ယေရမိ ၈:၁-၂၂
၈ ယေဟောဝါ ပြောတာက– “အဲဒီအချိန်ရောက်ရင် သင်္ချိုင်းဂူတွေမှာရှိတဲ့ ယုဒဘုရင်၊ မင်းညီမင်းသား၊ ပုရောဟိတ်၊ ပရောဖက်၊ ဂျေရုဆလင်မြို့သူမြို့သားတွေရဲ့ အရိုးတွေကို ထုတ်လာလိမ့်မယ်။
၂ သူတို့နှစ်သက်လွန်းလို့ ဝတ်ပြုရုံမက တကောက်ကောက် လိုက်ရှာပြီး ဦးချခဲ့တဲ့ ကောင်းကင်ပေါ်က နေ၊ လ၊ ကြယ်နက္ခတ်တွေအောက်မှာ အဲဒီအရိုးတွေကို ဖြန့်ကြဲထားလိမ့်မယ်။+ ပြန်စုသိမ်းမှာ၊ မြှုပ်နှံမှာ မဟုတ်ဘူး။ မြေပြင်ပေါ်မှာ မစင်လို ဖြစ်သွားလိမ့်မယ်။”+
၃ “ယုတ်မာတဲ့ ဒီလူမျိုးထဲကအသက်ရှင်ကျန်ရစ်တဲ့ အကြွင်းအကျန်တွေကို ငါတကွဲတပြားဖြစ်စေမယ်။ အဲဒီမှာ အသက်ရှင်ဖို့ထက် သေဖို့ သူတို့ရွေးချယ်လိမ့်မယ်” လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၄ “သူတို့ကို ပြောလိုက်ပါ– ‘ယေဟောဝါ ပြောတာက–
“သူတို့ လဲကျသွားရင် ပြန်မထဘဲ နေမလား။
တစ်ယောက်ပြန်လာရင် နောက်တစ်ယောက်လည်း ပြန်မလာဘဲ နေမလား။
၅ ဂျေရုဆလင်မြို့မှာရှိတဲ့ ဒီလူတွေက ဘာလို့ ငါ့အပေါ် သစ္စာမဲ့ပြီးရင်းမဲ့နေကြတာလဲ။
သူတို့က လှည့်စားမှုကို မြဲမြဲဆုပ်ကိုင်ထားတယ်။
ပြန်မလှည့်ချင်ကြဘူး။+
၆ ငါအာရုံစိုက်ပြီး နားထောင်ပေမဲ့ သူတို့ပြောပုံက မမှန်ဘူး။
မကောင်းတာလုပ်မိလို့ နောင်တရတဲ့သူ၊ ‘ငါဘာလုပ်မိပါလိမ့်’ လို့ပြောတဲ့သူ တစ်ယောက်မှ မရှိဘူး။+
စစ်မြေပြင်ဆီ ဒုန်းစိုင်းပြေးတဲ့မြင်းလို လူကြိုက်များတဲ့လမ်းစဉ်နောက် လိုက်မြဲလိုက်နေတယ်။
၇ ကောင်းကင်ပေါ်က ငှက်ကျားတောင် ရာသီချိန်ကို သိတယ်။
ချိုးငှက်၊ ပျံလွှားငှက်၊ မြေလူးငှက်လည်း* ပြန်လာရမယ့်အချိန်မှာ* ပြန်လာတယ်။
ငါ့လူတွေကတော့ ငါယေဟောဝါရဲ့ တရားစီရင်ချိန်ကို မသိကြဘူး။”’+
၈ ‘“ငါတို့မှာ ဉာဏ်ပညာရှိတယ်။ ယေဟောဝါရဲ့ပညတ် ရှိတယ်” လို့ မင်းတို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ။
တကယ်တော့ ကျမ်းတတ်တွေရဲ့ လိမ်လည်တတ်တဲ့ ကလောင်တံက+ မဟုတ်မမှန်တာတွေကိုပဲ ရေးနေတာ။
၉ ဉာဏ်ပညာရှိသူတွေ အရှက်ကွဲကုန်ပြီ။+
အထိတ်တလန့်ဖြစ်ပြီး အဖမ်းခံလိုက်ရပြီ။
ယေဟောဝါရဲ့စကားကို သူတို့ငြင်းပယ်လိုက်ပြီ။
သူတို့မှာ ဘာဉာဏ်ပညာရှိလို့လဲ။
၁၀ လူကြီးလူငယ်မရွေး မသမာတဲ့နည်းနဲ့ စီးပွားရှာနေကြတယ်။+
ပရောဖက်ကအစ ပုရောဟိတ်ပါမကျန် ကလိမ်ကကျစ် လုပ်ကြတယ်။+
ဒါကြောင့် သူတို့ရဲ့ဇနီးတွေကို တခြားယောက်ျားတွေဆီ ငါအပ်မယ်။
သူတို့ရဲ့လယ်မြေတွေကို သူတစ်ပါးလက်ထဲ အပ်လိုက်မယ်။+
၁၁ သူတို့က ငြိမ်သက်ခြင်း မရှိဘဲနဲ့ “ငြိမ်သက်ခြင်း ရှိတယ်။ ငြိမ်သက်ခြင်း ရှိတယ်” လို့ပြောပြီး+ငါ့လူမျိုးသမီးပျိုရဲ့ ဒဏ်ရာကို ပေါ့ပေါ့တန်တန် ကုသနေတယ်။
၁၂ လုပ်ခဲ့တဲ့ ရွံမုန်းစရာတွေအတွက် သူတို့ရှက်ကြသလား။
လုံးဝ မရှက်ကြဘူး။
ရှက်ရကောင်းမှန်းတောင် မသိကြဘူး။+
ဒါကြောင့် သူတို့က တခြားသူတွေနဲ့အတူ လဲကျသွားမယ်။
ငါဒဏ်ပေးတဲ့အခါ တိုက်မိလဲသွားမယ်’+ လို့ ယေဟောဝါ ပြောတယ်။
၁၃ ‘ငါက သူတို့ကို စုသိမ်းပြီး ဇာတ်သိမ်းပစ်မယ်။ စပျစ်ပင်ပေါ်မှာ စပျစ်သီးတစ်လုံးမှ ကျန်မှာမဟုတ်ဘူး။
သဖန်းပင်ပေါ်မှာ သဖန်းသီး တစ်လုံးမှ ကျန်မှာမဟုတ်ဘူး။ အရွက်တွေလည်း ညှိုးနွမ်းသွားမယ်။
ငါပေးခဲ့သမျှ သူတို့ လက်လွှတ်ဆုံးရှုံးရမယ်’ လို့ ယေဟောဝါ ပြောတယ်။”
၁၄ “ငါတို့ ဘာလို့ ဒီမှာထိုင်နေတာလဲ။
အတူစုဝေးကြစို့။ ခံတပ်မြို့တွေထဲဝင်ပြီး+ အဲဒီမှာပဲ သေလိုက်ကြစို့။
ယေဟောဝါဘုရားကို ပြစ်မှားခဲ့တဲ့အတွက် ငါတို့ကို ယေဟောဝါဘုရား ပယ်ရှင်းလိမ့်မယ်။
အဆိပ်ရေ တိုက်လိမ့်မယ်။+
၁၅ ငြိမ်သက်ခြင်းကို မျှော်လင့်ပေမဲ့ ကောင်းတာတစ်ခုမှ ရောက်မလာဘူး။
ကုသခံရမယ့်အချိန်ကို မျှော်လင့်ပေမဲ့ ထိတ်လန့်စရာတွေပဲ ရောက်လာတယ်။+
၁၆ မြင်းတွေရဲ့ နှာမှုတ်သံကို ဒန်မြို့ကနေ ကြားနေရတယ်။
မြင်းထီးတွေရဲ့ ဟီသံကြောင့်
တစ်ပြည်လုံး တုန်လှုပ်နေပြီ။
ရန်သူတွေ ဝင်လာပြီး ပြည်နဲ့ပြည်ထဲမှာရှိသမျှ၊မြို့နဲ့မြို့သားရှိသမျှကို ဖျက်ဆီးပစ်ပြီ။”
၁၇ “အလမ္ပာယ်ဆရာတွေ မနိုင်တဲ့ အဆိပ်ပြင်းတဲ့မြွေတွေကို
ငါလွှတ်လိုက်မယ်။
မင်းတို့ကို ကျိန်းသေ ပေါက်သတ်လိမ့်မယ်” လို့ ယေဟောဝါ ပြောတယ်။
၁၈ ကျွန်တော် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတယ်။
စိတ်ထိခိုက်နေတယ်။
၁၉ ကျွန်တော့်လူမျိုး သမီးပျိုက ဝေးလံတဲ့ပြည်ကနေ
“ဇိအုန်မှာ ယေဟောဝါ မရှိတော့ဘူးလား။
အဲဒီမှာ ဇိအုန်ရဲ့ဘုရင် မရှိတော့ဘူးလား” ဆိုပြီး အော်ဟစ်အကူအညီတောင်းနေတယ်။
“ရုပ်တုတွေ၊ အသုံးမဝင်တဲ့ တိုင်းတစ်ပါးဘုရားတွေကို သူတို့ကိုးကွယ်ပြီး ဘာလို့ ငါ့ကိုစိတ်ဆိုးအောင် လုပ်တာလဲ။”
၂၀ “ရိတ်သိမ်းချိန် ကုန်လွန်ပြီ။ နွေရာသီလည်း ကုန်ဆုံးပြီ။
ငါတို့ကတော့ ကယ်တင်မခံရသေးပါလား။”
၂၁ ကျွန်တော့်လူမျိုးသမီးပျိုမှာ ဒဏ်ရာတွေရနေလို့
ကျွန်တော် ကြေကွဲနေတယ်။+
မှိုင်တွေပြီး ကြောက်လန့် နေတယ်။
၂၂ ဂိလဒ်ပြည်မှာ ဗာလစံဆီ* မရှိဘူးလား။+
အဲဒီမှာ သမားတော် မရှိဘူးလား။+
ကျွန်တော့်လူမျိုးသမီးပျိုဟာ ဘာလို့ နာလန်မထူနိုင်သေးတာလဲ။+