ယောဘ ၂:၁-၁၃
၂ အဲဒီနောက် ဘုရားသခင်ရဲ့သားတွေ*+ ယေဟောဝါရှေ့ အခစားဝင်ရတဲ့နေ့ ရောက်လာတယ်။+ စာတန်လည်း သူတို့နဲ့အတူ ယေဟောဝါရှေ့ကို ဝင်လာတယ်။+
၂ ယေဟောဝါက “ဘယ်ကလာတာလဲ” လို့ မေးတဲ့အခါ စာတန်က “ကမ္ဘာအနှံ့ လှည့်လည်ပြီး လာခဲ့တာ”+ လို့ ယေဟောဝါကို ဖြေတယ်။
၃ ဒါနဲ့ ယေဟောဝါက “ငါ့ကျွန်ယောဘကို သတိထားမိသလား။ ကမ္ဘာပေါ်မှာ သူ့လို လူတစ်ယောက်မှ မရှိဘူး။ ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊+ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူ ဖြစ်တယ်။ သူ့ကို အကြောင်းမရှိဘဲ ဒုက္ခပေးဖို့ မင်းတိုက်တွန်းပေမဲ့+ သူကတော့ သမာဓိခိုင်မြဲနေတုန်းပဲ”+ လို့ပြောတယ်။
၄ ဒါပေမဲ့ စာတန်က ယေဟောဝါကို “အသက်အတွက် အသက်ဆိုသလိုပေါ့။* လူတွေဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ။
၅ အခု လက်ကိုဆန့်ပြီး သူ့အရိုးနဲ့အသားကို ထိခိုက်ကြည့်ပါလား။ ခင်ဗျားကို ရှေ့မှာတင် ကျိန်းသေ ကျိန်ဆဲလိမ့်မယ်”+ လို့ပြောတယ်။
၆ အဲဒီအခါ ယေဟောဝါက “ကောင်းပြီ။ သူဟာ မင်းလက်ထဲမှာ ရှိတယ်။ သူ့အသက်ကိုတော့ မထိနဲ့” လို့ပြောတယ်။
၇ စာတန်လည်း ယေဟောဝါရှေ့ကနေ ထွက်သွားပြီး ယောဘကို ဆိုးဝါးတဲ့ အနာစိမ်းတွေ+ ခြေဆုံး ခေါင်းဆုံး ပေါက်စေတယ်။
၈ ယောဘခမျာ ကုတ်ခြစ်ဖို့ အိုးခြမ်းပဲ့ကို ယူပြီး ပြာထဲမှာ ထိုင်နေရတယ်။+
၉ နောက်တော့ သူ့ဇနီးက “ရှင်သမာဓိ ခိုင်မြဲနေတုန်းပဲလား။ ဘုရားသခင်ကို ကျိန်ဆဲပြီး သေလိုက်ပါတော့” လို့ပြောတယ်။
၁၀ ယောဘက “အသိတရား မရှိတဲ့ မိန်းမလို မင်းပြောနေပါလား။ ဘုရားသခင်ဆီကနေ ကောင်းတာကိုပဲ ငါတို့လက်ခံပြီး မကောင်းတာကိုတော့ လက်မခံဘဲနေရမှာလား”+ လို့ ပြန်ပြောတယ်။ ဒါတွေအားလုံးကြုံရပေမဲ့ ယောဘက နှုတ်နဲ့တောင် မပြစ်မှားဘူး။+
၁၁ ယောဘရဲ့ မိတ်ဆွေသုံးယောက်ဖြစ်တဲ့ တေမန်အမျိုးသား ဧလိဖတ်၊+ ရှုအာအမျိုးသား+ ဗိလဒဒ်၊+ နေမတ်အမျိုးသား ဇောဖာတို့က+ ယောဘကြုံရတဲ့ အဖြစ်ဆိုးတွေကို ကြားတဲ့အခါ နေရပ်အသီးသီးကနေ ထွက်လာတယ်။ သူတို့အတူဆုံပြီး ယောဘကို စာနာတဲ့စကား၊ နှစ်သိမ့်စကားတွေပြောဖို့ ရောက်လာကြတယ်။
၁၂ ယောဘကို အဝေးကနေ လှမ်းမြင်ပေမဲ့ သူတို့ မမှတ်မိဘူး။ ယောဘမှန်းလည်းသိရော အကြီးအကျယ် ငိုကြတယ်။ အဝတ်ကို ဆွဲဆုတ်ပြီး မြေမှုန့်တွေကို ခေါင်းပေါ် ပစ်တင်ကြတယ်။+
၁၃ ယောဘနဲ့အတူ ခုနစ်ရက်ပတ်လုံး မြေပေါ်မှာ ထိုင်ကြတယ်။ ယောဘ အကြီးအကျယ် ဝေဒနာခံစားနေတာကို မြင်ရတဲ့အတွက် စကားတစ်ခွန်းမှ မပြောကြဘူး။+