ယောဘ ၂၃:၁-၁၇
၂၃ ယောဘ ပြန်ပြောတာက–
၂ “ဒီနေ့လည်း ကျုပ်ရဲ့မကျေနပ်ချက်တွေကို မလျှော့တမ်း ပြောဦးမှာပဲ။+
သက်ပြင်းချရလွန်းလို့ အားအင်ကုန်ခန်းနေပြီ။
၃ ဘုရားသခင်ကို ဘယ်မှာတွေ့နိုင်မယ်ဆိုတာ သိချင်လိုက်တာ။+
သိများသိခဲ့ရင် ဘုရားစံမြန်းတဲ့နေရာကို သွားမှာပဲ။+
၄ ကျုပ်ရဲ့အမှုကို တင်ပြမယ်။
ထုချေမယ့်စကားတွေကို အသင့်ပြင်ထားမယ်။
၅ အဲဒီအခါ ဘုရား ဘယ်လိုတုံ့ပြန်မယ်ဆိုတာ သိလာမယ်။
ဘုရားပြောမယ့် စကားတွေကို မှတ်ထားမယ်။
၆ ဘုရားက မဟာတန်ခိုးကိုသုံးပြီး ကျုပ်နဲ့ ပြိုင်ငြင်းပါ့မလား။
ဘယ်ငြင်းပါ့မလဲ။ ကျုပ်ပြောတာကို နားထောင်ပေးမှာ သေချာတယ်။+
၇ ရိုးဖြောင့်သူရဲ့အမှုကို ဘုရားရှေ့မှာ ဖြေရှင်းလို့ရတယ်။
တရားသူကြီးက ကျုပ်ကို ကွင်းလုံးကျွတ် လွှတ်ပေးလိမ့်မယ်။
၈ ကျုပ်က အရှေ့ဘက်ကို သွားတဲ့အခါ အဲဒီမှာ ဘုရား မရှိဘူး။
နောက်ပြန်လှည့်တော့လည်း မတွေ့ဘူး။
၉ ဘယ်ဘက်မှာ ဘုရား အလုပ်လုပ်နေတဲ့အခါ သွားရှာတော့လည်း မတွေ့ဘူး။
ညာဘက်ကို ဘုရားလှည့်သွားပေမဲ့ ကျုပ် မမြင်ပြန်ဘူး။
၁၀ ဒါပေမဲ့ ဘုရားကတော့ ကျုပ်သွားတဲ့လမ်းကို သိတယ်။+
ဘုရားစစ်ဆေးပြီးတဲ့နောက် ကျုပ်ဟာ ရွှေစင်လို ဖြစ်လာမယ်။+
၁၁ ဘုရားရဲ့ခြေရာတွေကို ကျုပ် ထက်ကြပ်မကွာ လိုက်တယ်။
လမ်းမလွဲဘဲ လိုက်တယ်။+
၁၂ နှုတ်တော်ထွက် ပညတ်ချက်ကနေ မသွေဖည်ပါဘူး။
မိန့်မှာချက်တွေကို တောင်းဆိုထားတာထက် တန်ဖိုးထားပြီး+ လိုက်နာပါတယ်။
၁၃ ဘုရားစိတ်ပိုင်းဖြတ်ပြီးရင် ဘယ်သူတားနိုင်မလဲ။+
လုပ်ချင်ပြီဆိုရင် ဖြစ်အောင်လုပ်မှာပဲ။+
၁၄ ကျုပ်နဲ့ပတ်သက်ပြီး စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်း ဘုရားလုပ်ဆောင်လိမ့်မယ်။
အဲဒီလိုလုပ်ဆောင်စရာတွေ အများကြီး ကျန်သေးတယ်။
၁၅ ဘုရားကြောင့် ကျုပ် စိတ်ပူနေရတယ်။
ဘုရားအကြောင်း စဉ်းစားမိရင် ပိုပြီးကြောက်လာတယ်။
၁၆ ဘုရားသခင်က ကျုပ်ကို သတ္တိနည်းစေတယ်။
အနန္တတန်ခိုးရှင်က ကျုပ်ကို ကြောက်လန့်စေတယ်။
၁၇ ဒါပေမဲ့ မှောင်မိုက်နေလို့၊မျက်နှာကို အမှောင်ထုဖုံးလွှမ်းနေလို့ ကျုပ်နှုတ်ဆိတ်သွားမှာတော့ မဟုတ်ဘူး။