ယောရှု ၄:၁-၂၄

  • အမှတ်ရစေတဲ့ ကျောက်တုံးများ (၁-၂၄)

၄  ဂျော်ဒန်မြစ်ကို အစ္စရေးတစ်မျိုးလုံး ဖြတ်ကူးပြီးတာနဲ့ ယေဟောဝါက ယောရှုကို၊ ၂  “အစ္စရေးတစ်နွယ်မှာ တစ်ယောက်စီ၊ လူ ၁၂ ယောက်ကို ရွေးလိုက်ပါ။+ ၃  ‘ပုရောဟိတ်တွေ ငြိမ်ငြိမ်လေး ရပ်နေခဲ့တဲ့ ဂျော်ဒန်မြစ်အလယ်ကနေ+ ကျောက် ၁၂ တုံးကို သယ်လာပြီး ဒီည စခန်းချမယ့်နေရာမှာ ထားရမယ်’+ လို့ သူတို့ကို ပြောပါ” ဆိုပြီး မှာတယ်။ ၄  ယောရှုလည်း အစ္စရေးတစ်နွယ်မှာ တစ်ယောက်စီ ရွေးထားတဲ့ လူ ၁၂ ယောက်ကို ခေါ်ပြီး၊ ၅  “ဂျော်ဒန်မြစ်အလယ်မှာရှိတဲ့ ယေဟောဝါဘုရားရဲ့ သေတ္တာတော်ရှေ့နားကို သွားပြီး အစ္စရေးအနွယ်အလိုက် တစ်ယောက်ကို ကျောက်တစ်တုံးစီ သယ်ခဲ့ပါ။ ၆  အဲဒီကျောက်တွေက ဘုရားသခင် လုပ်ပေးခဲ့တာတွေကို အမှတ်ရစေမယ်။ နောင်တစ်ချိန်မှာ သားသမီးတွေက ‘ဒီကျောက်တုံးတွေကို ဘာလို့ထားတာလဲ’ ဆိုပြီး မေးလာရင်၊+ ၇  ‘ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ထမ်းပြီး ဂျော်ဒန်မြစ်ကို ဖြတ်ကူးတဲ့အခါ ပဋိညာဉ်သေတ္တာရှေ့မှာ မြစ်ရေ ရပ်တန့်သွားတယ်။+ ဒါကြောင့် ဒီကျောက်တုံးတွေဟာ အစ္စရေးတွေအတွက် ထာဝရအထိမ်းအမှတ်ပဲ’+ ဆိုပြီး ပြောပြရမယ်” လို့မှာတယ်။ ၈  အစ္စရေးတွေလည်း ယောရှုမှာကြားတဲ့အတိုင်း လုပ်ကြတယ်။ ယောရှုကို ယေဟောဝါ ညွှန်ကြားတဲ့အတိုင်း အစ္စရေးအနွယ်အလိုက် ကျောက် ၁၂ တုံးကို ဂျော်ဒန်မြစ်အလယ်ကနေ သယ်လာပြီး ညအိပ်စခန်းချမယ့်နေရာမှာ ချထားကြတယ်။ ၉  အဲဒီနောက် ပဋိညာဉ်သေတ္တာ ထမ်းတဲ့ ပုရောဟိတ်တွေရပ်ခဲ့တဲ့ ဂျော်ဒန်မြစ်အလယ်မှာ+ နောက်ထပ်ကျောက် ၁၂ တုံးကို ယောရှု စိုက်ထူလိုက်တယ်။ အဲဒီကျောက်တုံးတွေ ဒီနေ့အထိ ရှိနေတုန်းပဲ။ ၁၀  ယောရှုကို မောရှေမှာကြားခဲ့သမျှ၊ ယောရှုကတစ်ဆင့် ယေဟောဝါ လုပ်ခိုင်းသမျှ ပြီးစီးသွားတဲ့အထိ ပဋိညာဉ်သေတ္တာ ထမ်းတဲ့ ပုရောဟိတ်တွေက ဂျော်ဒန်မြစ်အလယ်မှာ ရပ်နေကြတယ်။ အဲဒီအချိန်မှာ လူတွေ ခပ်သွက်သွက် ဖြတ်ကူးကြတယ်။ ၁၁  လူအားလုံး ဖြတ်ကူးပြီးတာနဲ့ ယေဟောဝါရဲ့ သေတ္တာတော်ကို ထမ်းတဲ့ ပုရောဟိတ်တွေ ဖြတ်ကူးကြတယ်။ ဒါကို လူတွေ ကြည့်နေကြတယ်။+ ၁၂  ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ်တစ်ဝက်က မောရှေညွှန်ကြားခဲ့တဲ့အတိုင်း+ အစ္စရေးတွေရှေ့ကနေ တပ်ဖွဲ့ပုံစံနဲ့ စနစ်တကျ ဖြတ်ကူးကြတယ်။+ ၁၃  လက်နက်ကိုင်စစ်သည် ၄၀,၀၀၀ လောက်က ယေရိခေါလွင်ပြင်ဘက်ကို ယေဟောဝါရှေ့မှာ ဖြတ်ကူးသွားကြတယ်။ ၁၄  အဲဒီနေ့မှာ ယေဟောဝါက အစ္စရေးတွေရှေ့မှာ ယောရှုကို ချီးမြှောက်တယ်။+ လူတွေက မောရှေကို အလွန်လေးစားခဲ့သလို ယောရှုကိုလည်း သူအသက်ရှင်နေသရွေ့ အလွန်လေးစားကြတယ်။+ ၁၅  ယေဟောဝါက ယောရှုကို၊ ၁၆  “သက်သေခံချက်သေတ္တာ+ ထမ်းတဲ့ ပုရောဟိတ်တွေကို ဂျော်ဒန်မြစ်ထဲကနေ တက်လာခိုင်းပါ” လို့ပြောတယ်။ ၁၇  ယောရှုလည်း ပုရောဟိတ်တွေကို “ဂျော်ဒန်မြစ်ထဲကနေ တက်လာကြ” လို့ပြောတယ်။ ၁၈  ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ထမ်းတဲ့ ပုရောဟိတ်တွေက+ ဂျော်ဒန်မြစ်လယ်ကနေ တက်လာပြီး ကုန်းပေါ်လည်း ခြေချလိုက်ရော မြစ်ရေဟာ ပြန်စီးဆင်းပြီး အရင်လိုပဲ လျှံနေတော့တယ်။+ ၁၉  ပထမလ၊ ဆယ်ရက်နေ့မှာ လူတွေက ဂျော်ဒန်မြစ်ကနေ တက်လာပြီး ယေရိခေါမြို့ရဲ့ အရှေ့ဘက်နယ်စပ်မှာရှိတဲ့ ဂိလဂါလအရပ်မှာ စခန်းချကြတယ်။+ ၂၀  ဂျော်ဒန်မြစ်ထဲကနေ သယ်လာတဲ့ ကျောက် ၁၂ တုံးကိုတော့ ယောရှုက ဂိလဂါလအရပ်မှာ စိုက်ထူပြီး၊+ ၂၁  အစ္စရေးတွေကို မှာတယ်– “နောင်တစ်ချိန်မှာ သားသမီးတွေက ‘ဒီကျောက်တုံးတွေ ဘာအတွက်လဲ’ လို့မေးလာရင်၊+ ၂၂  ‘အစ္စရေးတွေဟာ ဂျော်ဒန်မြစ်ရဲ့ ခြောက်သွေ့တဲ့ မြစ်ကြမ်းပြင်ပေါ်မှာ ဖြတ်ကူးခဲ့ကြတယ်။+ ၂၃  ယေဟောဝါဘုရားက ပင်လယ်နီကို အဖေတို့ ဖြတ်ကူးပြီးချိန်အထိ ခန်းခြောက်စေခဲ့တယ်။ ယေဟောဝါဘုရားက ဂျော်ဒန်မြစ်ကိုလည်း အဖေတို့ဖြတ်ကူးလို့ မပြီးမချင်း ခန်းခြောက်စေခဲ့တယ်။+ ၂၄  ယေဟောဝါရဲ့လက်ရုံး ဘယ်လောက်အားကြီးမှန်း ကမ္ဘာပေါ်ရှိသမျှလူတွေ သိစေဖို့၊+ ယေဟောဝါဘုရားကို မင်းတို့ အမြဲကြောက်ရွံ့ရိုသေစေဖို့ အဲဒီလို လုပ်ခဲ့တာ’ ဆိုပြီး ပြောပြရမယ်။”

အောက်ခြေမှတ်ချက်များ