ယောဘ ၆:၁-၃၀
၆ ယောဘ အခုလိုပြန်ပြောတယ်–
၂ “ကျုပ်ရဲ့သောကတွေကို+ ချိန်ကြည့်လို့ရရင် သိပ်ကောင်းမှာပဲ။
ကြုံရတဲ့ ဘေးဆိုးတွေကိုလည်း ချိန်ခွင်ထဲ ထည့်ချိန်လို့ရရင် သိပ်ကောင်းမှာပဲ။
၃ ပင်လယ်သဲပွင့်တွေထက်တောင် ပိုလေးဦးမယ်။
ဒါကြောင့် ကျုပ် မဆင်မခြင် ပြောလိုက်မိတာ။+
၄ အနန္တတန်ခိုးရှင်က မြားနဲ့ခွင်းလို့မြားဆိပ်တွေကို ကျုပ် သောက်သုံးနေရတယ်။+
ဘုရားသခင်ဆီက ကြောက်မက်ဖွယ်ရာတွေဟာ ကျုပ်ကိုတိုက်ခိုက်ဖို့ တန်းစီစောင့်နေတယ်။
၅ မြည်းရိုင်းက+ မြက်တွေရှိနေလျက်နဲ့ ဟီပါ့မလား။
နွားကရော အစာရှိနေလျက်နဲ့ အော်ပါ့မလား။
၆ အရသာ မရှိတဲ့အစာကို ဆားမပါဘဲ စားမလား။
ကွမ်းကတိုးပင်ရဲ့* အရည်ကရော အရသာရှိလို့လား။
၇ ပုပ်သိုးနေတဲ့အစာနဲ့ တူလို့
အဲဒါတွေကို ထိတောင် မထိချင်ဘူး။
၈ ကျုပ် တောင်းဆိုတာတွေ ရရင်၊ကျုပ်ဆန္ဒကို ဘုရားဖြည့်ဆည်းပေးရင် သိပ်ကောင်းမှာပဲ။
၉ ကျုပ်ကို ခြေမွှလိုက်ရင်၊လက်တော်ကိုဆန့်ပြီး ကွပ်မျက်လိုက်ရင် သိပ်ကောင်းမှာပဲ။+
၁၀ အဲဒီလိုဖြစ်ရင်တောင် ကျုပ် စိတ်သက်သာရာ ရဦးမယ်။
တဆစ်ဆစ် နာကျင်နေတဲ့ကြားက ဝမ်းသာအားရ ထခုန်ဦးမယ်။
သန့်ရှင်းတဲ့အရှင်ရဲ့ စကားတွေကို ကျုပ် မပစ်ပယ်ခဲ့ပါဘူး။+
၁၁ ကျုပ်မှာ ဆက်စောင့်နေဖို့ ခွန်အား မရှိတော့ဘူး။+
ဆက်အသက်ရှင်နေလို့ကော အကျိုးထူးမှာ မို့လို့လား။
၁၂ ကျုပ်ရဲ့ခွန်အားက ကျောက်ဆောင်လို ခိုင်မာလို့လား။
ကျုပ်ရဲ့အသားက ကြေးနီနဲ့ လုပ်ထားလို့လား။
၁၃ ကျုပ် ဘာများ တတ်နိုင်ဦးမှာလဲ။
ထောက်မပေးမယ့်သူမှ မရှိတော့တာ။
၁၄ လူလူချင်းကို ခိုင်မြဲတဲ့မေတ္တာ မပြသူဟာ+
အနန္တတန်ခိုးရှင်ကို မကြောက်တဲ့သူပဲ။+
၁၅ ကျုပ်ရဲ့ ညီအစ်ကိုတွေက ဆောင်းရာသီ စမ်းချောင်းတွေလို လှည့်စားတတ်တယ်။+
ခန်းခြောက်သွားတဲ့ ဆောင်းရာသီ စမ်းချောင်းတွေလိုပဲ။
၁၆ ရေခဲတွေ၊ နှင်းခဲတွေ
အရည်ပျော်သွားလို့ နောက်ကျိနေတဲ့ ချောင်းတွေလိုပဲ။
၁၇ နွေလည်းရောက်ရော ရေမရှိတော့ဘဲ ပျောက်ကွယ်သွားတယ်။
ပူပြင်းလာတဲ့အခါ ခန်းခြောက်သွားတယ်။
၁၈ ကွေ့ကောက်စီးဆင်းပြီး
ကန္တာရမှာ လမ်းစပျောက်သွားတော့တယ်။
၁၉ အဲဒီချောင်းတွေကို တေမပြည်ရဲ့ ကုလားအုတ်ယာဉ်တန်းတွေ+ လိုက်ရှာကြတယ်။
သေဘပြည်ရဲ့ ခရီးသည်တွေလည်း+ မျှော်ကြတယ်။
၂၀ ရေရှိမှာပဲလို့ ယုံကြည်ပြီး ရောက်လာပေမဲ့
အရှက်တကွဲဖြစ်ပြီး စိတ်ပျက်ကြရတယ်။
၂၁ ခင်ဗျားတို့လည်း အဲဒီချောင်းတွေလိုပဲ။+
ကျုပ်ခံနေရတဲ့ ကြောက်စရာဘေးဆိုးကို မြင်ပြီး ကြောက်လန့်သွားကြတယ်။+
၂၂ ခင်ဗျားတို့ဆီကနေ ကျုပ် တစ်ခုခု တောင်းဖူးလို့လား။
ခင်ဗျားတို့ရဲ့ စည်းစိမ်ထဲကနေ လက်ဆောင်ပေးပါလို့ တောင်းဆိုဖူးလို့လား။
၂၃ ရန်သူလက်ကနေ ကယ်ပါဦး၊ဖိနှိပ်သူတွေလက်ကနေ ကယ်ပါဦးဆိုပြီး အသနားခံဖူးလို့လား။
၂၄ ကျုပ်ကို သွန်သင်ပေးပါ။ နှုတ်ဆိတ်နေပါ့မယ်။+
ကျုပ် ဘာမှားနေလဲဆိုတာ နားလည်အောင် ရှင်းပြကြပါ။
၂၅ မှန်တဲ့စကားဆိုရင်တော့ နာစရာ မဟုတ်ပါဘူး။+
ဒါပေမဲ့ ခင်ဗျားတို့ဆုံးမတာ ကျုပ်အတွက် ဘာအကျိုးများရှိလို့လဲ။+
၂၆ ကြံရာမရဖြစ်နေတဲ့ ကျုပ်ရဲ့စကားတွေ၊+ လေထဲလွင့်သွားမယ့် စကားတွေကို
အပြစ်တင်ဖို့ ခင်ဗျားတို့ ကြံစည်နေတာလား။
၂၇ ခင်ဗျားတို့ဟာ မိဘမဲ့ကလေးကို မဲချယူမယ့်သူတွေပဲ။+
မိတ်ဆွေကိုတောင် ရောင်းစားမယ့်သူတွေပဲ။+
၂၈ အခု ကျုပ်ကို ကြည့်ကြစမ်းပါ။
ခင်ဗျားတို့ကို လိမ်မပြောပါဘူး။
၂၉ ပြန်စဉ်းစားကြည့်ပါဦး။ ကျုပ်ကို တလွဲမထင်ကြပါနဲ့။
ပြန်စဉ်းစားကြည့်ပါ။ ကျုပ် ဖြောင့်မတ်ပါသေးတယ်။
၃၀ ကျုပ် မတရား ပြောပါ့မလား။
တစ်ခုခုတော့ မှားနေပြီဆိုတာ ကျုပ် မသိဘဲနေပါ့မလား။
အောက်ခြေမှတ်ချက်များ
^ အရသာမရှိ၊ ချွဲကျိကျိအရည်ထွက်တဲ့ အပင်။