ယောဘ ၄၂:၁-၁၇

  • ယေဟောဝါကို ယောဘပြန်ပြောတဲ့စကား (၁-၆)

  • အပေါင်းအဖော် သုံးယောက်ကို အပြစ်တင် (၇-၉)

  • ယောဘကို ယေဟောဝါ ကောင်းချီးပေး (၁၀-၁၇)

    • ယောဘရဲ့ သားသမီးများ (၁၃-၁၅)

၄၂  အဲဒီအခါ  ယောဘက   ယေဟောဝါကို ပြောတယ်–  ၂  “ကိုယ်တော်ဟာ အရာရာကို လုပ်ဆောင်နိုင်မှန်း၊ကိုယ်တော် ကြံစည်သမျှ မဖြစ်နိုင်တာ မရှိမှန်း ကျွန်တော်သိပါပြီ။+  ၃  ‘ဘာမှမသိဘဲ ငါ့ရည်ရွယ်ချက်ကို ဝိုးတိုးဝါးတားဖြစ်အောင် လုပ်နေတာ ဘယ်သူလဲ’ လို့ ကိုယ်တော် မေးခဲ့တယ်။+ ဟုတ်ပါတယ်။ ကိုယ်တိုင်မသိ၊ အံ့သြလို့မကုန်နိုင်တဲ့ အရာတွေအကြောင်းဘာမှနားမလည်ဘဲ ကျွန်တော်ပြောမိပါပြီ။+  ၄  ‘ငါပြောမယ်။ နားထောင်ပါ။ ငါမေးမယ်။ ပြန်ဖြေပါ’ လို့ ကိုယ်တော် ပြောခဲ့တယ်။+  ၅  ကိုယ်တော့်အကြောင်းကို အရင်က နားနဲ့သာ ကြားခဲ့ဖူးတာပါ။ အခုတော့ ကိုယ်တော့်ကို မျက်စိနဲ့ တပ်အပ်မြင်ရပါပြီ။  ၆  ဒါကြောင့် ပြောခဲ့တဲ့စကားတွေကို ပြန်ရုပ်သိမ်းပါတယ်။+ မြေမှုန့်နဲ့ ပြာထဲမှာထိုင်ပြီး နောင်တရပါပြီ။”+ ၇  ယေဟောဝါက ယောဘနဲ့ စကားပြောပြီးတဲ့နောက် တေမန်အမျိုးသား ဧလိဖတ်ကို ယေဟောဝါ ပြောတာက– “မင်းနဲ့ မိတ်ဆွေနှစ်ယောက်ကို ငါစိတ်ဆိုးတယ်။+ ငါ့အကြောင်းကို ငါ့ကျွန်ယောဘ အမှန်အတိုင်း ပြောသလိုမျိုး မင်းတို့မပြောကြဘူး။+ ၈  အခု၊ နွားထီးခုနစ်ကောင်နဲ့ သိုးထီးခုနစ်ကောင်ကို ယူပြီး ငါ့ကျွန်ယောဘဆီ သွားကြ။ မီးရှို့ရာပူဇော်သက္ကာ ဆက်သကြ။ ငါ့ကျွန်ယောဘက မင်းတို့အတွက် ဆုတောင်းပေးလိမ့်မယ်။+ မင်းတို့ရဲ့ မိုက်မဲမှုနဲ့အညီ ငါမစီရင်မိဖို့ သူတောင်းဆိုပေးရင် ငါလက်ခံမယ်။ ငါ့အကြောင်းကို ငါ့ကျွန်ယောဘ အမှန်အတိုင်း ပြောသလိုမျိုး မင်းတို့ မပြောကြဘူး။” ၉  ဒါနဲ့ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာတို့က ယေဟောဝါပြောတဲ့အတိုင်း သွားလုပ်ကြတယ်။ ယောဘ ဆုတောင်းပေးတာကို  ယေဟောဝါ လက်ခံတယ်။ ၁၀  မိတ်ဆွေတွေအတွက် ယောဘ ဆုတောင်းပေးပြီးတဲ့နောက်မှာ+ ယေဟောဝါက ယောဘရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးပြီး+ အရင်တုန်းကလိုပဲ ပြန်ကြွယ်ဝစေတယ်။ ယေဟောဝါက ယောဘပိုင်ဆိုင်ခဲ့တာတွေထက် နှစ်ဆပြန်ပေးတယ်။+ ၁၁  ယောဘရဲ့ မောင်နှမတွေ၊  မိတ်ဟောင်းဆွေဟောင်းတွေက+ သူ့အိမ်ကို လာပြီး အတူစားသောက်တယ်။ သူ့အပေါ် ယေဟောဝါ ကျရောက်ခွင့်ပြုခဲ့တဲ့ ဘေးဆိုးမှန်သမျှအတွက် ဝမ်းနည်းစကားပြောပြီး နှစ်သိမ့်ပေးကြတယ်။ ပြီးတော့ ငွေတစ်စစီ၊ ရွှေတစ်ကွင်းစီ လက်ဆောင်ပေးသွားကြတယ်။ ၁၂  ယေဟောဝါက  ယောဘကို ဘဝရဲ့အစောပိုင်းနှစ်တွေထက် နှောင်းပိုင်းနှစ်တွေမှာ ပိုကောင်းချီးပေးတဲ့အတွက်+ သူ့မှာ သိုး ၁၄,၀၀၀၊ ကုလားအုတ် ၆,၀၀၀၊ နွားအရှဉ်း ၁,၀၀၀၊ မြည်းမ ၁,၀၀၀ ရှိလာတယ်။+ ၁၃  သားခုနစ်ယောက်၊  သမီးသုံးယောက် ထပ်ရတယ်။+ ၁၄  သမီးကြီးကို ယေမိမ၊ အလတ်ကို ကေဇိ၊ သမီးထွေးကို ကေရင်ဟတ်ပုတ်လို့  နာမည်ပေးတယ်။ ၁၅  တစ်ပြည်လုံးမှာ  ယောဘသမီးတွေလောက် လှတဲ့သူ မရှိဘူး။ ယောဘက သမီးတွေကို အစ်ကိုမောင်တွေနဲ့အတူ အမွေခွဲဝေပေးတယ်။ ၁၆  အဲဒီနောက် ယောဘက နှစ်ပေါင်း ၁၄၀ အသက်ရှင်တယ်။ သားသမီးမြေးမြစ်တွေရပြီး မျိုးဆက်လေးဆက်ကို မြင်ရတယ်။ ၁၇  ယောဘဟာ  ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည် နေရပြီးနောက် ကွယ်လွန်သွားတယ်။

အောက်ခြေမှတ်ချက်များ