ယောရှု ၂၃:၁-၁၆

  • အစ္စရေးခေါင်းဆောင်တွေကို ယောရှု နှုတ်ဆက်စကား ပြော (၁-၁၆)

    • ယေဟောဝါရဲ့စကား တစ်ခုမကျန် ပြည့်စုံ (၁၄)

၂၃  ယေဟောဝါက  အစ္စရေးတွေကို ပတ်ဝန်းကျင်ရန်သူတွေရဲ့ ဘေးရန်ကနေ ကင်းဝေးစေခဲ့တာ+ အချိန်အတော်ကြာပြီ။ ယောရှုလည်း အသက်ကြီးပြီး အိုမင်းလာပြီ။+ ၂  ယောရှုက အကြီးအကဲတွေ၊ ခေါင်းဆောင်တွေ၊ တရားသူကြီးတွေ၊ လက်ထောက်ခေါင်းဆောင်တွေ+ အပါအဝင် အစ္စရေးအားလုံးကိုခေါ်ပြီး+ ပြောတယ်– “ကျုပ်ကတော့ အသက်ကြီးပြီး အိုမင်းနေပြီ။ ၃  ယေဟောဝါဘုရားက ဒီလူမျိုးအားလုံးကို ဘယ်လို တိုက်ခိုက်ပေးခဲ့မှန်း ခင်ဗျားတို့ကိုယ်တိုင် မြင်ခဲ့ကြပြီ။ ယေဟောဝါဘုရားဟာ ခင်ဗျားတို့အတွက် တိုက်ခိုက်ပေးတဲ့အရှင်ပါပဲ။+ ၄  ဂျော်ဒန်မြစ်ကနေ အနောက်ဘက် ပင်လယ်ကြီး* အထိ ကျုပ်ဖျက်ဆီးခဲ့တဲ့ လူမျိုးတွေနဲ့+ ကျန်နေသေးတဲ့ လူမျိုးတွေရဲ့ ပြည်ကို ခင်ဗျားတို့အတွက် အမွေအဖြစ်+ မဲချခွဲဝေပေးခဲ့ပြီ။+ ၅  သူတို့ကို ခင်ဗျားတို့ရှေ့ကနေ တိုက်ထုတ်ပေးခဲ့သူ၊ မောင်းထုတ်ပေးခဲ့သူဟာ ယေဟောဝါဘုရားပဲ။+ ယေဟောဝါဘုရား ကတိပေးထားတဲ့အတိုင်း သူတို့ပြည်ကို ခင်ဗျားတို့ သိမ်းယူနိုင်ခဲ့တယ်။+ ၆  “ဒီတော့ မောရှေရဲ့ ပညတ်ကျမ်းမှာ+ ရေးထားသမျှအတိုင်း လိုက်နာကျင့်ကြံဖို့ ခင်ဗျားတို့ သတ္တိရှိရမယ်။ ဘယ်ညာ မလွဲသွားပါနဲ့။+ ၇  ကျန်နေသေးတဲ့ လူမျိုးတွေနဲ့ ဘယ်တော့မှ ရောရောနှောနှော မနေပါနဲ့။+ သူတို့ဘုရားတွေရဲ့ နာမည်ကို မတမိစေနဲ့။+ သူတို့ရဲ့ဘုရားတွေကို တိုင်တည်ပြီး သစ္စာမဆိုနဲ့။ သူတို့ဘုရားတွေကို လုံးဝ ဦးမချ၊ ဝတ်မပြုပါနဲ့။+ ၈  အခုလိုပဲ ယေဟောဝါဘုရားကို ဆက်ပြီးတွယ်တာနေပါ။+ ၉  လူဦးရေများပြီး အင်အားကြီးတဲ့ လူမျိုးတွေကို ခင်ဗျားတို့ရှေ့ကနေ ယေဟောဝါဘုရား နှင်ထုတ်ပေးမယ်။+ အခုအထိ၊ ခင်ဗျားတို့ကို ခုခံနိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး။+ ၁၀  ယေဟောဝါဘုရားက ကတိအတိုင်း တိုက်ခိုက်ပေးတဲ့အတွက်+ ခင်ဗျားတို့ရဲ့ လူတစ်ယောက်က လူတစ်ထောင်ကို လိုက်ဖမ်းနိုင်မယ်။+ ၁၁  ယေဟောဝါဘုရားကို ချစ်ကြပါ။+ ဒီနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲစောင့်ရှောက်ကြပါ။+ ၁၂  “ဘုရားသခင်ကို  ကျောခိုင်းမယ်၊ ကျန်နေသေးတဲ့ လူမျိုးတွေကို+ တွယ်တာနေမယ်၊ သူတို့နဲ့ ထိမ်းမြားပေးစားမယ်၊+ မိတ်ဖွဲ့ပေါင်းသင်းမယ်ဆိုရင်တော့၊ ၁၃  အဲဒီလူမျိုးတွေကို ယေဟောဝါဘုရား ဆက်ပြီးမောင်းထုတ်ပေးမှာ မဟုတ်ဘူးဆိုတာ သိထားကြပါ။+ အဲဒီလူမျိုးတွေက ထောင်ချောက်လို၊ ကျော့ကွင်းလို၊ နံစောင်းကိုရိုက်တဲ့ ကျာပွတ်လို၊+ မျက်စိကိုစူးတဲ့ ဆူးတွေလို ဖြစ်လာမယ်။ ဒီလိုနဲ့ ခင်ဗျားတို့ဟာ ယေဟောဝါဘုရားပေးတဲ့ ဒီသာယာလှပတဲ့ ပြည်မှာ လုံးဝပျက်စီးသွားမယ်။ ၁၄  “ကျုပ်ကတော့ မကြာခင် သေရတော့မယ်။ ယေဟောဝါဘုရား ပေးခဲ့တဲ့ ကောင်းမွန်တဲ့ ကတိအားလုံး မပြည့်စုံဘဲ မနေဘူးဆိုတာ ခင်ဗျားတို့ အကြွင်းမဲ့သိတာပဲ။ အဲဒီကတိတွေ တစ်ခုမကျန် ပြည့်စုံလာတယ်။ တစ်ခုမှ မပြည့်စုံဘဲ မနေခဲ့ဘူး။+ ၁၅  ဒါပေမဲ့ ယေဟောဝါဘုရား ပြောခဲ့တဲ့ ကောင်းမွန်တဲ့ကတိအားလုံး ပြည့်စုံလာသလိုပဲ+ ယေဟောဝါက ကတိပေးထားတဲ့ ဘေးဆိုးအားလုံးကိုလည်း ကျရောက်စေမယ်။ ယေဟောဝါဘုရားပေးတဲ့ သာယာလှပတဲ့ ဒီပြည်မှာ ခင်ဗျားတို့ လုံးဝဖျက်ဆီးခံရမယ်။+ ၁၆  စောင့်ထိန်းရမယ့် ယေဟောဝါဘုရားရဲ့ ပဋိညာဉ်ကို ချိုးဖောက်မယ်ဆိုရင်၊ တခြားဘုရားတွေကို သွားဝတ်ပြုပြီး ဦးချမယ်ဆိုရင် ခင်ဗျားတို့ကို ယေဟောဝါဘုရား အမျက်ထွက်မယ်။+ ဘုရားပေးထားတဲ့ သာယာလှပတဲ့ ပြည်မှာ ခင်ဗျားတို့ အမြန်ဆုံး ပျက်စီးသွားမယ်။”+

အောက်ခြေမှတ်ချက်များ

မြေထဲပင်လယ်။