ယောဘ ၄၁:၁-၃၄
-
အံ့ဖွယ်လဝိသန်အကြောင်း ဘုရားဖော်ပြ (၁-၃၄)
၄၁ “လဝိသန်ကို*+ ငါးမျှားချိတ်နဲ့ မင်းဖမ်းနိုင်သလား။
သူ့လျှာကို ကြိုးနဲ့ ချည်ထားနိုင်သလား။
၂ နှာခေါင်းပေါက်ထဲ ကြိုးကို လျှိုသွင်းနိုင်သလား။
မေးရိုးတွေကို သံချိတ်နဲ့ ဖောက်နိုင်သလား။
၃ ချမ်းသာပေးပါဆိုပြီး မင်းကို သူအသနားခံပါ့မလား။
မင်းကို ညင်ညင်သာသာ ပြောပါ့မလား။
၄ မင်းဆီမှာ တစ်သက်လုံး ကျွန်ခံပါ့မယ်ဆိုပြီးသူကတိပေးပါ့မလား။
၅ ငှက်နဲ့ဆော့ကစားသလို သူနဲ့ ဆော့ကစားမလား။
မင်းရဲ့သမီးလေးတွေ ကစားဖို့ သူ့ကို ကြိုးနဲ့ချည်ထားပေးမလား။
၆ သူ့ကို ကုန်သည်တွေ အရောင်းအဝယ် လုပ်ကြမလား။
သူ့ကိုခုတ်ပိုင်းပြီး အရောင်းအဝယ်သမားတွေနဲ့ ခွဲဝေယူကြမလား။
၇ သူ့အရေခွံကို လှံနဲ့ထိုးမလား။+
သူ့ခေါင်းကို ငါးထိုးတဲ့မှိန်းနဲ့ ထိုးမလား။
၈ သူ့အပေါ် လက်တင်ကြည့်လိုက်။
အဲဒီတိုက်ပွဲကို တစ်သက်မမေ့ဘူး ဖြစ်သွားမယ်။ ထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး။
၉ သူ့ကိုဖမ်းမိဖို့ မျှော်လင့်ချက်မထားနဲ့။
မြင်ရုံနဲ့တင် အကြီးအကျယ် ကြောက်လန့်သွားမယ်။
၁၀ သူ့ဒေါသကို ဘယ်သူမှ မဆွရဲဘူး။
ဒါဆိုရင် ဘယ်သူက ငါ့ရှေ့မှာ ရပ်တည်နိုင်သလဲ။+
၁၁ ဘယ်သူက ငါ့ကိုဘာပေးဖူးလို့ ငါပြန်ဆပ်ပေးရမှာလဲ။+
ကောင်းကင်အောက်မှာ ရှိသမျှဟာ ငါ့ဥစ္စာချည်းပဲ။+
၁၂ သူ့ခြေလက်တွေ၊ ခွန်အားတွေအကြောင်း၊ကျကျနန ဖွဲ့စည်းထားတဲ့ သူ့ခန္ဓာကိုယ်အကြောင်း ငါမပြောဘဲ မနေဘူး။
၁၃ သူ့ရဲ့အပေါ်ရုံအဝတ်ကို ဘယ်သူ ချွတ်ဖူးသလဲ။
ဟနေတဲ့မေးရိုးတွေထဲ ဘယ်သူဝင်မလဲ။
၁၄ သူ့ပါးစပ်တံခါးကို ဘယ်သူ အတင်းဆွဲဖွင့်ရဲသလဲ။
သွားတွေဟာ ထိတ်လန့်စရာပဲ။
၁၅ သူ့ကျောပေါ်မှာ အကြေးခွံတွေ အတန်းလိုက်ရှိနေတယ်။*
ချိပ်ပိတ်ထားသလို စေ့နေတာပဲ။
၁၆ အကြေးခွံတွေ တစ်ခုနဲ့တစ်ခု ပူးကပ်နေလို့လေတောင် မတိုးနိုင်ဘူး။
၁၇ တစ်ခုနဲ့တစ်ခု တွယ်ကပ်နေလို့ခွာမရအောင် စွဲမြဲနေတယ်။
၁၈ သူ နှာမှုတ်လိုက်တဲ့အခါ အလင်းတွေ ဖြာထွက်သွားတယ်။
မျက်လုံးတွေဟာ အရုဏ်ဦး အလင်းတန်းတွေလိုပဲ။
၁၉ ပါးစပ်ထဲကနေ လျှပ်စီးတွေဖြာပြီးမီးပွားတွေ လွင့်ထွက်လာတယ်။
၂၀ နှာခေါင်းပေါက်ကနေ အခိုးအငွေ့တွေ ထွက်နေလိုက်တာ
ကျူရိုးတွေ တောက်လောင်နေတဲ့ မီးဖိုကြီးလိုပဲ။
၂၁ သူ့ထွက်သက်ဝင်သက်ဟာ မီးသွေးတွေကို မီးစွဲစေတယ်။
ခံတွင်းထဲကနေ မီးလျှံတွေ ပန်းထွက်နေတယ်။
၂၂ သူ့လည်ပင်းမှာ ကြီးမားတဲ့ခွန်အား ရှိတယ်။
သူနဲ့ပက်ပင်းတိုးသူတိုင်း ကြောက်လန့်ပြီး ပြေးကုန်တယ်။
၂၃ သူ့အရေပြားလွှာတွေ အထပ်ထပ် ပူးကပ်နေတယ်။
သတ္တုရည်လောင်းထားသလို စွဲမြဲပြီး ခိုင်မာနေတယ်။
၂၄ နှလုံးဟာ ကျောက်တုံးလို၊အောက်ခံကြိတ်ဆုံကျောက်လို မာကျောတယ်။
၂၅ သူထတဲ့အခါ လူစွမ်းကောင်းတွေတောင် ကြောက်လန့်သွားတယ်။
ရေထဲမှာ တဗြန်းဗြန်း ခါယမ်းတဲ့အခါ သူတို့ ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။
၂၆ ဓား၊ လှံ၊ မှိန်း၊ မြားတွေနဲ့ တိုက်ခိုက်ပါစေ
ဘာလက်နက်မှ သူ့ကိုနိုင်မှာ မဟုတ်ဘူး။+
၂၇ သူ့အတွက်တော့ သံဟာ ကောက်ရိုးလိုပဲ။
ကြေးနီဟာ သစ်ဆွေးတုံးလိုပဲ။
၂၈ မြားနဲ့ပစ်လည်း သူထွက်ပြေးမှာ မဟုတ်ဘူး။
လောက်လွှဲကျောက်တွေဟာ ရိုးပြတ်လို ဖြစ်သွားတယ်။
၂၉ သူ့အတွက်တော့ တင်းပုတ်ဟာ ရိုးပြတ်လိုပဲ။
လှံတိုဝှေ့ယမ်းသံကို သူ လှောင်ရယ်တတ်တယ်။
၃၀ ဝမ်းဗိုက်ဟာ ချွန်ထက်တဲ့ အိုးခြမ်းကွဲတွေလို ဖြစ်နေလို့
ရွှံ့ပေါ်မှာ ကောက်နယ်ပြား ဖြတ်သွားသလို အရာထင်ကျန်စေတယ်။+
၃၁ အိုးဆူပွက်သလို နက်ရှိုင်းတဲ့ရေထုကို သူဆူပွက်စေတယ်။
အိုးထဲမှာ ဆီမွှေးကိုမွှေသလို ပင်လယ်ကို မွှေနှောက်တတ်တယ်။
၃၂ သူသွားတဲ့လမ်းတစ်လျှောက် လင်းလက်တဲ့လမ်းကြောင်း ကျန်ရစ်ခဲ့တယ်။
ရေထုကြီးမှာ ဖြူဖွေးတဲ့ဆံပင်တွေ ရှိတယ်လို့ ထင်စရာပဲ။
၃၃ ကမ္ဘာပေါ်မှာ သူ့လိုတိရစ္ဆာန် တစ်ကောင်မှမရှိဘူး။
အကြောက်အလန့်မရှိတဲ့ သတ္တဝါအဖြစ် သူ့ကို ဖန်ဆင်းထားတယ်။
၃၄ မာန်ထောင်တဲ့ အကောင်တွေကို သူ စိန်းစိန်းကြီး ကြည့်တတ်တယ်။
သားရဲကြီးတွေထဲမှာ သူဟာ ဘုရင်ပဲ။”