ယေရမိ ၅၂:၁-၃၄

  • ဗာ​ဗု​လုန်​ဘု​ရင်​ကို ဇေ​ဒ​ကိ ပုန်​ကန် (၁-၃)

  • ဂျေရု​ဆ​လင်​ကို နေ​ဗု​ခ​ဒ်​နေ​ဇာ ဝိုင်း (၄-၁၁)

  • မြို့​နဲ့ ဗိမာန်​တော်​ကို ဖျက်​ဆီး (၁၂-၂၃)

  • ဗာ​ဗု​လုန်​ဆီ သုံ့​ပန်း​အဖြစ် ဖမ်း​ခေါ်​သွား (၂၄-၃၀)

  • ယေ​ခေါ​နိ ထောင်​က​လွတ် (၃၁-၃၄)

၅၂  ဇေ​ဒ​ကိ​က+ အသက် ၂၁ နှစ်​မှာ နန်း​တက်​ပြီး ဂျေရု​ဆ​လင်​မြို့​မှာ ၁၁ နှစ် စိုး​စံ​တယ်။ မယ်​တော်​က လိ​ဗ​န​မြို့​သား ယေ​ရ​မိ​ရဲ့​သမီး ဟာ​မု​တာ​လ​လို့​ခေါ်​တယ်။+ ၂  သူ​က ယော​ယ​ကိမ်​လို​ပဲ ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​ကို ဆက်​လုပ်​တယ်။+ ၃  ဂျေရု​ဆ​လင်​မြို့​နဲ့ ယုဒ​ပြည်​ဟာ ယေဟောဝါ​ရဲ့ အမျက်​တော်​ကြောင့် ဒါ​တွေ ကြုံ​တွေ့​ရ​တာ​ပဲ။ နောက်​ဆုံး ရှေ့​တော်​က​နေ ဖယ်​ရှား​ခံ​ခဲ့ရ​တယ်။+ ဇေ​ဒ​ကိ​လည်း ဗာဗု​လုန်​ဘု​ရင်​ကို ပုန်​ကန်​တယ်။+ ၄  ဇေ​ဒ​ကိ​နန်း​စံ ကိုး​နှစ်၊ ဆယ်​လ​ပိုင်း၊ ဆယ်​ရက်​နေ့​မှာ ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခ​ဒ်​နေ​ဇာ​က ဂျေရု​ဆ​လင်​မြို့​ကို စစ်​တပ်​အလုံး​အရင်း​နဲ့ ချီ​တက်​လာ​တယ်။ မြို့​ပတ်​လည်​မှာ တပ်​ချ​ပြီး ထိုး​စစ်​တံတိုင်း တည်​ဆောက်​တယ်။+ ၅  ဇေ​ဒ​ကိ​မင်း နန်း​စံ ၁၁ နှစ်​အထိ မြို့​ကို ဝိုင်း​ထား​ကြ​တယ်။ ၆  လေး​လ​ပိုင်း၊ ကိုး​ရက်​နေ့​ရောက်​တော့+ မြို့​ထဲ​မှာ အကြီး​အကျယ် အငတ်​ဘေး​ဆိုက်​တဲ့​အတွက် မြို့​သား​တွေ စား​စ​ရာ မရှိ​တော့​ဘူး။+ ၇  နောက်​ဆုံး၊ မြို့​ရိုး ထိုး​ဖောက်​ခံ​လိုက်​ရ​တယ်။ ခါလဒဲ​လူ​တွေ မြို့​ကို​ဝိုင်း​ထား​တုန်း စစ်​သည်​တွေ​က ည​ဘက်​မှာ ဘု​ရင့်​ဥ​ယျာဉ်​နား​မှာ​ရှိ​တဲ့ မြို့​ရိုး​နှစ်​ခု​ကြား တံခါး​က​နေ ထွက်​ပြီး အရာ​ဗာ​ချိုင့်​ဝှမ်း​လမ်း​အတိုင်း ထွက်​ပြေး​ကြ​တယ်။+ ၈  ဒါ​ပေမဲ့ ခါလဒဲ​စစ်​တပ် လိုက်​ဖမ်း​တဲ့​အတွက် ယေရိ​ခေါ​ကန္တာရ​လွင်​ပြင်​မှာ ဇေ​ဒ​ကိ​ကို ဖမ်း​မိ​သွား​တယ်။+ သူ့​စစ်​သည်​တွေ​လည်း က​စဉ့်​က​လျား ထွက်​ပြေး​ကုန်​တယ်။ ၉  အဲဒီ​နောက် ဇေ​ဒ​ကိ​ကို ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့​မှာ​ရှိ​တဲ့ ဗာ​ဗု​လုန်​ဘု​ရင်​ဆီ ဖမ်း​ခေါ်​လာ​တဲ့​အခါ ဗာ​ဗု​လုန်​ဘု​ရင်​က စီ​ရင်​ချက်​ချ​တယ်။ ၁၀  ဇေ​ဒ​ကိ​ရှေ့​မှာ​ပဲ သူ့​သား​တွေ​ကို ကွပ်​မျက်​လိုက်​တယ်။ ယုဒ​မင်း​ညီ​မင်း​သား​တွေ​ကို​လည်း ရိ​ဗ​လ​မြို့​မှာ ကွပ်​မျက်​တယ်။ ၁၁  ဗာ​ဗု​လုန်​ဘု​ရင်​က ဇေ​ဒ​ကိ​ရဲ့​မျက်​စိ​ကို ဖောက်​ပြီး​နောက်+ ကြေး​နီ​ခြေ​ကျဉ်း​ခတ်​ပြီး ဗာ​ဗု​လုန်​ကို ခေါ်​သွား​တယ်။ သေတဲ့​အထိ အကျဉ်း​ချ​ထား​လိုက်​တယ်။ ၁၂  ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခ​ဒ်​နေ​ဇာ​နန်း​စံ ၁၉ နှစ်၊ ငါး​လ​ပိုင်း၊ ဆယ်​ရက်​နေ့​မှာ ဗာ​ဗု​လုန်​ဘု​ရင်ရဲ့ မင်း​မှု​ထမ်း၊ ကိုယ်​ရံ​တော်​တပ်​မှူး နေ​ဗု​ဇာ​ရ​ဒန်​က ဂျေရု​ဆ​လင်​မြို့​ကို ရောက်​လာ​တယ်။+ ၁၃  ယေဟောဝါ​ရဲ့ အိမ်​တော်၊+ နန်း​တော်၊ ဂျေရု​ဆ​လင်​မြို့​က အိမ်​တွေ​အပြင် အိမ်​ကြီး​အိမ်​ကောင်း​တွေ​ကို မီး​ရှို့​ပစ်​တယ်။ ၁၄  ကိုယ်​ရံ​တော်​တပ်​မှူး ကွပ်​ကဲ​တဲ့ ခါလဒဲ​တပ်​မကြီး တစ်​ခု​လုံး​က ဂျေရု​ဆ​လင်​မြို့​ရိုး​ကို ဖြို​ချ​ပစ်​တယ်။+ ၁၅  ကိုယ်​ရံ​တော်​တပ်​မှူး နေ​ဗု​ဇာ​ရဒန်​က ဆင်း​ရဲ​သား​တွေ​နဲ့ မြို့​ထဲ​မှာ ကျန်​ရစ်​သူ​တ​ချို့​ကို ဖမ်း​ခေါ်​သွား​တယ်။ ဗာ​ဗု​လုန်​ဘု​ရင်​ဆီ အညံ့​ခံ​ပူး​ပေါင်း​တဲ့​သူ​တွေ၊ ကျန်​တဲ့​လက်​မှု​ပညာ​ရှင်​တွေ​ကို​လည်း ခေါ်​သွား​တယ်။+ ၁၆  ဒါ​ပေမဲ့ ကိုယ်​ရံ​တော်​တပ်​မှူး နေ​ဗု​ဇာ​ရ​ဒန်​က ဆင်း​ရဲ​မွဲ​တေ​သူ​တ​ချို့​ကို​တော့ စ​ပျစ်​ခြံ​လုပ်​သား​တွေ၊ အလုပ်​သမား​တွေ​အဖြစ် ခိုင်း​စေ​ဖို့ ချန်​ခဲ့​တယ်။+ ၁၇  ခါလဒဲ​လူ​တွေ​က ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ​ရှိ​တဲ့ ကြေး​နီ​တိုင်​တွေ၊+ ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ​ရှိ​တဲ့ တွန်း​လှည်း​တွေ​နဲ့+ ကြေး​နီ​ရေ​ကန်​ကို+ အပိုင်း​ပိုင်း​ဖြတ်​ပြီး အဲဒီ​ကြေး​နီ​တွေ​ကို ဗာ​ဗု​လုန်ဆီ​ သိမ်း​သွား​တယ်။+ ၁၈  ဗိမာန်​တော်​လုပ်ငန်း​မှာ သုံး​တဲ့ ပြာ​ခွက်၊ ဂေါ်​ပြား၊ မီး​ငြိမ်း​ကိ​ရိ​ယာ၊ ဇ​လုံ၊+ ခွက်၊+ ကြေး​နီ​အသုံး​အဆောင်​တွေ​ကို​လည်း သိမ်း​သွား​တယ်။ ၁၉  ကိုယ်​ရံ​တော်​တပ်​မှူး​က ရွှေ​စင်​ငွေ​စင်​နဲ့​လုပ်​ထား​တဲ့ အင်​တုံ၊+ မီး​ခဲ​အိုး၊ ဇ​လုံ၊ ပြာ​ခွက်၊ ဆီ​မီး​တိုင်၊+ ခွက်၊ ဇ​လုံ​တွေ​ကို သိမ်း​သွား​တယ်။+ ၂၀  ယေဟောဝါ​ရဲ့ အိမ်​တော်​အတွက် ရှော​လ​မုန်​မင်း လုပ်​ထား​တဲ့ တိုင်​နှစ်​တိုင်၊ ရေ​ကန်၊ ရေ​ကန်​ကို​ထမ်း​ထား​တဲ့ ကြေး​နီ​နွား​ရုပ် ၁၂ ကောင်၊+ တွန်း​လှည်း​တွေရဲ့ ကြေး​နီ​ပမာ​ဏ​ဟာ မချိန်​တွယ်​နိုင်​လောက်​အောင် များ​တယ်။ ၂၁  တိုင်​တစ်​တိုင်​စီ​ဟာ ၁၈ တောင် မြင့်​တယ်။ လုံး​ပတ်​ကို တိုင်း​ရင် ၁၂ တောင်​ရှိ​တယ်။+ လက်​လေး​သစ်* ထူ​ပြီး အခေါင်း​ပွ​ဖြစ်​တယ်။ ၂၂  တိုင်​နှစ်​တိုင်​စ​လုံး​ဟာ ပုံ​စံ​အတူ​တူ​ပဲ။ ကြေး​နီ​နဲ့​လုပ်​ထား​တဲ့ တိုင်​ထိပ်​ဖူး​တစ်​ခု​စီ​က ၅ တောင်​မြင့်​တယ်။+ ထိပ်​ဖူး​မှာ​ရှိ​တဲ့ ကွန်​ရက်​နဲ့ သလဲ​သီး​တွေ​ကို​လည်း ကြေး​နီ​နဲ့ လုပ်​ထား​တယ်။ ၂၃  ကွန်​ရက်ရဲ့​ပတ်​လည်​မှာ သလဲ​သီး​အလုံး​ပေါင်း ၁၀၀ ရှိ​တဲ့​အနက် သလဲ​သီး ၉၆ လုံး​ကို မြင်​နေ​ရ​တယ်။+ ၂၄  အဲဒီ​အပြင် ကိုယ်​ရံ​တော်​တပ်​မှူး​က ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊+ လက်​ထောက်​ပု​ရော​ဟိတ် ဇေ​ဖနိ​နဲ့+ တံခါး​စောင့်​သုံး​ယောက်​ကို ခေါ်​သွား​တယ်။+ ၂၅  နန်း​တွင်း​အရာ​ရှိ စစ်​သူ​ကြီး​တစ်​ယောက်၊ မြို့​ထဲ​မှာ​ရှိ​နေ​တဲ့ ဘု​ရင့်​မိတ်ဆွေ​ရင်း ခု​နစ်​ယောက်၊ စစ်​သည်​တွေ​ကို စု​ဆောင်း​တဲ့ ဗိုလ်​ချုပ်​ရဲ့ လက်​ထောက်၊ မြို့​ထဲ​မှာ ရှိ​နေ​တဲ့ ပြည်​သူ​ပြည်​သား ၆၀ ကို​လည်း ခေါ်​သွား​တယ်။ ၂၆  ကိုယ်​ရံ​တော်​တပ်​မှူး နေ​ဗု​ဇာ​ရ​ဒန်​က သူတို့​ကို ရိ​ဗ​လ​မြို့​မှာ​ရှိ​တဲ့ ဗာ​ဗု​လုန်​ဘု​ရင်​ဆီ ခေါ်​သွား​တယ်။ ၂၇  ဗာ​ဗု​လုန်​ဘု​ရင်​က သူတို့​ကို ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့​မှာ ကွပ်​မျက်​လိုက်​တယ်။+ ဒီ​လို​နဲ့ ယုဒ​လူ​တွေ​ဟာ ဇာတိ​မြေက​နေ ပြည်​နှင်​ခံ​ခဲ့ရ​တယ်။+ ၂၈  နေ​ဗု​ခ​ဒ်​နေ​ဇာ​က နန်း​စံ ခု​နစ်​နှစ်​မှာ ဂျူး ၃,၀၂၃ ယောက်​ကို ဖမ်း​ခေါ်​သွား​တယ်။+ ၂၉  နေ​ဗု​ခ​ဒ်​နေ​ဇာ​နန်း​စံ ၁၈ နှစ်​မှာ+ ဂျေရု​ဆ​လင်​က​နေ လူ ၈၃၂ ယောက်​ကို ဖမ်း​ခေါ်​သွား​တယ်။ ၃၀  နေ​ဗု​ခ​ဒ်​နေ​ဇာ​နန်း​စံ ၂၃ နှစ်​မှာ ကိုယ်​ရံ​တော်​တပ်​မှူး နေ​ဗု​ဇာ​ရ​ဒန်​က ဂျူး ၇၄၅ ယောက်​ကို ဖမ်း​ခေါ်​သွား​တယ်။+ စု​စု​ပေါင်း ၄,၆၀၀ ဖြစ်​တယ်။ ၃၁  ဗာ​ဗု​လုန်​ဘု​ရင် ဧ​ဝိလ​မေရော​ဒက်​က သူ​နန်း​တက်​စ​နှစ်​မှာ ယုဒ​ဘုရင်​ ယေ​ခေါ​နိ​ကို+ အကျဉ်း​ချ​ထား​ရာ​က​နေ လွှတ်​ပေး​လိုက်​တယ်။ ယုဒ​ဘု​ရင်​ယေ​ခေါ​နိ ပြည်​နှင်​ခံ​ရ​ပြီး ၃၇ နှစ်​မြောက်၊ ၁၂ လ​ပိုင်း၊ ၂၅ ရက်​နေ့​မှာ ဖြစ်​တယ်။+ ၃၂  ဗာ​ဗု​လုန်​ဘု​ရင်​က ယေ​ခေါ​နိ​ကို ကောင်း​ကောင်း​မွန်​မွန် ပြော​ဆို​ဆက်ဆံ​ပြီး ဗာ​ဗု​လုန်​မှာ​ရှိ​တဲ့ တ​ခြား​ဘု​ရင်တွေ​ထက် ချီး​မြှောက်​ထား​တယ်။ ၃၃  ယေ​ခေါ​နိ​ဟာ အကျဉ်း​သား​ဝတ်​စုံကို ချွတ်​ပြီး ဗာ​ဗု​လုန်​ဘု​ရင်​ရှေ့​မှာ တစ်သက်​လုံး စား​သောက်​ခွင့်​ရ​တယ်။ ၃၄  သူ​အသက်​ရှင်​နေ​သမျှ ကာလ​ပတ်​လုံး သူ့​အတွက် နေ့​စဉ် အစား​အသောက်​ကို ဗာ​ဗု​လုန်​ဘု​ရင် ပေး​သနား​တယ်။

အောက်ခြေမှတ်ချက်များ

လက်​တစ်​လုံး​စာ​ဟာ ၁.၈၅ စမ (၀.၇၃ လက်မ)​ နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။