ယေရမိ ၆:၁-၃၀
၆ ဗင်ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်နဲ့ ဝေးရာမှာ ဘေးလွတ်ရာကို ရှာကြပါ။
တေကောမြို့မှာ+ တံပိုးမှုတ်ကြပါ။+
ဗေသကရင်အရပ်မှာ အချက်ပြ မီးရှူးတိုင်ကို ထွန်းညှိပါ။
ဘေးဒုက္ခဆိုးကြီးက မြောက်ဘက်ကနေ လာနေပြီ။+
၂ ဇိအုန်သမီးပျိုဟာ သိမ်မွေ့နုနယ်တဲ့ မိန်းမချောလေးလိုပါပဲ။+
၃ သိုးထိန်းတွေက သိုးအုပ်တွေနဲ့အတူ ရောက်လာလိမ့်မယ်။
ဇိအုန်ပတ်လည်မှာ တဲထိုးကြလိမ့်မယ်။+
သိုးတွေကို ဂရုစိုက်စောင့်ရှောက်ပြီး ကျွေးမွေးလိမ့်မယ်။+
၄ “ဂျေရုဆလင်ကို စစ်တိုက်ဖို့ အသင့်ပြင်ကြပါ။
ထကြ။ မွန်းတည့်ချိန်မှာ ထွက်တိုက်ကြစို့။”
“ငါတို့ အဖြစ်ဆိုးလိုက်တာ။
နေ့တာကုန်တော့မယ်။ ညနေစောင်းနေပြီ။”
၅ “ထကြ။ ညဘက်မှာ ထွက်တိုက်ကြစို့။
သူ့ခံတပ်မျှော်စင်တွေကို ဖျက်ဆီးကြစို့။”+
၆ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
“ဂျေရုဆလင်ကိုတိုက်ဖို့ သစ်တွေ ခုတ်လှဲပြီး ထိုးစစ်ကုန်းရိုးကို ဆောက်ကြပါ။+
သူဟာ ပြစ်ဒဏ်စီရင်ခံရမယ့်မြို့ပဲ။
သူ့ဆီမှာ ဖိနှိပ်မှုတွေပဲ ပြည့်နေတယ်။+
၇ ရေလှောင်ကန်ထဲကနေ အေးမြတဲ့ရေ ထွက်သလို သူ့ဆီကနေ ဆိုးညစ်မှုတွေ ထွက်နေတယ်။
သူ့ဆီမှာ အကြမ်းဖက်မှုတွေ၊ ဖျက်ဆီးမှုတွေပဲ ကြားနေရတယ်။+
ဖျားနာမှုနဲ့ ကပ်ရောဂါဟာ ငါ့ရှေ့မှာ အမြဲရှိနေတယ်။
၈ အို ဂျေရုဆလင်၊ သတိပေးတာကို လက်ခံပါ။
လက်မခံရင် မင်းကို ရွံမုန်းပြီး ငါလှည့်ထွက်သွားမယ်။+
မင်းကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ဖြစ်စေမယ်။”+
၉ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက–
“စပျစ်ပင်ပေါ်က လက်ကျန်အသီးတွေကို ခူးဆွတ်သလို အစ္စရေးအကြွင်းအကျန်တွေကို တစ်ယောက်မကျန် သိမ်းသွားကြလိမ့်မယ်။
စပျစ်သီးခူးတဲ့သူလို လှမ်းခူးလိုက်ပါ” လို့ပြောတယ်။
၁၀ “ဘယ်သူ့ကို ငါပြောရမလဲ။ ဘယ်သူ့ကို သတိပေးရမလဲ။
ဘယ်သူ နားထောင်မှာလဲ။
နားပိတ်ထားတော့ အာရုံမစိုက်နိုင်ကြဘူး။+
ယေဟောဝါရဲ့ နှုတ်ထွက်စကားဟာ သူတို့အတွက် နှာခေါင်းရှုံ့စရာ ဖြစ်နေပြီ။+
သူတို့ မနှစ်သက်ကြဘူး။
၁၁ ဒါကြောင့် ရင်ထဲမှာ ယေဟောဝါရဲ့ အမျက်တော် လောင်မြိုက်နေပြီ။
မျိုသိပ်ထားရလွန်းလို့ ပင်ပန်းလှပြီ။”+
“လမ်းပေါ်က ကလေးအပေါ်၊+စုဝေးနေတဲ့ လူငယ်တွေအပေါ် အမျက်တော်ကို သွန်ချလိုက်ပါ။
လင်နဲ့မယားရော အသက်ကြီးသူနဲ့ ဇရာအိုပါမကျန် အတူအဖမ်းခံရမယ်။+
၁၂ သူတို့ရဲ့အိမ်တွေ၊ လယ်တွေ၊ ဇနီးမယားတွေဟာ သူများလက်ထဲ ရောက်သွားမယ်။+
ငါ့လက်ကိုဆန့်ပြီး ပြည်သူပြည်သားတွေကို ဒဏ်ခတ်မယ်” လို့ယေဟောဝါ ပြောတယ်။
၁၃ “လူကြီးလူငယ်မရွေး မသမာနည်းနဲ့ စီးပွားရှာနေကြတယ်။+
ပရောဖက်ကအစ ပုရောဟိတ်ပါမကျန် ကလိမ်ကကျစ် လုပ်ကြတယ်။+
၁၄ သူတို့က ငြိမ်သက်ခြင်း မရှိဘဲနဲ့ ‘ငြိမ်သက်ခြင်း ရှိတယ်။
ငြိမ်သက်ခြင်း ရှိတယ်’+ လို့ပြောပြီး ငါ့လူတွေရဲ့ဒဏ်ရာကို ပေါ့ပေါ့တန်တန် ကုသနေတယ်။
၁၅ လုပ်ခဲ့တဲ့ ရွံမုန်းစရာတွေအတွက် သူတို့ရှက်ကြသလား။
လုံးဝမရှက်ကြဘူး။
ရှက်ရကောင်းမှန်းတောင် မသိကြဘူး။+
ဒါကြောင့် သူတို့က တခြားသူတွေနဲ့အတူ လဲကျသွားမယ်။
ငါဒဏ်ပေးတဲ့အခါ တိုက်မိလဲသွားမယ်” လို့ယေဟောဝါပြောတယ်။
၁၆ “လမ်းဆုံတွေမှာ ရပ်ကြည့်ကြပါ။
ရှေးဟောင်းလမ်းတွေအကြောင်း မေးကြပါ။
ကောင်းတဲ့လမ်းက ဘယ်မှာလဲလို့ မေးကြပါ။
အဲဒီလမ်းမှာ လျှောက်ပြီး+ စိတ်အေးလက်အေး နားကြပါ” လို့ယေဟောဝါ ပြောတယ်။
ဒါပေမဲ့ သူတို့က “ဒီလမ်းမှာ မလျှောက်ဘူး” လို့ပြောကြတယ်။+
၁၇ “ငါခန့်ထားတဲ့ ကင်းစောင့်တွေက+ ‘တံပိုးမှုတ်သံကို အာရုံစိုက်ကြ’ လို့ပြောတယ်။”+
ဒါပေမဲ့ သူတို့က “အာရုံမစိုက်ဘူး” လို့ပြောကြတယ်။+
၁၈ “ဒါကြောင့် လူမျိုးတို့၊ နားထောင်ကြ။
လူအစုအဝေးတို့၊ သူတို့ ဘာတွေကြုံရမယ်ဆိုတာ သိမှတ်ကြ။
၁၉ အို ကမ္ဘာမြေ၊ နားထောင်ပါ။
ဒီလူတွေအပေါ် ငါဘေးဆိုးကျရောက်စေမယ်။+
ဒါဟာ သူတို့အကြံအစည်ရဲ့ အကျိုးဆက်ပဲ။
သူတို့က ငါ့စကားကို အာရုံမစိုက်ကြဘူး။
ငါ့ပညတ်ချက်ကိုလည်း ငြင်းပယ်ကြတယ်။”
၂၀ “မင်းတို့ယူလာတဲ့ ရှေဘပြည်က လောဗန်နဲ့* ဝေးလံတဲ့ပြည်က ကြံမွှေးကို ငါအရေးလုပ်ရမှာလား။
မင်းတို့ရဲ့ အကုန်အစင် မီးရှို့ရာအလှူကို ငါလက်မခံဘူး။
ပူဇော်သက္ကာတွေကိုလည်း ငါမကြိုက်ဘူး။”+
၂၁ ဒါကြောင့် ယေဟောဝါက “ဒီလူတွေအတွက် ဆူငြောင့်ခလုတ်ကို ငါချထားမယ်။
သူတို့တိုက်မိပြီး လဲသွားမယ်။
အဖေရော သားပါ၊အိမ်နီးချင်းရော အပေါင်းအဖော်ပါမကျန် အတူပျက်စီးသွားမယ်” လို့ပြောတယ်။+
၂၂ ယေဟောဝါ ပြောတာက–
“ကြည့်ပါ။ မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ လူမျိုးတစ်မျိုး လာနေတယ်။
ကမ္ဘာမြေ အစွန်အဖျားကနေ လူမျိုးကြီးတစ်မျိုး နိုးထလာမယ်။+
၂၃ လေးနဲ့လှံတိုကို သူတို့ စွဲကိုင်ကြမယ်။
ရက်စက်ပြီး အကြင်နာမဲ့တဲ့သူတွေပဲ။
သူတို့ရဲ့အသံဟာ ပင်လယ်အော်သံလိုပဲ။
မြင်းတွေ စီးလာကြလိမ့်မယ်။+
ဇိအုန်သမီးပျို၊ မင်းကိုတိုက်ဖို့ စစ်သူရဲလို စစ်ခင်းကြလိမ့်မယ်။”
၂၄ ဒီသတင်းကို ကြားတဲ့အခါ ငါတို့လက်တွေ ပျော့ခွေသွားတယ်။+
ငါတို့တော့ ဒုက္ခလှလှတွေ့ပြီ။
သားဖွားတဲ့မိန်းမလို ဝေဒနာခံစားနေရပြီ။+
၂၅ လယ်ထဲ မသွားကြနဲ့။
လမ်းပေါ် မထွက်ကြနဲ့။
ရန်သူဆီမှာ ဓားပါတယ်။
နေရာတကာမှာ ကြောက်စရာတွေချည်းပဲ။
၂၆ ငါ့လူမျိုးသမီးပျို၊ အထည်ကြမ်းဝတ်ပြီး+ ပြာထဲမှာ လူးလှိမ့်နေပါ။
တစ်ဦးတည်းသောသားအတွက် ရှိုက်ကြီးတငင် ငိုကြွေးသလို ငိုကြွေးပါ။+
ဖျက်ဆီးသူက ငါတို့ဆီ ရုတ်တရက် ရောက်လာတော့မယ်။+
၂၇ “မင်းကို သတ္တုသန့်စင်သူလို ငါဖြစ်စေပြီ။
ငါ့လူမျိုးကို မင်း အသေအချာ သန့်စင်ပေးရမယ်။
သူတို့ရဲ့လမ်းစဉ်ကို သတိပြုမှတ်သားပြီး စစ်ဆေးရမယ်။
၂၈ သူတို့ဟာ အတော့်ကို ခေါင်းမာတဲ့သူတွေပဲ။+
လှည့်လည်ပြီး အသရေဖျက်ကြတယ်။+
သူတို့ဟာ ကြေးနီနဲ့ သံလိုပဲ။
အားလုံး အကျင့်ပျက်ကြတယ်။
၂၉ ဖားဖို* မီးဟပ်ပြီး လောင်ကျွမ်းသွားပြီ။
မီးထဲကနေ ခဲသတ္တုပဲ ထွက်လာတယ်။
အရည်ကျိုသန့်စင်သူက အပြင်းအထန်ချွတ်ပေမဲ့ အလကားပဲ။+
မကောင်းတဲ့သူတွေကို မခွဲထုတ်နိုင်ဘူး။+
၃၀ သူတို့ကို ငါယေဟောဝါ စွန့်ပစ်လိုက်တဲ့အတွက်+
လူတွေက သူတို့ကို စွန့်ပစ်ခံရတဲ့ငွေလို့ ခေါ်ကြလိမ့်မယ်။”