ငါ​တို့​ရဲ့​ဘု​ရား ယေဟောဝါ​က ဒါ​တွေ​ကို ဘာ​လို့​ကြုံ​စေ​တာ​လဲ’ လို့ သူတို့​မေး​တဲ့​အခါ ‘မင်း​တို့​က ငါ့​ကို​စွန့်​ပစ်​ပြီး ကိုယ့်​တိုင်း​ပြည်​မှာ လူမျိုး​ခြား​ဘု​ရား​ကို အစေ​ခံ​ကြ​သလို တိုင်း​တစ်ပါး​မှာ လူမျိုး​ခြား​တွေ​ဆီ အစေ​ခံ​ရ​လိမ့်​မယ်’ လို့​ဖြေပါ”+ ဆို​ပြီး ပြော​တယ်။ ၂၀  ယာကုပ်​အမျိုး​ကို ကြေ​ညာ​ပါ။ ယုဒ​ပြည်​မှာ ကြွေး​ကြော်​ပါ– ၂၁  “မိုက်​မဲ​ပြီး အသိ​တ​ရား မရှိ​သူတို့၊+မျက်​စိ​ရှိ​လျက်​နဲ့ မမြင်​သူတို့၊+နား​ရှိ​လျက်​နဲ့ မကြား​သူတို့၊+ နားထောင်​ကြ။ ၂၂  ယေဟောဝါ​က ‘မင်း​တို့ ငါ့​ကို မကြောက်​ကြ​ဘူး​လား။ ငါ့​ရှေ့​မှာ မတုန်​လှုပ်​ကြ​ဘူး​လား။ သဲ​သောင်​ကို ပင်လယ်​ရဲ့ နယ်​နိ​မိတ်​အဖြစ် သတ်​မှတ်​တာ၊ပင်လယ်​ရေတွေ မကျော်​ဖြတ်​နိုင်​တဲ့ ထာ​ဝ​ရ​စည်း​မျဉ်း​ကို ချ​မှတ်​တာ ငါ​ပဲ။ လှိုင်း​တွေ​က တ​ဝုန်း​ဝုန်း​ရိုက်​ခတ်​ပေမဲ့ မလွှမ်း​မိုး​နိုင်​ဘူး။ တ​ဟုန်း​ဟုန်း​မြည်​ပေမဲ့ နယ်​နိ​မိတ်​ကို မကျော်​နိုင်​ဘူး။+ ၂၃  ဒါ​ပေမဲ့ ဒီ​လူ​တွေ​က ခေါင်း​မာ​ပြီး ပုန်ကန်​ချင်​ကြ​တယ်။ လမ်း​လွဲ​သွား​ပြီး ကိုယ့်​လမ်း​ကိုယ် လျှောက်​ကြ​တယ်။+ ၂၄  “ဆောင်း​ဦး​မိုး​နဲ့ နွေဦး​မိုး​ကို ရာ​သီ​အလိုက် ရွာ​သွန်း​စေ​တဲ့​အရှင်၊ရိတ်​သိမ်း​ရ​မယ့် သီ​တင်း​ပတ်​တွေ​ကို သတ်​မှတ်​တဲ့​အရှင်+ ငါ​တို့​ရဲ့​ဘု​ရား ယေဟောဝါ​ကို အခု ကြောက်​ရွံ့​ရို​သေကြ​စို့” ဆို​ပြီး စိတ်​ထဲ မတွေး​ကြ​ဘူး။ ၂၅  မင်း​တို့​ရဲ့​အမှား​ကြောင့် အဲ​ဒါ​တွေ ရောက်​မလာ​တာ။ မင်း​တို့​ရဲ့​အပြစ်​ကြောင့် ကောင်း​ချီး​မင်္ဂလာတွေ မခံစား​ရ​တာ။+ ၂၆  ငါ့​လူ​တွေ​ထဲ​မှာ ဆိုး​သွမ်း​သူ​တွေ​ရှိ​တယ်။ ဝပ်​နေ​တဲ့ ငှက်​ဖမ်း​သမား​လို သူတို့​ချောင်း​နေ​တယ်။ သေစေ​နိုင်​တဲ့ ထောင်​ချောက်​ကို ဆင်​ပြီး လူ​တွေ​ကို ဖမ်း​ကြ​တယ်။ ၂၇  လှောင်​အိမ်​မှာ ငှက်​တွေ ပြည့်​နေ​သလို သူတို့​အိမ်​မှာ လှည့်​စား​မှု​တွေ ပြည့်​နေ​တယ်။+ ဒါ​ကြောင့် သူတို့ တန်ခိုး​ထွား​ပြီး ချမ်း​သာ​နေ​တာ။ ၂၈  စို​ပြည်​ဝ​ဖြိုး​နေ​တယ်။ သူတို့​ရဲ့​မကောင်း​မှု​ဟာ အတော​မသတ်​နိုင်​အောင်​ပဲ။ ဖတ​ဆိုး​လေး​ရဲ့​အမှု​ကို လျှောက်​လဲ​ပေး​မယ့်​အစား+ ကိုယ်​အောင်​မြင်​ဖို့​ပဲ လုပ်​ကြ​တယ်။ ဆင်း​ရဲ​သား​တွေ​ကို တ​ရား​မျှ​တ​စွာ မစီ​ရင်​ပေး​ဘူး။’”+ ၂၉  ယေဟောဝါ​က “ဒီ​အရာတွေ​အတွက် သူတို့​ကို ငါ​ဖြေရှင်း​ချက်​တောင်း​သင့်​တယ် မဟုတ်​လား။ ဒီ​လို​လူမျိုး​ကို ငါ​ကိုယ်​တိုင် လက်​စား​ချေ​သင့်​တယ် မဟုတ်​လား။ ၃၀  တိုင်း​ပြည်​မှာ​ဖြစ်​နေ​တဲ့ ဆိုး​ရွား​ထိတ်​လန့်​စ​ရာ​က​တော့– ၃၁  ပရော​ဖက်​တွေ လိမ်​ညာ​ပြီး ပရော​ဖက်​ပြု​နေ​တယ်။+ ပု​ရော​ဟိတ်​တွေ အာ​ဏာ​ပြပြီး ကြီး​စိုး​နေ​တယ်။ ငါ့​လူ​တွေ​က အဲ​ဒါ​ကို​မှ နှစ်​သက်​နေ​တယ်။+ ဒါ​ပေမဲ့ အဆုံး​ရောက်​လာ​တဲ့​အခါ မင်း​တို့ ဘယ့်​နှယ်​လုပ်​ကြ​မလဲ။”

အောက်ခြေမှတ်ချက်များ

“ဘု​ရား မရှိ​ပါ​ဘူး” လည်း​ဖြစ်​နိုင်။