ယောဘ ၂၄:၁-၂၅

  • ယောဘ ဆက်ပြော (၁-၂၅)

    • ‘ဘုရားက ဘာလို့ အချိန်မသတ်မှတ်ထားတာလဲ’ ()

    • ဆိုးသွမ်းမှုကို ဘုရားခွင့်ပြုထားတယ်လို့ ပြော (၁၂)

    • အပြစ်ပြုသူတွေ အမှောင်ကိုကြိုက် (၁၃-၁၇)

၂၄  “အနန္တတန်ခိုးရှင်က ဘာလို့ အချိန်မသတ်မှတ်ထားတာလဲ။+ ဘုရားကိုသိကျွမ်းသူတွေက တရားစီရင်မယ့်နေ့ကို ဘာလို့မသိမြင်ကြတာလဲ။  ၂  လူတွေက နယ်နိမိတ်မှတ်တိုင်တွေကို ရွှေ့တယ်။+ သိုးစုတွေကို ခိုးပြီး ကိုယ့်စားကျက်ဆီ ခေါ်သွားတယ်။  ၃  မိဘမဲ့ကလေးရဲ့မြည်းကို မောင်းထုတ်တယ်။ မုဆိုးမရဲ့နွားကို အပေါင်ပစ္စည်းအဖြစ် သိမ်းတယ်။+  ၄  ဆင်းရဲသားတွေကို လမ်းပေါ်ကနေ တွန်းချတယ်။ ခိုကိုးရာမဲ့သူတွေ ပုန်းရှောင်နေရတယ်။+  ၅  ဆင်းရဲသားတွေက မြည်းရိုင်းတွေလို+ တောထဲမှာ စားစရာ လိုက်ရှာရတယ်။ သားသမီးတွေအတွက် ကန္တာရမှာ အစာရှာရတယ်။  ၆  သူတစ်ပါးလယ်ကွက်မှာ တိရစ္ဆာန်အစာကို ရိတ်ရတယ်။ လူဆိုးရဲ့စပျစ်ခြံမှာ ကောက်သင်းကောက်ရတယ်။  ၇  ညရောက်တော့ အဝတ်မပါ၊ခြုံစရာမရှိဘဲ ချမ်းချမ်းစီးစီး အိပ်ရတယ်။+  ၈  တောင်ပေါ်မိုးကြောင့် ရွှဲရွှဲစိုပြီး နားခိုစရာမရှိတဲ့အတွက် ကျောက်ဆောင်တွေကြားမှာပဲ ခိုကပ်နေရတယ်။  ၉  ဖတဆိုးလေးဟာ အမိရင်ခွင်ထဲကနေ ဆွဲထုတ်ခံရတယ်။+ ဆင်းရဲသားရဲ့အဝတ်ဟာ အပေါင်ပစ္စည်းအဖြစ် အသိမ်းခံရတယ်။+ ၁၀  ဒါကြောင့် သူတို့ခမျာ အဝတ်မပါဘဲ သွားလာနေရတယ်။ ကောက်လှိုင်းစည်းတွေကို ဗိုက်ဆာဆာနဲ့ သယ်နေရတယ်။ ၁၁  နေပူကျဲကျဲမှာ လှေကားထစ်စိုက်ခင်းတွေထဲ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်။* စပျစ်သီးနယ်ရာကျင်းတွေမှာ နင်းနေရပေမဲ့ ရေငတ်နေတယ်။+ ၁၂  သေခါနီးလူတွေ မြို့ထဲမှာ ညည်းတွားနေတယ်။ သေလောက်တဲ့ဒဏ်ရာ ရထားသူတွေကလည်း အကူအညီတောင်းနေတယ်။+ ဒါပေမဲ့ ဘုရားသခင် လုံးဝ အရေးမလုပ်ဘူး။* ၁၃  တချို့က အလင်းကို မကြိုက်ဘူး။+ အလင်းရဲ့လမ်းတွေကို အသိအမှတ်မပြုဘူး။ အလင်းရဲ့လမ်းတွေအတိုင်း မလိုက်ဘူး။ ၁၄  လူသတ်သမားက အရုဏ်တက်ချိန်မှာ ထပြီးခိုကိုးရာမဲ့သူနဲ့ ဆင်းရဲသားတွေကို သတ်ပစ်တယ်။+ ညဘက်မှာတော့ ခိုးဝှက်တယ်။ ၁၅  အိမ်ထောင်ရေးဖောက်ပြန်သူက နေဝင်ချိန်ကို စောင့်နေတတ်တယ်။+ ‘ဘယ်သူမှ မမြင်ပါဘူး’ ဆိုပြီး+ မျက်နှာကို ဖုံးတတ်တယ်။ ၁၆  သူခိုးတွေက ညဘက်မှာ အိမ်တွေကို ဖောက်ထွင်းပြီးနေ့ဘက်မှာတော့ အိမ်တွင်း အောင်းနေတတ်တယ်။ အလင်းကို ရှောင်ကြတယ်။+ ၁၇  သူတို့အတွက် နံနက်အလင်းဟာ မှောင်မိုက်လိုပဲ။ မှောင်မိုက်မှာဖြစ်တတ်တဲ့ ကြောက်စရာတွေကိုတော့ သူတို့ အကျွမ်းတဝင်ဖြစ်နေတယ်။ ၁၈  ဒါပေမဲ့ သူတို့က ရေထဲမှာ တစ်ဟုန်ထိုး မျောပါသွားလိမ့်မယ်။ သူတို့မြေယာတွေ ကျိန်စာသင့်လိမ့်မယ်။+ စပျစ်ခြံတွေဆီ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။ ၁၉  မိုးခေါင်ပြီး နေပူတဲ့အခါ နှင်းရေတွေ ခန်းခြောက်သွားသလိုသင်္ချိုင်းကလည်း အပြစ်လုပ်တဲ့သူကို ဆွဲခေါ်သွားလိမ့်မယ်။+ ၂၀  အပြစ်လုပ်သူကို မွေးမိခင်ကတောင် မေ့သွားမယ်။ လောက်တွေ သူ့ကို မြိန်ရေရှက်ရေ စားလိမ့်မယ်။ ဘယ်သူမှ သတိမရတော့ဘူး။+ မဖြောင့်မတ်သူဟာ အခုတ်ခံလိုက်ရတဲ့ သစ်ပင်လို ဖြစ်သွားမယ်။ ၂၁  သူက မြုံနေတဲ့မိန်းမကို အနိုင်ကျင့်တတ်တယ်။ မုဆိုးမကို နှိပ်စက်တတ်တယ်။ ၂၂  ဘုရားသခင်က ခွန်အားကိုသုံးပြီး သြဇာအာဏာရှိသူတွေကို ပယ်ရှင်းပစ်မယ်။ သူတို့က တိုးတက်ကြီးပွားလာရင်တောင် အသက်အတွက် ဘာအာမခံချက်မှ မရှိဘူး။ ၂၃  သူတို့ လုံခြုံနေတာ၊ ယုံကြည်စိတ်ချမှုရှိနေတာကို ဘုရားသခင် ခွင့်ပြုထားတယ်။+ သူတို့လုပ်သမျှကိုတော့ စောင့်ကြည့်နေတယ်။+ ၂၄  သူတို့က ခဏတာ ချီးမြှောက်ခံရပေမဲ့ ကွယ်ပျောက်သွားမှာပဲ။+ ဆွဲချခံရပြီး+ အများတကာလို သေဆုံးသွားမှာပဲ။ ကောက်နှံလို ရိတ်ဖြတ်ခံရမှာပဲ။ ၂၅  အခု ကျုပ် လူလိမ်ပါလို့ ဘယ်သူ သက်သေပြနိုင်မလဲ။ ကျုပ်စကား မှားတယ်လို့ ဘယ်သူ ထောက်ပြနိုင်မလဲ။”

အောက်ခြေမှတ်ချက်များ

“လှေကားထစ်စိုက်ခင်းတွေမှာ ဆီကြိတ်ရတယ်” လည်းဖြစ်နိုင်။
“ဘယ်သူ့ကိုမှ ဘုရားသခင် အရေးမယူဘူး” လည်းဖြစ်နိုင်။