ယောန ၁:၁-၁၇

  • ယေဟောဝါဆီက ထွက်ပြေးဖို့ ယောနကြိုးစား (၁-၃)

  • လေပြင်းမုန်တိုင်းကို ယေဟောဝါ တိုက်စေ (၄-၆)

  • ယောနကြောင့် ဒုက္ခရောက် (၇-၁၃)

  • ယောနကို ပင်လယ်ထဲပစ်ချ (၁၄-၁၆)

  • ယောနကို ငါးကြီးတစ်ကောင် မျိုချ (၁၇)

၁  ယေဟောဝါက  အမိတ္တဲရဲ့သား ယောန*+ ကို– ၂  “နိနဝေမြို့ကြီးဆီ သွားပါ။+  သူတို့ရဲ့ဆိုးသွမ်းမှုကို ငါသတိထားမိတဲ့အတွက် သူတို့ကို တရားစီရင်မယ့်အကြောင်း ကြေညာပါ” လို့ပြောတယ်။ ၃  ဒါပေမဲ့ ယောနက ထပြီး ယေဟောဝါဆီကနေ တာရှိပြည်ကို ထွက်ပြေးတယ်။ ယုပ္ပေမြို့ကို ဆင်းသွားတဲ့အခါ တာရှိပြည်ဘက်သွားမယ့် သင်္ဘောကို တွေ့တယ်။ ဒါနဲ့ သင်္ဘောခပေးပြီး ယေဟောဝါနဲ့ဝေးရာဆီ ပြေးဖို့ တာရှိပြည်သွားမယ့် သင်္ဘောပေါ် တက်သွားတယ်။ ၄  ယေဟောဝါက ပင်လယ်မှာ လေပြင်းတိုက်ခတ်စေတဲ့အတွက် မိုးသက်မုန်တိုင်းကျပြီး သင်္ဘော ပျက်လုမတတ် ဖြစ်လာတယ်။ ၅  သင်္ဘောသားတွေလည်း ကြောက်လွန်းလို့ သူတို့ရဲ့ဘုရားတွေကို အော်ဟစ်အကူအညီတောင်းကြတယ်။ သင်္ဘောဝန်ပေါ့အောင် ကုန်စည်တွေကို ပင်လယ်ထဲ ပစ်ချတယ်။+ အဲဒီအချိန်မှာ ယောနကတော့ သင်္ဘောဝမ်းထဲ ဆင်းသွားပြီး လဲလျောင်းရင်း အိပ်မောကျနေတယ်။ ၆  မာလိန်မှူးက ယောနဆီ ရောက်လာပြီး “ဘာလို့ အိပ်နေတာတုံး။ ထ၊ ထ။ မင်းရဲ့ဘုရားကို အော်ဟစ်အကူအညီတောင်းကြည့်ဦး။ စစ်မှန်တဲ့ဘုရားသခင်က ငါတို့ မပျက်စီးအောင် စောင့်ရှောက်ကောင်းပါရဲ့”+ လို့ပြောတယ်။ ၇  လူတွေကလည်း “ကဲ၊ အခုလိုဒုက္ခရောက်ရတာ ဘယ်သူ့ကြောင့်လဲ သိနိုင်ဖို့ မဲချကြစို့”+ လို့ပြောပြီး မဲချကြည့်တဲ့အခါ ယောနဆီမှာ မဲကျတယ်။+ ၈  အဲဒီအခါ သူတို့က “အခုလိုဒုက္ခရောက်ရတာ ဘယ်သူ့ကြောင့်လဲ ပြောပါဦး။ မင်းရဲ့အလုပ်အကိုင်က ဘာလဲ။ မင်း ဘယ်ကလာသလဲ။ ဘယ်နိုင်ငံကလဲ။ ဘာလူမျိုးလဲ” လို့ ယောနကို မေးတယ်။ ၉  ယောနက “ကျွန်တော်ဟာ ဟီဘရူးလူမျိုးပါ။ ရေမြေကို ဖန်ဆင်းတဲ့အရှင်၊ ကောင်းကင်အုပ်စိုးရှင် ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ပါတယ်” လို့ဖြေတယ်။ ၁၀  လူတွေက ပိုကြောက်သွားပြီး “မင်း ဘာလုပ်မိလို့လဲ” လို့ မေးကြတယ်။ (ယေဟောဝါဆီကနေ ထွက်ပြေးလာတဲ့အကြောင်း သူပြောပြလို့ သိသွားကြတယ်။) ၁၁  ပင်လယ်လှိုင်းတွေ ပိုထန်လာတော့ “လှိုင်းငြိမ်သွားအောင် မင်းကို ဘယ်လိုလုပ်ရမလဲ” လို့ မေးတဲ့အခါ၊ ၁၂  ယောနက “ကျွန်တော့်ကို ချီမပြီး ပင်လယ်ထဲသာ ပစ်ချလိုက်။ ဒါဆို လှိုင်းငြိမ်သွားမယ်။ ကျွန်တော့်ကြောင့် ဒီလို မုန်တိုင်းထန်နေတာ” လို့ပြောတယ်။ ၁၃  သင်္ဘောကို ကမ်းကပ်နိုင်အောင် အစွမ်းကုန် လှော်ခတ်ကြပေမဲ့ ပင်လယ်လှိုင်းတွေ ပိုထန်လာတဲ့အတွက် ဘာမှမတတ်နိုင်ကြဘူး။ ၁၄  ဒါနဲ့ သူတို့က ယေဟောဝါကို အော်ခေါ်ပြီး “ယေဟောဝါဘုရား၊ ဒီလူကို ပစ်ချလိုက်လို့ ကျွန်တော်တို့ကို အပြစ်မယူပါနဲ့။ ယေဟောဝါဘုရား၊ အပြစ်မဲ့သူကို သတ်မိတဲ့အတွက် ကျွန်တော်တို့ကို ဒဏ်မခတ်ပါနဲ့။ အလိုတော်အတိုင်း ကျွန်တော်တို့ လုပ်နေတာပါ” လို့ပြောကြတယ်။ ၁၅  ပြီးတော့ ယောနကို ချီမပြီး ပင်လယ်ထဲ ပစ်ချလိုက်တာနဲ့ ပင်လယ်လှိုင်းတွေ  ငြိမ်သွားတယ်။ ၁၆  သူတို့က ယေဟောဝါကို အကြီးအကျယ် ကြောက်ရွံ့သွားတဲ့အတွက်+ ယေဟောဝါဆီ ပူဇော်သက္ကာတွေ ဆက်သပြီး သစ္စာကတိပြုကြတယ်။ ၁၇  ဒါနဲ့ ယေဟောဝါက ငါးကြီးတစ်ကောင် စေလွှတ်ပြီး ယောနကို မျိုချစေတယ်။ ယောနဟာ ငါးရဲ့ဝမ်းဗိုက်ထဲမှာ သုံးရက်သုံးည နေခဲ့ရတယ်။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ချိုးငှက်။”