ယောဘ ၃၉:၁-၃၀
၃၉ “တောင်ဆိတ်တွေ သားပေါက်ချိန်ကို မင်းသိသလား။+
သမင်မတွေ သားပေါက်တာကို စောင့်ကြည့်ဖူးသလား။+
၂ သူတို့ ဇီးကပ်တဲ့လတွေကို မင်းရေတွက်ဖူးသလား။
ဘယ်အချိန်မှာ သားပေါက်မယ်ဆိုတာ သိသလား။
၃ သူတို့က ကျောကိုင်းပြီး သားပေါက်လေးကို မွေးထုတ်လိုက်တာနဲ့သားဖွားဝေဒနာ ပျောက်ကင်းသွားတယ်။
၄ သားပေါက်လေးတွေဟာ သန်မာပြီး ကွင်းပြင်ကြီးထဲမှာ ကြီးပြင်းလာတယ်။
ထွက်သွားပြီးနောက် ပြန်မလာတော့ဘူး။
၅ မြည်းရိုင်းကို ဘယ်သူ လွှတ်ပေးထားသလဲ။+
သူ့ကိုချည်ထားတဲ့ ကြိုးတွေကို ဘယ်သူဖြေပေးသလဲ။
၆ ကန္တာရလွင်ပြင်ကို သူ့နေအိမ်အဖြစ်၊ဆားလွင်ပြင်ကို သူ့ဌာနေအဖြစ် ငါပေးထားတယ်။
၇ မြို့ရဲ့ဆူညံသံကို သူ အရေးမလုပ်ဘူး။
ခိုင်းစေသူရဲ့အော်ဟစ်သံကို နားမထောင်ဘူး။
၈ တောင်ကုန်းတွေပေါ်မှာ ခြေဦးတည့်ရာသွားပြီး စားကျက် လိုက်ရှာတယ်။
စိမ်းလန်းတဲ့အပင်တွေကို ရှာဖွေတတ်တယ်။
၉ မင်းက နွားရိုင်းကို လွယ်လွယ်နဲ့ ခိုင်းစားလို့ ရမလား။+
နွားတင်းကုပ်ထဲမှာ သူ ညအိပ်ပါ့မလား။
၁၀ နွားရိုင်းကို ကြိုးနဲ့ဆွဲခေါ်လာပြီး ထယ်ထိုးခိုင်းလို့ရမလား။
ချိုင့်ဝှမ်းမှာ လယ်ထွန်ဖို့ မင်းနောက်ကနေ လိုက်လာပါ့မလား။
၁၁ သူ့ခွန်အားဗလကို စိတ်ချလို့ရမလား။
မင်းလုပ်ရမယ့် အလုပ်ကြမ်းကို သူ့ကိုခိုင်းလို့ရမလား။
၁၂ ရိတ်သိမ်းထားတာတွေကို သယ်လာပေးဖို့ သူ့ကို အားကိုးမလား။
အဲဒါတွေကို ကောက်နယ်တလင်းမှာ လာစုပုံပေးပါ့မလား။
၁၃ ငှက်ကုလားအုတ်ဟာ အားရပါးရ အတောင်ခတ်ပေမဲ့သူ့အမွေးအတောင်တွေဟာ ငှက်ကျားရဲ့ အမွေးအတောင်တွေနဲ့ ယှဉ်နိုင်မလား။+
၁၄ ငှက်ကုလားအုတ်က ဥတွေကို မြေပေါ်ဥချပြီးမြေမှုန့်ထဲမှာ နွေးအောင်ထားတယ်။
၁၅ သားရဲတိရစ္ဆာန်တွေ တက်နင်းသွားမှာ၊ဥတွေအနင်းခံရပြီး ကွဲကြေသွားမှာကို သူ မစိုးရိမ်ဘူး။
၁၆ သားပေါက်လေးတွေကို ကိုယ့်ရင်သွေးမဟုတ်သလို ခပ်ကြမ်းကြမ်း ဆက်ဆံတယ်။+
သူပင်ပန်းခဲ့သမျှ အလကားဖြစ်သွားမှာကို မစိုးရိမ်ဘူး။
၁၇ ဘုရားသခင်က သူ့ကို ဉာဏ်ပညာ မပေးထားလို့ပဲ။
အသိဉာဏ် ဝေမျှမပေး ထားလို့ပဲ။
၁၈ ဒါပေမဲ့ အတောင် တဖျပ်ဖျပ်ခတ်ပြီး ပြေးတဲ့အခါမြင်းနဲ့ မြင်းစီးသမားကို လှောင်ရယ်တတ်တယ်။
၁၉ မင်းဟာ မြင်းကို အစွမ်းခွန်အားပေးတဲ့သူလား။+
ဖွာကျနေတဲ့ လည်ဆံမွေးတွေက မင်း ဆင်ယင်ပေးထားတာလား။
၂၀ သူ့ကို ကျိုင်းကောင်လို ခုန်ပေါက်စေနိုင်သလား။
သူ့ရဲ့နှာမှုတ်သံကြီးဟာ လန့်စရာပဲ။+
၂၁ ချိုင့်ဝှမ်းထဲမှာ မြေကို ခွာနဲ့ယက်ပြီး အားမာန်ပါပါ ကဆုန်ပေါက်တတ်တယ်။+
စစ်ပွဲဆီ ဒုန်းစိုင်းပြေးတတ်တယ်။+
၂၂ ကြောက်လန့်စရာကို လှောင်ရယ်တတ်တယ်။ ဘာကိုမှ မကြောက်တတ်ဘူး။+
ဓားဘေးကြောင့် ပြန်လှည့်မသွားတတ်ဘူး။
၂၃ မြင်းစီးသူရဲရဲ့ မြားကျည်တောက်ဟာ နံဘေးမှာ တဂျောက်ဂျောက် မြည်နေတယ်။
လှံရှည်၊ လှံတိုတွေ တလက်လက် တောက်နေတယ်။
၂၄ စိတ်တက်ကြွပြီး ရှေ့ကို ဒုန်းစိုင်းပြေးတတ်တယ်။
တံပိုးသံကြားတဲ့အခါ အငြိမ်မနေနိုင်ဘူး။*
၂၅ တံပိုးမှုတ်လိုက်တာနဲ့ ဟီသံပေးတတ်တယ်။
စစ်ပွဲကို အဝေးကနေ အနံ့ခံတတ်တယ်။
တပ်မှူးတွေရဲ့အမိန့်သံ၊ စစ်ငြာသံကို ကြားတတ်တယ်။+
၂၆ သိမ်းငှက်က မင်း အသိဉာဏ်ပေးထားလို့တောင်ပံဖြန့်ပြီး တောင်ဘက်ကို ပျံသန်းတာလား။
၂၇ လင်းယုန်က မင်းအမိန့်ပေးထားလို့ အထက်ကို ပျံသန်းပြီး+အမြင့်မှာ အသိုက်ဆောက်တာလား။+
၂၈ သူက ကျောက်ကမ်းပါးပေါ်မှာ ညအိပ်တတ်တယ်။
ကျောက်ကြိုကျောက်ကြားထဲက သူ့ခံတပ်မှာ နေတတ်တယ်။
၂၉ အဲဒီနေရာကနေ အစာရှာတတ်တယ်။+
ဟိုးအဝေးကြီးကို လှမ်းမြင်နိုင်တယ်။
၃၀ သားပေါက်လေးတွေက သွေးကို စုပ်ယူသောက်သုံးနေတယ်။
အသေကောင်ရှိတဲ့နေရာမှာ သူတို့ ရှိတတ်တယ်။”+
အောက်ခြေမှတ်ချက်များ
^ “မယုံနိုင်အောင် ဖြစ်သွားတယ်” လည်းဖြစ်နိုင်။