ယောလ ၂:၁-၃၂

  • ယေဟောဝါရဲ့နေ့၊ စစ်တပ်ကြီး (၁-၁၁)

  • ယေဟောဝါဆီ ပြန်လာဖို့ ဖိတ်ခေါ် (၁၂-၁၇)

    • ‘စိတ်နှလုံးကို ဆွဲဆုတ်ပါ’ (၁၃)

  • လူမျိုးတော်ကို ယေဟောဝါ အဖြေပေး (၁၈-၃၂)

    • ‘စွမ်းအားတော်ကို သွန်းလောင်းမယ်’ (၂၈)

    • ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်က ထူးဆန်းတဲ့အရာ (၃၀)

    • ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရ (၃၂)

 “ဇိအုန်မှာ တံပိုးမှုတ်ကြ။+ သန့်ရှင်းတဲ့တောင်ပေါ်မှာ စစ်ငြာသံပေးကြ။ ပြည်သူပြည်သားအားလုံး ကြောက်ရွံ့တုန်လှုပ်ကြပါစေ။ ယေဟောဝါရဲ့နေ့ ရောက်တော့မယ်။+  အဲဒီနေ့ နီးနေပြီ။  ၂  အဲဒီနေ့ဟာ မှောင်မိုက်ပြီး အုံ့ဆိုင်းတဲ့နေ့၊+ မိုးတိမ်ထူပြီး မည်းမှောင်တဲ့နေ့ပဲ။+ အရုဏ်တက်ချိန်မှာ တောင်တန်းတွေပေါ် ဖြာဆင်းတဲ့ ရောင်နီနဲ့ တူတယ်။ များပြားပြီး ခွန်အားကြီးတဲ့ လူမျိုးတစ်မျိုးရှိတယ်။+ သူတို့လိုလူမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ နောင်လူမျိုးအဆက်ဆက် ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။  ၃  သူတို့ရှေ့မှာ ဝါးမျိုတဲ့မီး၊နောက်မှာ လောင်ကျွမ်းတဲ့မီးလျှံ ရှိတယ်။+ သူတို့ရှေ့ကပြည်ဟာ ဧဒင်ဥယျာဉ်နဲ့ တူပေမဲ့+ သူတို့ရောက်ပြီးနောက်မှာတော့ လူသူဆိတ်ညံတဲ့ တောကန္တာရပဲ ဖြစ်ကျန်ခဲ့တယ်။ လွတ်မြောက်တာ ဘာတစ်ခုမှမရှိဘူး။  ၄  သူတို့ရဲ့ ပုံသဏ္ဌာန်ဟာ မြင်းတွေလိုပဲ။ စစ်မြင်းတွေလို ဒုန်းစိုင်းပြေးတတ်တယ်။+  ၅  သူတို့ရဲ့အသံက တောင်ထိပ်မှာ ကဆုန်ပေါက်နေတဲ့ မြင်းရထားတွေရဲ့အသံနဲ့ တူတယ်။+ ရိုးပြတ်တွေကို မီးလျှံတွေ တဖြောက်ဖြောက် ဝါးမျိုသံနဲ့ တူတယ်။ သူတို့ဟာ စစ်ခင်းနေတဲ့ ခွန်အားကြီး စစ်သူရဲတွေလိုပဲ။+  ၆  သူတို့ကြောင့် လူတွေ ဝေဒနာခံစားရမယ်။ ကြောက်စိတ်မွှန်ပြီး မျက်နှာတွေ နီရဲနေမယ်။  ၇  သူတို့က စစ်သူရဲတွေလို တစ်ဟုန်ထိုး ပြေးလာတယ်။ စစ်သားတွေလို မြို့ရိုးပေါ် တွယ်တက်တယ်။ လမ်းကြောင်း မပြောင်းဘဲ တန်းတန်းမတ်မတ် ချီတက်ကြတယ်။  ၈  အချင်းချင်း မတွန်းမတိုက်ကြဘူး။ ကိုယ့်လမ်းကြောင်းအတိုင်း ဆက်ချီတက်တယ်။ လက်နက်ထိမှန်ပြီး လဲကျသူတွေ ရှိရင်တောင် ကျန်တဲ့သူတွေက ဖရိုဖရဲမဖြစ်ဘဲ ဆက်ချီတက်ကြတယ်။  ၉  မြို့ထဲကို တစ်ဟုန်ထိုး ပြေးဝင်ကြတယ်။ မြို့ရိုးပေါ် ပြေးလွှားကြတယ်။ အိမ်တွေပေါ် တက်ကြတယ်။ သူခိုးလို ပြတင်းပေါက်ကို ကျော်ပြီး အထဲဝင်ကြတယ်။ ၁၀  သူတို့ရှေ့မှာ တိုင်းပြည်ဟာ ဖိမ့်ဖိမ့်တုန်နေတယ်။ ကောင်းကင် လှုပ်ခါနေတယ်။ နေနဲ့လ မှောင်မိုက်ပြီး ကြယ်တွေလည်း မထွန်းလင်းတော့ဘူး။+ ၁၁  ယေဟောဝါက မိမိရဲ့တပ်ရှေ့မှာ ကြွေးကြော်မယ်။+ တပ်စခန်းမှာ စစ်သည်တွေ အတိုင်းမသိ များတယ်။+ ပြောတဲ့အတိုင်း အကောင်အထည်ဖော်တဲ့အရှင်ဟာ ခွန်အားကြီးတယ်။ ယေဟောဝါရဲ့နေ့ဟာ ကြောက်ရွံ့ထိတ်လန့်ဖွယ် နေ့ကြီးပဲ။+ ဘယ်သူခံရပ်နိုင်မလဲ။”+ ၁၂  ဒါကြောင့် ယေဟောဝါပြောတာက “အခုပဲ ငါ့ဆီကို စိတ်ရောကိုယ်ပါ ပြန်လာကြ။+ အစာရှောင်ပြီး+ ငိုကြွေးမြည်တမ်းကြ။ ၁၃  အဝတ်ကိုမဟုတ်ဘဲ+ စိတ်နှလုံးကို ဆွဲဆုတ်ပြီး+ မင်းတို့ရဲ့ဘုရား ယေဟောဝါဆီ ပြန်လာကြ။ ငါဟာ သနားစာနာတတ်ပြီး ကရုဏာရှိတဲ့ဘုရား၊အမျက်ထွက်နှေးပြီး+ ခိုင်မြဲတဲ့မေတ္တာ ကြီးမားတဲ့ဘုရားဖြစ်တယ်။+ ငါ့လူတွေအပေါ် ကျရောက်စေမယ့် ဘေးဆိုးနဲ့ပတ်သက်ပြီး ပြန်စဉ်းစားသုံးသပ်မယ်။ ၁၄  မင်းတို့ရဲ့ဘုရား ယေဟောဝါက စိတ်ပြောင်းပြီး ပြန်စဉ်းစားသုံးသပ်လေမလား၊+ ကောက်နှံအလှူနဲ့ သွန်းလောင်းရာအလှူတွေကို မင်းတို့ပူဇော်နိုင်ဖို့ ကောင်းချီးတွေ ချန်ထားလေမလား ဘယ်သူပြောနိုင်မလဲ။ ၁၅  ဇိအုန်မှာ တံပိုးမှုတ်ကြ။ အစာရှောင်ချိန်ကို ကြေညာကြ။ အထူးစည်းဝေးပွဲ တက်ဖို့ လူတွေကို ခေါ်လိုက်ပါ။+ ၁၆  လူတွေကို စုဝေးပါ။ လူအုပ်ကို သန့်စင်အောင် လုပ်ခိုင်းပါ။+ အကြီးအကဲတွေကို စုရုံးပါ။ ကလေးတွေ၊ နို့စို့ကလေးတွေပါမကျန် စုဝေးလိုက်ပါ။+ သတို့သားကို အတွင်းခန်းထဲ ကနေ၊ သတို့သမီးကိုလည်း မင်္ဂလာအခန်းထဲကနေ ထွက်လာခိုင်းလိုက်ပါ။ ၁၇  ယေဟောဝါအတွက် အမှုဆောင်တဲ့ ပုရောဟိတ်တွေက မုခ်ဦးနဲ့ ပူဇော်ရာပလ္လင်ကြားမှာ+ ငိုကြွေးကြပါစေ။ ‘အို ယေဟောဝါ၊ လူမျိုးတော်ကို သနားလှည့်ပါ။ အမွေတော်ကို နှာခေါင်းရှုံ့ စရာ မဖြစ်စေပါနဲ့။ သူတို့ကို လူမျိုးခြားတွေ မအုပ်ချုပ်စေပါနဲ့။ “သူတို့ရဲ့ဘုရား ဘယ်မှာလဲ”+ လို့ လူတွေ ဘာလို့ပြောရမှာလဲ’ ဆိုပြီး ဆုတောင်းကြပါစေ။ ၁၈  အဲဒီအခါ ငါယေဟောဝါကလည်း ငါ့တိုင်းပြည်ကို စိတ်ထက်သန်စွာ ကူညီမယ်။ ငါ့လူမျိုးကို သနားစာနာမယ်။+ ၁၉  ငါယေဟောဝါက ‘ကောက်နှံတွေ၊ စပျစ်ဝိုင်အသစ်တွေ၊ ဆီတွေကို မင်းတို့အတွက် ပေးမယ်။ မင်းတို့ ဝဝလင်လင် စားသောက်ရမယ်။+ မင်းတို့ကို လူမျိုးတွေအလယ်မှာ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေတော့မှာ မဟုတ်ဘူး။+ ၂၀  မြောက်ပိုင်းသားကို မင်းတို့နဲ့ဝေးရာဆီ မောင်းထုတ်မယ်။ ခြောက်သွေ့တဲ့ လွင်တီးခေါင်ဆီ ကွဲလွင့်စေမယ်။ သူ့ရဲ့တပ်ဦးကို အရှေ့ပင်လယ်ဘက်၊* နောက်ရံတပ်ကို အနောက်ပင်လယ်ဘက်* ကွဲလွင့်စေမယ်။ သူ့ဆီက အပုပ်နံ့ တထောင်းထောင်း ထွက်နေမယ်။+ ကြီးမြတ်တဲ့အမှုတွေကို ငါလုပ်ဆောင်မယ်’ ဆိုပြီး ငါ့လူတွေကို အဖြေပေးမယ်။ ၂၁  အို တိုင်းပြည်၊ မကြောက်နဲ့။ ရွှင်လန်းဝမ်းမြောက်ပါ။ ယေဟောဝါက ကြီးမြတ်တဲ့အမှုတွေကို လုပ်ဆောင်မယ်။ ၂၂  သားရဲတို့၊ မကြောက်နဲ့။ တောကန္တာရထဲက စားကျက်မြေတွေ စိမ်းလန်းလာမယ်။+ အပင်တွေ အသီးသီးလိမ့်မယ်။+ သဖန်းပင်နဲ့ စပျစ်ပင်တွေ ပြွတ်ခဲအောင် သီးလိမ့်မယ်။+ ၂၃  ဇိအုန်မြို့သားတို့၊ မင်းတို့ရဲ့ဘုရား ယေဟောဝါကြောင့် ရွှင်လန်းဝမ်းမြောက်ကြပါ။+ ငါက ဆောင်းဦးမိုးကို လိုသလောက် ပေးမယ်။ မင်းတို့အပေါ် မိုးရွာသွန်းစေမယ်။ အရင်တုန်းကလိုပဲ ဆောင်းဦးမိုးနဲ့ နွေဦးမိုးကို ရွာချစေမယ်။+ ၂၄  ကောက်နယ်တလင်းတွေမှာ သန့်စင်ထားတဲ့ ကောက်နှံတွေ ပြည့်နေမယ်။ အသီးနယ်တဲ့ကျင်းတွေမှာ စပျစ်ဝိုင်အသစ်တွေ၊ ဆီတွေ လျှံကျနေမယ်။+ ၂၅  နှစ်တွေတစ်လျှောက် အုံဖွဲ့ကျိုင်းကောင်၊ ကျိုင်းကောင်ပေါက်၊အဖျက်ကျိုင်းကောင်၊ ဝါးမျိုကျိုင်းကောင်တွေ စားပစ်လိုက်တဲ့ မင်းတို့ရဲ့ သီးနှံတွေအတွက် ငါပြန်လျော်ပေးမယ်။ သူတို့ဟာ ငါစေလွှတ်လိုက်တဲ့ တပ်မဟာကြီးပဲ။+ ၂၆  မင်းတို့က တကယ် ဝဝလင်လင် စားသောက်ရမယ်။+ အံ့ဖွယ်ရာတွေ လုပ်ဆောင်ပေးခဲ့တဲ့ မင်းတို့ရဲ့ဘုရား ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းကြလိမ့်မယ်။+ ငါ့လူတွေဟာ အရှက်ကွဲရတော့မှာ မဟုတ်ဘူး။+ ၂၇  အစ္စရေးတွေအလယ်မှာ စံမြန်းနေတဲ့+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါဖြစ်မှန်း၊+ ငါကလွဲပြီး တခြားဘုရား မရှိမှန်း မင်းတို့သိရလိမ့်မယ်။ ငါ့လူတွေဟာ အရှက်ကွဲရတော့မှာ မဟုတ်ဘူး။ ၂၈  အဲဒီနောက် စွမ်းအားတော်ကို လူအမျိုးမျိုးအပေါ် ငါသွန်းလောင်းမယ်။+ မင်းတို့ရဲ့ သားသမီးတွေ ပရောဖက်ပြုကြလိမ့်မယ်။ အသက်ကြီးသူတွေ အိပ်မက် မြင်မက်ကြလိမ့်မယ်။ လူငယ်တွေလည်း စိတ်အာရုံ မြင်ကြလိမ့်မယ်။+ ၂၉  အဲဒီအချိန်မှာ ငါ့ကျွန်တွေ၊ ကျွန်မတွေကိုပါ စွမ်းအားတော်ငါသွန်းလောင်းမယ်။ ၃၀  ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ထူးဆန်းတဲ့အရာတွေ ငါပြမယ်။ သွေးတွေ၊ မီးတွေ၊ မီးခိုးလုံးတွေ ဖြစ်ပေါ်လိမ့်မယ်။+ ၃၁  ယေဟောဝါရဲ့ ကြောက်မက်ဖွယ်နေ့ကြီး မရောက်ခင်+ နေဟာ မှောင်မိုက်သွားမယ်။ လဟာ သွေးဖြစ်သွားမယ်။+ ၃၂  ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်။+ ယေဟောဝါ ပြောထားတဲ့အတိုင်း ဇိအုန်တောင်နဲ့ ဂျေရုဆလင်မြို့မှာ လွတ်မြောက်သူတွေ ရှိမယ်။+ သူတို့ဟာ ယေဟောဝါ ခေါ်ယူလို့ အသက်ရှင်ကျန်ရစ်သူတွေပဲ။”

အောက်ခြေမှတ်ချက်များ

ပင်လယ်သေ။
မြေထဲပင်လယ်။