ယောလ ၃:၁-၂၁

  • လူမျိုးအားလုံးကို ယေဟောဝါ တရားစီရင် (၁-၁၇)

    • ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင် (၁၂)

    • တရားဆုံးဖြတ်မယ့် ချိုင့်ဝှမ်းလွင်ပြင် (၁၄)

    • အစ္စရေးတို့ရဲ့ခံတပ် ယေဟောဝါ (၁၆)

  • လူမျိုးတော်ကိုယေဟောဝါ ကောင်းချီးပေး (၁၈-၂၁)

၃  “အဲဒီနေ့၊ အဲဒီအချိန်ရောက်ရင် ယုဒနဲ့ ဂျေရုဆလင်ရဲ့ သုံ့ပန်းတွေကို ငါပြန်ခေါ်လာမယ်။+  ၂  လူမျိုးအားလုံးကို စုဝေးပြီး ယောရှဖတ်* ချိုင့်ဝှမ်းလွင်ပြင်ဆီ ငါခေါ်လာမယ်။ အဲဒီလွင်ပြင်မှာ ငါ့လူတွေအတွက်၊ ငါ့အမွေဖြစ်တဲ့ အစ္စရေးအတွက် သူတို့ကို ငါတရားစီရင်မယ်။+ သူတို့က ငါ့လူတွေကို လူမျိုးခြားတွေအလယ်မှာ ကွဲလွင့်စေပြီး ငါ့ပြည်ကို ခွဲဝေယူခဲ့ကြလို့ပဲ။+  ၃  သူတို့က ငါ့လူတွေကို မဲချပြီး ခွဲဝေယူကြတယ်။+ ပြည့်တန်ဆာငှားခအဖြစ် လူငယ်လေးကို ပေးကြတယ်။ သောက်စရာ စပျစ်ဝိုင်ရဖို့ မိန်းကလေးကို ရောင်းစားကြတယ်။  ၄  အို တိုင်ရာမြို့၊ ဆိုင်ဒုန်မြို့၊ ဖိလိတိတစ်ပြည်လုံး၊မင်းတို့က ငါ့ကို ဘာမကျေနပ်တာ ရှိလို့လဲ။ တစ်ခုခုကြောင့် ငါ့ကို လက်တုံ့ပြန်နေတာလား။ လက်တုံ့ပြန်နေတာဆိုရင်တော့ ငါကလည်း မင်းတို့ကို အဲဒီအတိုင်း ချက်ချင်း လက်တုံ့ပြန်မယ်။+  ၅  မင်းတို့က ငါ့ရွှေငွေတွေကို သိမ်းယူပြီး+ အဖိုးတန်ဘဏ္ဍာတွေကို မင်းတို့ရဲ့ဘုရားကျောင်းထဲ ယူသွားတယ်။  ၆  ယုဒလူတွေနဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေကို ဂရိလူတွေဆီ ရောင်းစားပြီး+ သူတို့နယ်မြေနဲ့ ဝေးရာဆီ ဖယ်ရှားပစ်ခဲ့တယ်။  ၇  ဒါကြောင့် မင်းတို့ ရောင်းစားလိုက်တဲ့နေရာကနေ သူတို့ကို ငါပြန်လာစေမယ်။+ မင်းတို့ လက်တုံ့ပြန်တဲ့အတိုင်း ငါလည်း လက်တုံ့ပြန်မယ်။  ၈  မင်းတို့ရဲ့ သားသမီးတွေကို ယုဒလူတွေလက်ထဲ ငါရောင်းပစ်မယ်။+ ယုဒလူတွေက ရပ်ဝေးမှာနေတဲ့ ရှေဘလူမျိုးတွေဆီ ပြန်ရောင်းစားမယ်။ ဒါဟာ ယေဟောဝါကိုယ်တိုင် ပြောတဲ့စကားပဲ။  ၉  လူမျိုးတကာကို ကြေညာလိုက်ပါ–+ ‘စစ်တိုက်ဖို့ အသင့်ပြင်ကြ။ ခွန်အားကြီးသူတွေကို နှိုးဆော်ကြ။ စစ်သည်အားလုံး ချီတက်တိုက်ခိုက်ကြ။+ ၁၀  ထယ်သွားကို ဓားဖြစ်အောင်၊ တံစဉ်ကို လှံဖြစ်အောင် ထုလုပ်ကြ။ အားနည်းသူကလည်း “ငါဟာ ခွန်အားကြီးသူပဲ” လို့ပြောပါစေ။ ၁၁  ပတ်ဝန်းကျင်က လူမျိုးအပေါင်းတို့၊ အတူစုဝေးပြီး လာကူညီကြ။’”+ ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ ခွန်အားကြီးသူတွေကို အဲဒီလွင်ပြင်ဆီ ဆင်းလာခိုင်းပါ။ ၁၂  “လူမျိုးခြားတွေ ထပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်ဆီ လာကြပါစေ။ ငါက အဲဒီလွင်ပြင်မှာ ထိုင်ပြီး ပတ်ဝန်းကျင်လူမျိုးအားလုံးကို တရားစီရင်မယ်။+ ၁၃  သီးနှံတွေ ရင့်မှည့်ပြီဖြစ်လို့ တံစဉ်နဲ့ ရိတ်သိမ်းကြ။ စပျစ်သီးနယ်ရာကျင်း ပြည့်လျှံ နေပြီဖြစ်လို့ ဆင်းလာပြီး နင်းနယ်ကြ။+ သူတို့ရဲ့မကောင်းမှုတွေ များလွန်းလို့ ကျောက်စည်တွေ လျှံကျနေပြီ။ ၁၄  တရားဆုံးဖြတ်မယ့် ချိုင့်ဝှမ်းလွင်ပြင်မှာ လူတွေ အုပ်လိုက်ကြီး ရှိနေတယ်။ အဲဒီလွင်ပြင်မှာ ယေဟောဝါ တရားဆုံးဖြတ်မယ့်နေ့ နီးလာပြီ။+ ၁၅  နေနဲ့လ မှောင်မိုက်လိမ့်မယ်။ ကြယ်တွေလည်း ထွန်းလင်းတော့မှာ မဟုတ်ဘူး။ ၁၆  ယေဟောဝါက ဇိအုန်ကနေ ခြင်္သေ့လို ဟိန်းဟောက်မယ်။ ဂျေရုဆလင်မြို့ကနေ ကြွေးကြော်မယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေ လှုပ်ခါသွားမယ်။ ဒါပေမဲ့ ယေဟောဝါက လူမျိုးတော်အတွက် ခိုလှုံရာ၊+ အစ္စရေးအတွက် ခံတပ်ဖြစ်လိမ့်မယ်။ ၁၇  ငါဟာ သန့်ရှင်းတဲ့ ဇိအုန်တောင်မှာ စံမြန်းတဲ့ မင်းတို့ရဲ့ဘုရား ယေဟောဝါဖြစ်မှန်း မင်းတို့ သိရလိမ့်မယ်။+ ဂျေရုဆလင်မြို့ဟာ သန့်ရှင်းမြင့်မြတ်တဲ့နေရာ ဖြစ်လိမ့်မယ်။+ အဲဒီမြို့ကို သူစိမ်းတစ်ယောက်မှ ဖြတ်သန်းသွားလာတော့မှာ မဟုတ်ဘူး။+ ၁၈  အဲဒီနေ့ကျရင် တောင်တန်းတွေပေါ်မှာ ချိုမြတဲ့စပျစ်ဝိုင်တွေ တစက်စက်ကျလိမ့်မယ်။+ တောင်ကုန်းတွေပေါ်ကနေ နို့တွေ စီးဆင်းနေမယ်။ ယုဒရဲ့စမ်းချောင်းတွေမှာ ရေတွေ စီးဆင်းနေမယ်။ ယေဟောဝါရဲ့ အိမ်တော်ကနေ စမ်းချောင်းစီးထွက်လာပြီး+ ရှားပင်တွေပေါက်တဲ့ ချိုင့်ဝှမ်းထဲ ရေစီးဝင်လိမ့်မယ်။ ၁၉  ယုဒလူတွေကို အကြမ်းဖက်ပြီး+ ယုဒပြည်မှာ အပြစ်မဲ့သူတွေကို သတ်ဖြတ်ခဲ့တဲ့အတွက်+ အီဂျစ်ပြည်ဟာ လူသူကင်းမဲ့သွားမယ်။+ ဧဒုံပြည်ကလည်း လူသူဆိတ်ညံတဲ့  တောကန္တာရ ဖြစ်သွားမယ်။+ ၂၀  ယုဒပြည်မှာတော့ လူတွေ အမြဲနေထိုင်လိမ့်မယ်။ ဂျေရုဆလင်မြို့မှာ လူမျိုးအဆက်ဆက် နေထိုင်ကြလိမ့်မယ်။+ ၂၁  လူသတ်မှုကျူးလွန်ခဲ့တဲ့ သူတို့ကို အပြစ်မရှိတော့ဘူးလို့ ငါသတ်မှတ်မယ်။+ ဇိအုန်မှာ ငါယေဟောဝါ စံမြန်းမယ်။”+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ယေဟောဝါဟာ တရားသူကြီး။”