ယောရှု ၁၄:၁-၁၅

  • ဂျော်ဒန်မြစ်အနောက်ပိုင်း နယ်မြေခွဲဝေခြင်း (၁-၅)

  • ဟေဗြုန်မြို့ကို ကာလက်အမွေရ (၆-၁၅)

၁၄  အစ္စရေးတွေ ခါနန်ပြည်ကို ရောက်တဲ့အခါ ပုရောဟိတ် ဧလာဇာ၊ နုန်ရဲ့သား ယောရှုနဲ့ မျိုးနွယ်စုခေါင်းဆောင်တွေ ခွဲဝေပေးတဲ့အတိုင်း အမွေမြေ ရကြတယ်။+ ၂  မောရှေကတစ်ဆင့် ယေဟောဝါ မိန့်မှာတဲ့အတိုင်း အနွယ်ကိုးနွယ်နဲ့ တစ်ဝက်က+ မဲချပြီး အမွေခွဲဝေယူကြတယ်။+ ၃  မောရှေက ကျန်တဲ့အနွယ် နှစ်နွယ်နဲ့ တစ်ဝက်ကို ဂျော်ဒန်မြစ်အရှေ့ဘက်မှာ အမွေခွဲပေးပြီးပြီ။+ လေဝိအနွယ်ကိုတော့ သူတို့နဲ့အတူ အမွေမပေးဘူး။+ ၄  ယောသပ်ရဲ့ သားမြေးတွေဟာ မနာရှေအနွယ်နဲ့ ဧဖရိမ်အနွယ်ဆိုပြီး+ နှစ်နွယ်ဖြစ်လာတယ်။+ လေဝိအနွယ်ကို နေစရာမြို့တွေ၊+ တိရစ္ဆာန်နဲ့ ပစ္စည်းဥစ္စာအတွက် စားကျက်မြေတွေကလွဲလို့+ ဝေစုမပေးဘူး။ ၅  အစ္စရေးတွေက မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း အဲဒီပြည်ကို ခွဲဝေယူကြတယ်။ ၆  ယုဒအမျိုးသားတွေက ဂိလဂါလအရပ်မှာရှိနေတဲ့ ယောရှုဆီ လာကြတယ်။+ ကေနဇိအမျိုးသား၊ ယေဖုန်နာရဲ့သား ကာလက်က+ “ကာဒေရှဗာနာအရပ်မှာ+ ဒို့နှစ်ယောက်စလုံးနဲ့ပတ်သက်ပြီး စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ မောရှေကို+ ယေဟောဝါဘုရား ဘာပြောခဲ့မှန်း ခင်ဗျား မှတ်မိမှာပါ။+ ၇  ဒီပြည်ကို ထောက်လှမ်းဖို့ ကာဒေရှဗာနာအရပ်ကနေ ယေဟောဝါရဲ့ကျွန် မောရှေ စေလွှတ်တုန်းက ကျွန်တော့်အသက် ၄၀ ရှိပြီ။+ ထောက်လှမ်းပြီး ပြန်လာတဲ့အခါ အမှန်အတိုင်း သတင်းပေးခဲ့တယ်။+ ၈  အတူသွားတဲ့ ညီအစ်ကိုတွေက လူတွေကို စိတ်ပျက်အားလျော့စေခဲ့ပေမဲ့ ကျွန်တော်ကတော့ ယေဟောဝါဘုရားရဲ့ စကားကို မြေဝယ်မကျ နားထောင်ခဲ့ပါတယ်။+ ၉  ဒါကြောင့် အဲဒီနေ့မှာ မောရှေက ‘ခင်ဗျားဟာ ယေဟောဝါဘုရားရဲ့ စကားကို မြေဝယ်မကျ နားထောင်ခဲ့တဲ့အတွက် ခြေချခဲ့တဲ့ ဒီပြည်ကို ကိုယ်တိုင်နဲ့ သားမြေးတွေ ထာဝစဉ်အမွေရလိမ့်မယ်’+ ဆိုပြီး ကတိပေးခဲ့ပါတယ်။ ၁၀  အစ္စရေးတွေ တောကန္တာရထဲ လျှောက်သွားနေချိန်မှာ+ ယေဟောဝါဘုရားက မောရှေကို အဲဒီလို ကတိပေးခဲ့တာပါ။+ ယေဟောဝါဘုရားက ကတိတော်အတိုင်း ကျွန်တော့်ကို ၄၅ နှစ်လုံးလုံး အသက်ဆက်ရှင်ခွင့် ပေးပါပြီ။+ အခုဆိုရင် ကျွန်တော့်အသက် ၈၅ နှစ်ရှိပြီ။ ၁၁  ကျွန်တော့်ကို မောရှေ စေလွှတ်တုန်းကလိုပဲ အခုလည်း သန်မာနေဆဲပါ။ စစ်တိုက်ဖို့၊ တခြားတာဝန်တွေ ထမ်းဆောင်ဖို့ ခွန်အားရှိနေဆဲပါ။ ၁၂  ဒါကြောင့် အဲဒီတုန်းက ယေဟောဝါဘုရား ကတိပေးခဲ့တဲ့ ဒီတောင်တန်းဒေသကို ကျွန်တော့်ကို ပေးပါ။ ဒီဒေသမှာ အာနကအမျိုးသားတွေ၊+ ခံတပ်မြို့ကြီးတွေ ရှိတယ်လို့+ ပြောကြတာကို ခင်ဗျား ကြားခဲ့သားပဲ။ ယေဟောဝါဘုရား ကတိပေးထားတဲ့အတိုင်း ကျွန်တော်နဲ့အတူ ယေဟောဝါဘုရား ရှိနေမှာ+ သေချာလို့ သူတို့ကို ကျွန်တော် မောင်းထုတ်ပါ့မယ်”+ လို့ပြောတယ်။ ၁၃  ယောရှုလည်း ယေဖုန်နာရဲ့သား ကာလက်အတွက် ဆုမွန်ကောင်း တောင်းပေးပြီး ဟေဗြုန်မြို့ကို အမွေပေးလိုက်တယ်။+ ၁၄  ကေနဇိအမျိုးသား၊ ယေဖုန်နာရဲ့သားကာလက်က အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့စကားကို မြေဝယ်မကျ နားထောင်တဲ့အတွက် ဟေဗြုန်မြို့ကို ဒီနေ့အထိ အမွေမြေအဖြစ် ရခဲ့တယ်။+ ၁၅  ဟေဗြုန်မြို့ကို အရင်တုန်းက ကိရယအာဘမြို့လို့+ ခေါ်တယ်။ (အာဘဆိုတာ အာနကအမျိုးသားတွေရဲ့ ခေါင်းဆောင်နာမည်ပဲ။) အဲဒီနောက် တစ်ပြည်လုံးမှာ စစ်မဖြစ်ဘဲ ငြိမ်းချမ်းသာယာနေတယ်။+

အောက်ခြေမှတ်ချက်များ