ယောရှု ၂၂:၁-၃၄

  • အရှေ့ပိုင်းမျိုးနွယ်များ အိမ်ပြန်ကြ (၁-၈)

  • ဂျော်ဒန်မြစ်နား ပူဇော်ရာပလ္လင်တည် (၉-၁၂)

  • ပူဇော်ရာပလ္လင်ရဲ့အဓိပ္ပာယ် ရှင်းပြ (၁၃-၂၉)

  • ပဋိပက္ခကို ဖြေရှင်း (၃၀-၃၄)

၂၂  ယောရှုက ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ မနာရှေအနွယ်တစ်ဝက်ကို ခေါ်ပြီး၊ ၂  “ခင်ဗျားတို့ဟာ ယေဟောဝါရဲ့ကျွန် မောရှေ မှာကြားတဲ့အတိုင်း လုပ်ခဲ့တယ်။+ ကျုပ်မှာကြားတာကိုလည်း နာခံကြတယ်။+ ၃  ဒီနေ့အထိ ကိုယ့်ညီအစ်ကိုတွေကို မစွန့်သွားဘူး။+ ယေဟောဝါဘုရားမိန့်မှာတဲ့အတိုင်းလိုက်နာခဲ့တယ်။+ ၄  အခု၊ ယေဟောဝါဘုရားက ကတိပေးခဲ့တဲ့အတိုင်း ခင်ဗျားတို့ရဲ့ ညီအစ်ကိုတွေကို အေးအေးချမ်းချမ်း နေထိုင်ခွင့်ပေးပြီ။+ ဒါကြောင့် ယေဟောဝါရဲ့ကျွန် မောရှေပေးခဲ့တဲ့ ဂျော်ဒန်မြစ် အရှေ့ဘက်ခြမ်းက ကိုယ့်နယ်မြေ၊ ကိုယ့်တဲတွေဆီ ပြန်ကြတော့။+ ၅  ယေဟောဝါရဲ့ကျွန် မောရှေမှာကြားခဲ့တဲ့အတိုင်း၊ ပညတ်တရားအတိုင်း ဂရုတစိုက် လိုက်နာကြ။+ ယေဟောဝါဘုရားကို ချစ်ပြီး+ ဘုရားရဲ့ လမ်းစဉ်အားလုံးကို လိုက်လျှောက်ကြ။+ ပညတ်ချက်တွေကို လိုက်နာပြီး+ ဘုရားကိုပဲ တွယ်တာနေကြပါ။+ ဘုရားသခင်ကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ဝတ်ပြုကြပါ”+ လို့ပြောတယ်။ ၆  အဲဒီနောက် ဆုမွန်ကောင်း တောင်းပေးပြီး ယောရှု ပြန်လွှတ်လိုက်တော့ သူတို့ အိမ်ပြန်သွားကြတယ်။ ၇  မောရှေက မနာရှေအနွယ်တစ်ဝက်ကို ဗာရှန်ပြည်မှာ အမွေပေးပြီးပြီ။+ ကျန်တစ်ဝက်ကိုတော့ ယောရှုက ဂျော်ဒန်မြစ်အနောက်ဘက်မှာ သူတို့ညီအစ်ကိုတွေနဲ့အတူ အမွေပေးတယ်။+ ယောရှုက သူတို့ကို ပြန်လွှတ်လိုက်ချိန်မှာ ဆုမွန်ကောင်း တောင်းပေးတဲ့အပြင်၊ ၈  “ပစ္စည်းဥစ္စာတွေ၊ တိရစ္ဆာန်တွေ၊ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ အဝတ်အထည်တွေ အများကြီးယူပြီး+ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ကြ။ ရန်သူတွေဆီက တိုက်ရာပါဥစ္စာတွေကိုလည်း ညီအစ်ကိုတွေနဲ့ ခွဲဝေယူကြပါ”+ လို့လည်း ပြောသေးတယ်။ ၉  အဲဒီနောက် ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ မနာရှေအနွယ်တစ်ဝက်က မောရှေကတစ်ဆင့် ယေဟောဝါပေးခဲ့တဲ့ အမိန့်အတိုင်း သူတို့နေထိုင်ဖို့ ရထားတဲ့+ ဂိလဒ်ပြည်ဆီ+ ပြန်သွားဖို့ အစ္စရေးတွေရှိနေတဲ့ ခါနန်ပြည်၊ ရှိလောအရပ်ကနေ ထွက်ခွာလာကြတယ်။ ၁၀  ခါနန်ပြည် ဂျော်ဒန်မြစ်နားကိုရောက်တော့ ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ်တစ်ဝက်က ခမ်းနားတဲ့ ပူဇော်ရာပလ္လင်ကြီးတစ်ခုကို ဂျော်ဒန်မြစ်နားမှာ တည်ကြတယ်။ ၁၁  အဲဒီအကြောင်းကို ကျန်တဲ့အစ္စရေးတွေ ကြားတဲ့အခါ+ “ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ်တစ်ဝက်က အစ္စရေးတွေပိုင်တဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ဒေသ၊ ခါနန်ပြည်နယ်စပ်မှာ ပူဇော်ရာပလ္လင်တစ်ခု တည်ကြပြီ” လို့ပြောကြတယ်။ ၁၂  ဒီသတင်း ကြားတာနဲ့ အစ္စရေးတစ်မျိုးလုံးက သူတို့ကို တိုက်ဖို့ ရှိလောအရပ်မှာ စုဝေးကြတယ်။+ ၁၃  အဲဒီနောက် အစ္စရေးတွေက ပုရောဟိတ်ဧလာဇာရဲ့သား ဖိနဟတ်ကို+ ဂိလဒ်ပြည်မှာရှိတဲ့ ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ မနာရှေအနွယ် တစ်ဝက်ဆီ လွှတ်လိုက်တယ်။ ၁၄  ဖိနဟတ်နဲ့အတူ ခေါင်းဆောင် ဆယ်ယောက်လည်း လိုက်သွားတယ်။ အဲဒီခေါင်းဆောင်တွေက အစ္စရေးတစ်နွယ်စီကို ကိုယ်စားပြုတယ်။ အစ္စရေးလူ ထောင်နဲ့ချီကို ဦးဆောင်ရတဲ့ ဆွေမျိုးစုခေါင်းဆောင်တွေပဲ။+ ၁၅  သူတို့က ဂိလဒ်ပြည်မှာရှိတဲ့ ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ မနာရှေအနွယ်တစ်ဝက်ဆီ ရောက်လာတော့ ၁၆  “ယေဟောဝါရဲ့ လူစုတစ်စုလုံးက ခင်ဗျားတို့ကို မှာလိုက်တယ်– ‘အစ္စရေးတို့ရဲ့ ဘုရားသခင်ကို ဘာလို့ ဒီလို သစ္စာဖောက်ရတာလဲ။+ အခု၊ ခင်ဗျားတို့ ပူဇော်ရာပလ္လင် တည်ပြီး ယေဟောဝါကို ပုန်ကန်ကြပြီ။ ဒါဟာ ယေဟောဝါကို ကျောခိုင်းလိုက်တာပဲ။+ ၁၇  ပေဂုရအရပ်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်နဲ့တင် မတော်သေးဘူးလား။ ယေဟောဝါရဲ့ လူစုအပေါ် ဘေးဒဏ်ကျရောက်ခဲ့တာကို မေ့လိုက်ကြပြီလား။ အဲဒီပြစ်ဒဏ်ကို အခုချိန်ထိ ခံနေရတုန်းပဲ။+ ၁၈  အခုလည်း ယေဟောဝါဘုရားကို ကျောခိုင်းဦးမလို့လား။ ဒီနေ့၊ ယေဟောဝါကို ခင်ဗျားတို့ ပုန်ကန်မယ်ဆိုရင် မနက်ဖြန် အစ္စရေးတစ်မျိုးလုံးကို အကြီးအကျယ် အမျက်ထွက်လိမ့်မယ်။+ ၁၉  ခင်ဗျားတို့အပိုင်ရတဲ့ပြည်က မသန့်ရှင်းဘူးဆိုရင်လည်း ယေဟောဝါရဲ့ တဲတော် ရှိတဲ့နေရာ၊+ ယေဟောဝါပိုင်တဲ့ပြည်မှာ+ ကျုပ်တို့နဲ့အတူ လာနေထိုင်ကြပါ။ ယေဟောဝါကိုတော့ မပုန်ကန်ကြပါနဲ့။ ယေဟောဝါဘုရားရဲ့ ပူဇော်ရာပလ္လင် ရှိပြီးသားပဲ။ နောက်ပလ္လင်တစ်ခုကို တည်ပြီး ကျုပ်တို့အားလုံးကို ပုန်ကန်သူတွေဖြစ်အောင် မလုပ်ကြပါနဲ့။+ ၂၀  ဇေရရဲ့သား အာခန်က+ ဖျက်ဆီးပစ်ရမယ့်အရာကို မယူရဘူးဆိုတဲ့ အမိန့်ကို မနာခံဘဲ သစ္စာမဲ့တဲ့အခါ သူ့အပြစ်ကြောင့် သူတစ်ယောက်တည်း သေခဲ့ရတာ မဟုတ်ဘူး။+ အမျက်တော်ကို အစ္စရေးတစ်မျိုးလုံး ခံခဲ့ရတာ မဟုတ်လား”+ ဆိုပြီး ပြောကြတယ်။ ၂၁  အဲဒီအခါ ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ်တစ်ဝက်က အစ္စရေးလူထောင်နဲ့ချီကို ဦးဆောင်ရတဲ့ ခေါင်းဆောင်တွေကို+ ရှင်းပြတယ်– ၂၂  “ဘုရားတွေထဲမှာ အကြီးမြတ်ဆုံး ဘုရားသခင် ယေဟောဝါ။ ဘုရားတွေထဲမှာ အကြီးမြတ်ဆုံး ဘုရားသခင် ယေဟောဝါ၊+ ဘုရားသခင် သိပါတယ်။ အစ္စရေးတွေလည်း သိကြပါလိမ့်မယ်။ ယေဟောဝါကို ပုန်ကန်ရင်၊ သစ္စာဖောက်ရင် ဒီနေ့ ကျုပ်တို့ကို အသက်ချမ်းသာ မပေးပါနဲ့။ ၂၃  ယေဟောဝါကို ကျောခိုင်းပြီး မီးရှို့ရာအလှူတွေ၊ ကောက်နှံအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သဖို့ ပူဇော်ရာပလ္လင် တည်တာဆိုရင် ကျုပ်တို့ကို ယေဟောဝါ ပြစ်ဒဏ်ပေးပါစေ။+ ၂၄  တကယ်တော့ ကျုပ်တို့ ဒီလိုလုပ်တာ အကြောင်းရှိလို့ပါ။ ‘နောင်တစ်ချိန်မှာ ခင်ဗျားတို့ရဲ့ သားမြေးတွေက ကျုပ်တို့ရဲ့ သားမြေးတွေကို “မင်းတို့က အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါနဲ့ ဘာဆိုင်လို့လဲ။ ၂၅  ယေဟောဝါက ဂျော်ဒန်မြစ်ကို နယ်နိမိတ်ထားပြီး မင်းတို့ ရုဗင်အနွယ်၊ ဂဒ်အနွယ်တွေကို ငါတို့နဲ့ ခြားထားလိုက်ပြီ။ မင်းတို့က ယေဟောဝါနဲ့ ဘာမှမဆိုင်ဘူး” ဆိုပြီး ပြောကြလိမ့်မယ်။ ဒီနည်းနဲ့ ခင်ဗျားတို့ရဲ့သားမြေးတွေက ယေဟောဝါဘုရားကို ကျုပ်တို့ရဲ့သားမြေးတွေ ဝတ်မပြုနိုင်အောင် တားဆီးကြလိမ့်မယ်။’ ၂၆  “ဒါကြောင့် ကျုပ်တို့က ‘ပူဇော်ရာပလ္လင်တစ်ခု တည်ရအောင်။ မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သဖို့ မဟုတ်ဘူး။ ၂၇  ကျုပ်တို့နဲ့ ခင်ဗျားတို့၊ ကျုပ်တို့ရဲ့ သားမြေးတွေနဲ့ ခင်ဗျားတို့ရဲ့ သားမြေးတွေအတွက် သက်သေဖြစ်စေဖို့ပဲ။+ ကျုပ်တို့က ယေဟောဝါရှေ့မှာပဲ မီးရှို့ရာအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ၊ တခြားပူဇော်သက္ကာတွေ+ ဆက်သပြီး ဝတ်ပြုမယ်ဆိုတာ ဒီပူဇော်ရာပလ္လင်ဟာ သက်သေပဲ။ ဒါမှ နောက်နောင် ခင်ဗျားတို့ရဲ့ သားမြေးတွေက “မင်းတို့ ယေဟောဝါဘုရားနဲ့ ဘာမှမဆိုင်ဘူး” လို့ ကျုပ်တို့ရဲ့သားမြေးတွေကို မပြောနိုင်မှာ’ ဆိုပြီး တိုင်ပင်ကြတယ်။ ၂၈  ဒါကြောင့် ‘နောင်တစ်ချိန်မှာ သူတို့က ကျုပ်တို့နဲ့ ကျုပ်တို့ရဲ့ သားမြေးတွေကို အဲဒီလိုပြောလာခဲ့ရင် “ဒီမှာကြည့်၊ ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်နဲ့တူတဲ့ ဒီပလ္လင်ကို ငါတို့ဘိုးဘေးတွေ တည်ခဲ့တယ်။ မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သဖို့ မဟုတ်ဘူး။ မင်းတို့နဲ့ ငါတို့အတွက် သက်သေဖြစ်စေဖို့ပဲ” ဆိုပြီး ပြန်ပြောမယ်’ လို့ ကျုပ်တို့ တိုင်ပင်ကြပါတယ်။ ၂၉  ယေဟောဝါကို ကျောခိုင်းဖို့၊+ ယေဟောဝါကို ပုန်ကန်ဖို့ဆိုတာ စဉ်းတောင်မစဉ်းစားဝံ့ပါဘူး။ မီးရှို့ရာအလှူတွေ၊ ကောက်နှံအလှူတွေ၊ တခြားပူဇော်သက္ကာတွေ ဆက်သဖို့ တဲတော်ရှေ့က ယေဟောဝါဘုရားရဲ့ ပူဇော်ရာပလ္လင်ကလွဲလို့ တခြားပူဇော်ရာပလ္လင်ကို တည်ဖို့ မရည်ရွယ်ပါဘူး။”+ ၃၀  ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ မနာရှေအနွယ်တစ်ဝက် ပြောတဲ့စကားကို ကြားတဲ့အခါ ပုရောဟိတ်ဖိနဟတ်ရော၊ အစ္စရေးလူထောင်နဲ့ချီကို ဦးဆောင်ရတဲ့ ဆွေမျိုးစုခေါင်းဆောင်တွေပါ ကျေနပ်သွားကြတယ်။+ ၃၁  ဒါကြောင့် ပုရောဟိတ်ဧလာဇာရဲ့သား ဖိနဟတ်က “ယေဟောဝါဘုရားကို ခင်ဗျားတို့ သစ္စာမဖောက်တဲ့အတွက် တို့တစ်တွေနဲ့အတူ ယေဟောဝါဘုရား ရှိတယ်ဆိုတာ ဒီနေ့သိရပြီ။ အစ္စရေးတွေကို ယေဟောဝါဘုရားရဲ့လက်ထဲကနေ ခင်ဗျားတို့ ကယ်လိုက်တာပဲ” ဆိုပြီး ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ်ရဲ့ သားမြေးတွေကို ပြောတယ်။ ၃၂  အဲဒီနောက် ပုရောဟိတ်ဧလာဇာရဲ့သား ဖိနဟတ်နဲ့ ခေါင်းဆောင်တွေက ဂိလဒ်ပြည်မှာရှိတဲ့ ရုဗင်အနွယ်၊ ဂဒ်အနွယ်ဆီကနေ ခါနန်ပြည်ကို ပြန်လာပြီး ကျန်တဲ့အစ္စရေးတွေကို အကြောင်းစုံ ပြောပြကြတယ်။ ၃၃  ဒီသတင်းကို အစ္စရေးတွေကြားတဲ့အခါ ကျေနပ်သွားပြီး ဘုရားသခင်ကို ချီးမွမ်းကြတယ်။ ရုဗင်အနွယ်နဲ့ ဂဒ်အနွယ် နေထိုင်တဲ့ပြည်ကို သွားတိုက်ခိုက်ပြီး ဖျက်ဆီးမယ့်အကြောင်း ထပ်မပြောကြတော့ဘူး။ ၃၄  ရုဗင်အနွယ်၊ ဂဒ်အနွယ်က “ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားသခင် ဖြစ်မှန်း ဒီပူဇော်ရာပလ္လင်ဟာ ငါတို့အားလုံးအတွက် သက်သေပဲ” ဆိုပြီး အဲဒီပလ္လင်ကို နာမည်ပေးလိုက်တယ်။*

အောက်ခြေမှတ်ချက်များ

‘သက်သေ’ လို့နာမည်ပေးတာ ဖြစ်နိုင်။