ယောဟန် ၁၂:၁-၅၀

  • ယေရှု​ရဲ့​ခြေ​ကို မာ​ရိ ဆီ​လိမ်း​ပေး (၁-၁၁)

  • ယေရှု​အောင်​ပွဲ​ခံ ဝင်​လာ (၁၂-၁၉)

  • သေဆုံးမ​ယ့်​အကြောင်း ယေရှု ကြို​ပြော (၂၀-၃၇)

  • ပရော​ဖက်​ပြု​ချက်​အတိုင်း ဂျူး​တွေ မယုံ​ကြည် (၃၈-၄၃)

  • လော​က​ကို​ကယ်​တင်​ဖို့ ယေရှု​လာ (၄၄-၅၀)

၁၂  ပသခါ​ပွဲ​မတိုင်​ခင် ခြောက်​ရက်​အလို​မှာ ယေရှု​က လာ​ဇ​ရု​နေ​ထိုင်​တဲ့  ဗေ​သနိ​ရွာ​ကို  ရောက်​လာ​တယ်။+ သူ့​ကို သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​အောင်  ယေရှု​လုပ်​ပေး​ခဲ့​တာ။ ၂  အဲဒီ​ရွာ​မှာ ယေရှု​အတွက် ည​စာ​တည်​ခင်း​တဲ့​အခါ မာ​သက ဧည့်​ဝတ်​ပြု​နေ​တယ်။+ လာ​ဇ​ရု​က​တော့ ယေရှု​နဲ့​အတူ စား​သောက်​နေ​တယ်။ ၃  အဲဒီ​အချိန်​မှာ မာ​ရိ​က တန်​ဖိုး​ကြီး နာ​ဒု* ဆီ​မွှေး​စစ်​စစ် တစ်​ပေါင်* ယူ​လာ​ပြီး ယေရှု​ရဲ့​ခြေ​ကို လိမ်း​ပေး​တယ်။ အဲဒီ​နောက် သူ့​ဆံ​ပင်​နဲ့ သုတ်​ပေး​လိုက်​တော့ တစ်​အိမ်​လုံး ဆီ​မွှေး​ရ​နံ့ သင်း​ပျံ့​သွား​တယ်။+ ၄  ယေရှု​ကို သစ္စာ​ဖောက်​မယ့်​တ​ပည့် ယုဒ​ရှ​ကာ​ရုတ်​က၊+ ၅  “အဲဒီ​ဆီ​မွှေး​ကို ဒေ​နာ​ရိ* ၃၀၀ နဲ့​ရောင်း​ပြီး ဆင်း​ရဲ​သား​တွေ​ကို ဘာ​လို့​မပေး​တာ​လဲ” ဆို​ပြီး အပြစ်​တင်​တယ်။ ၆  တ​ကယ်​တော့ ဆင်း​ရဲ​သား​တွေ​အကျိုး​အတွက် သူ အဲဒီ​လို​ပြော​နေ​တာ မဟုတ်​ဘူး။ ငွေ​သေတ္တာ​ကိုင်​ရ​သူ​ဆို​တော့ ထည့်​ဝင်​တဲ့​ငွေ​တွေ​ကို သူ ခိုး​ယူ​နေ​ကျ​ဖြစ်​လို့​ပဲ။ ၇  ယေရှု​က “သူ့​ကို ထား​လိုက်​ပါ။ ကျွန်​တော့်​ကို သင်္ဂြိုဟ်​မယ့်​နေ့​အတွက် ကြို​တင်​ပြင်​ဆင်​တဲ့​အနေ​နဲ့ ထုံး​စံ​အတိုင်း သူ​လုပ်​နေ​တာ။+ ၈  ဆင်း​ရဲ​သား​တွေ​ဟာ ခင်ဗျား​နဲ့​အတူ အမြဲရှိ​နေ​မှာ​ပဲ။+ ကျွန်​တော်​က​တော့ အမြဲရှိ​နေ​မှာ မဟုတ်​ဘူး”+ လို့​ပြော​တယ်။ ၉  အဲဒီ​မှာ  ယေရှု​ရောက်​နေ​တဲ့​သတင်း​ကို ကြား​တော့ ဂျူး​တွေ အုပ်​လိုက်​ကြီး ရောက်​လာ​တယ်။ ယေရှု​ကို​ရော  သေရာ​က အသက်​ပြန်​ရှင်​လာ​အောင် သူ​လုပ်​ပေး​ခဲ့​တဲ့ လာ​ဇ​ရု​ကို​ပါ တွေ့​ချင်​လို့  ရောက်​လာ​ကြ​တာ။+ ၁၀  ပု​ရော​ဟိတ်​ကြီး​တွေ​က လာ​ဇ​ရု​ကို သတ်​ပစ်​ဖို့ လျှို့ဝှက်​ကြံ​စည်​နေ​ကြ​တယ်။ ၁၁  လာ​ဇ​ရု​ကြောင့် ဂျူး​အများ​ကြီး အဲဒီ​ကို​ရောက်​လာ​ပြီး ယေရှု​ကို ယုံ​ကြည်​လာ​ကြ​လို့​ပဲ။+ ၁၂  နောက်​တစ်​နေ့​မှာ ပွဲ​တော်​ကို​ရောက်​လာ​တဲ့ လူ​တွေ​က ဂျေရု​ဆ​လင်​မြို့​ကို ယေရှု လာ​နေ​ပြီဆို​တဲ့​သတင်း​ကို ကြား​တဲ့​အခါ၊ ၁၃  စွန်​ပလွံ​ခက်​တွေ ကိုင်​ပြီး ကြို​ဆို​ဖို့ ထွက်​လာ​ကြ​တယ်။ “ဘု​ရား​သခင်၊ သူ့​ကို ကယ်​တင်​ပါ။ ယေဟောဝါ​ရဲ့* နာ​မည်​နဲ့ ရောက်​လာ​သူ ကောင်း​ချီး​ခံစား​ရ​ပါ​စေ။+ အစ္စရေး​တို့​ရဲ့​ဘု​ရင်+ ကောင်း​ချီး​ခံစား​ရ​ပါ​စေ” ဆို​ပြီး ကြွေး​ကြော်​ကြ​တယ်။ ၁၄  ယေရှု​က မြည်း​က​လေး​ကို​တွေ့​တော့  စီး​လာ​တယ်။+ ကျမ်း​စာ​ထဲ​မှာ၊ ၁၅  “ဇိ​အုန်​သမီး​ပျို၊ မကြောက်​ပါ​နဲ့။ မင်း​ရဲ့​ဘု​ရင်​က  မြည်း​က​လေး​စီး​ပြီး  လာ​နေ​တယ်”+ ဆို​ပြီး ရေး​ထား​တဲ့​အတိုင်း​ပါ​ပဲ။ ၁၆  ဒီ​အ​ကြောင်း​တွေ​ကို တ​ပည့်တွေ အစ​တုန်း​က နား​မလည်​ဘူး။ ဒါ​ပေမဲ့ အဲဒီ​စကား​တွေ​က ယေရှု​ကို​ရည်​ရွယ်​ပြီး ရေး​ထား​မှန်း၊ အဲဒီ​အတိုင်း သူတို့​လုပ်​ပေး​မိ​မှန်း ယေရှု ဘုန်း​ထင်​ရှား​ချိန်​ကျ​မှ+ သဘော​ပေါက်​သွား​ကြ​တယ်။+ ၁၇  လာ​ဇ​ရု​ကို  သင်္ချိုင်း​ဂူ​က​နေ ထွက်​လာ​ပါ​လို့ ခေါ်​ပြီး+ သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​အောင် လုပ်​ပေး​ချိန်​မှာ အတူ​ရှိ​ခဲ့​တဲ့ လူ​တွေ​က ယေရှု​အ​ကြောင်း  သက်သေခံ​ထား​တယ်။+ ၁၈  ယေရှု​လုပ်​ပြခဲ့​တဲ့ အဲဒီ​အံ့​ဖွယ်​အမှု​အကြောင်း ကြား​သိ​ထား​တဲ့​အတွက် လူ​တွေ​အများ​ကြီး  သူ့​ကို  ထွက်​ကြို​ကြ​တယ်။ ၁၉  ဖာ​ရိ​ရှဲ​တွေ​က “တွေ့​တယ်​မဟုတ်​လား။ ကျုပ်​တို့​ကြံ​စည်​သမျှ တစ်​ခု​မှ မအောင်​မြင်​ဘူး။ တစ်​လော​က​လုံး သူ့​နောက် ပါ​သွား​ပြီ”+ လို့ အချင်း​ချင်း ပြော​ကြ​တယ်။ ၂၀  ပွဲ​တော်​ချိန်​အတွင်း လာ​ဝတ်​ပြု​သူ​တွေ​ထဲ​မှာ ဂရိ​လူမျိုး​တ​ချို့ ပါ​တယ်။ ၂၁  သူတို့​က ဂါ​လိ​လဲ​ပြည်၊ ဗက်ဇဲ​ဒ​မြို့​သား ဖိ​လိပ္ပု​ဆီ+ လာ​ပြီး “ဆ​ရာ၊ ကျွန်​တော်​တို့ ယေရှု​နဲ့ တွေ့​ချင်​တယ်” လို့​တောင်း​ဆို​ကြ​တယ်။ ၂၂  ဒါ​နဲ့ ဖိ​လိပ္ပု​က အန္ဒြေကို သွား​ပြော​ပြတယ်။ အဲဒီ​နောက် သူတို့​နှစ်​ယောက် ယေရှု​ဆီ​သွား​ပြီး အကျိုး​အကြောင်း ပြော​ပြတယ်။ ၂၃  ယေရှု​က  “လူ​သား  ဘုန်း​ထင်​ရှား​မယ့်​အချိန်  ရောက်​လာ​ပြီ။+ ၂၄  ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ ဂျုံ​မျိုး​စေ့​က မြေပေါ်​ကျ​ပြီး မပျက်​ရင် မျိုး​စေ့​တစ်​စေ့​ပဲ  ဖြစ်​နေ​မှာ​ပေါ့။ ပျက်​သွား​ရင်​တော့+ အသီး​အများ​ကြီး  သီး​တတ်​တယ်။ ၂၅  ကိုယ့်​အသက်​ကို  တွယ်​တာ​နေ​ရင် အသက်​ဆုံး​ရှုံး​တတ်​တယ်။ ဒီ​လော​က​မှာ  ကိုယ့်​အသက်​ကို မုန်း​ရင်​တော့+ ထာ​ဝ​ရ​အသက်​ရ​ဖို့ ကိုယ့်​အသက်​ကို စောင့်​ရှောက်​ရာရောက်​လိမ့်​မယ်။+ ၂၆  ကျွန်​တော့်ရဲ့​အစေ​ခံ ဖြစ်​ချင်​တဲ့​သူ​ဟာ ကျွန်​တော့်​နောက်​ကို လိုက်​ရ​မယ်။ ကျွန်​တော်​ရှိ​တဲ့​နေ​ရာ​မှာ သူ​ရှိ​ရ​မယ်။+ ကျွန်​တော့်ရဲ့​အစေ​ခံ ဖြစ်​ချင်​တဲ့​သူ​ကို အဖဘု​ရား ဂုဏ်​တင်​လိမ့်​မယ်။ ၂၇  အခု ကျွန်​တော် စိတ်​ဒုက္ခရောက်​နေ​တယ်။+ ဘယ်​လို ပြော​ရ​မလဲ။ အဖ၊ ဒီ​အချိန်​က​နေ လွတ်​မြောက်​အောင် ကယ်​တင်​ပေး​ပါ။+ ဒါ​ပေမဲ့ ဒီ​အချိန်​အ​တွက်​ပဲ  ကျွန်​တော်  ရောက်​လာ​တာ​ပါ။ ၂၈  အဖ၊ အဖရဲ့​နာ​မည်​ကို ဘုန်း​ထင်​ရှား​စေ​ပါ” လို့​ပြော​တော့ “ငါ ဘုန်း​ထင်​ရှား​စေ​ခဲ့​ပြီ။ နောက်​တစ်​ကြိမ် ဘုန်း​ထင်​ရှား​စေ​ဦး​မယ်”+ ဆို​တဲ့​အသံ ကောင်း​ကင်​က​နေ ထွက်​ပေါ်​လာ​တယ်။+ ၂၉  အဲဒီ​မှာ​ရပ်​နေ​တဲ့ လူ​တွေ​က ဒီ​အသံ​ကို​ကြား​တဲ့​အခါ မိုး​ခြိမ်း​သံ​ပဲ​လို့ ပြော​ကြ​တယ်။ တ​ချို့​ကျ​တော့ “သူ့​ကို ကောင်း​ကင်​တ​မန် စကား​ပြော​တာ” လို့​ပြော​ကြ​တယ်။ ၃၀  ယေရှု​က “ဒီ​အသံ​ထွက်​ပေါ်​လာ​တာ  ကျွန်​တော့်​အတွက် မဟုတ်​ဘူး။ ခင်​ဗျား​တို့​အတွက်​ပါ။ ၃၁  ဘု​ရား​သခင်​က ဒီ​လော​က​ကို တ​ရား​စီ​ရင်​နေ​ပြီ။ ဒီ​လော​က​ရဲ့​မင်း​ကို+ နှင်​ထုတ်​ပစ်​လိမ့်​မယ်။+ ၃၂  ကျွန်​တော်​က​တော့ မြေပေါ်​က​နေ မြှောက်​ထား​ခံ​ရ​တဲ့​အခါ+ လူ​အမျိုး​မျိုး​ကို ကျွန်​တော့်​ဆီ ဆွဲ​ဆောင်​မယ်” လို့​ပြော​တယ်။ ၃၃  အဲဒီ​လို​ပြော​တာ​က ဘယ်​လို​သေခြင်း​မျိုး​နဲ့ သေရ​မယ်​ဆို​တာ အရိပ်​ပြနေ​တာ​ပဲ။+ ၃၄  အဲဒီ​အခါ လူ​တွေ​က “ခရစ်​တော်​ဟာ ထာ​ဝ​စဉ်​တည်​တယ်​လို့+ ပညတ်​ကျမ်း​အရ ကျွန်​တော်​တို့​သိ​ထား​တယ်။  ဒါ​ဆို​ရင်  လူ​သား​ဟာ မြှောက်​ထား​ခံ​ရ​မယ်​လို့ ခင်​ဗျား ဘာ​ကြောင့်​ပြော​တာ​လဲ။+ အဲဒီ​လူ​သား​ဟာ ဘယ်​သူ​လဲ” လို့​ မေး​တယ်။ ၃၅  ဒါ​ကြောင့် ယေရှု​က “အလင်း​ဟာ ခင်​ဗျား​တို့​နဲ့​အတူ ခ​ဏ​ပဲ ရှိ​တော့​မှာ​ဖြစ်​လို့ အမှောင်​မလွှမ်း​ရ​လေ​အောင် အလင်း​ရှိ​တုန်း​မှာ သွား​လာ​ကြ​ပါ။ အမှောင်​ထဲ​မှာ သွား​လာရင် ကိုယ်​ဘယ်​ကို ဦး​တည်​နေမှန်း  မသိ​ဘူး။+ ၃၆  ဒါ​ကြောင့် အလင်း​ရှိ​နေ​တုန်း အလင်း​ရဲ့​သား​တွေ​ဖြစ်​ဖို့ အလင်း​ကို ယုံ​ကြည်​သက်​ဝင်​ကြ​ပါ”+ လို့​ပြော​တယ်။ ယေရှု​က အဲဒီ​လို​ပြော​ပြီး ရှောင်​ထွက်​သွား​တယ်။ ၃၇  သူတို့​ရှေ့​မှာ ယေရှု အံ့​ဖွယ်​အမှု​တွေ အများ​ကြီး လုပ်​ပြပေမဲ့ မယုံ​ကြည်​ကြ​ဘူး။ ၃၈  ဒါ​ကြောင့် “ယေဟောဝါ၊* ကျွန်​တော်​တို့​ပြော​တဲ့ သတင်း​ကို  ဘယ်​သူ​ယုံ​လို့​လဲ။+ ယေဟောဝါ​ရဲ့* လက်​ရုံး​တော် ဘယ်​သူ့​ကို ထင်​ရှား​ပြခဲ့​ပြီလဲ”+ ဆို​ပြီး ပရော​ဖက်​ဟေရှာယ ပြော​ခဲ့​တဲ့ စကား​အတိုင်း ဖြစ်​လာ​တယ်။ ၃၉  သူတို့ မယုံ​ကြည်​တဲ့ အကြောင်း​ရင်း​ကို  ဟေရှာယ​က၊ ၄၀  “သူတို့​မျက်​စိ မမြင်​တာ၊ ခေါင်း​မာ​တာ​ကို  ငါ​ခွင့်​ပြု​လိုက်​တယ်။  ဒါ​ကြောင့် သူတို့ မမြင်​ဘူး၊ ဆိုလို​ရင်း​ကို နား​မလည်​ဘူး။ ငါ့​ဆီ ပြန်​မလှည့်​လာ​တော့ သူတို့​ပြန်​ကောင်း​လာ​အောင်  ကုသ​ပေး​လို့​မရ​ဘူး”+  လို့​လည်း  ရေးခဲ့​တယ်။ ၄၁  အဲဒီ​လို​ရေး​ပြီး ခ​ရစ်​တော်​အကြောင်း ပြော​ခဲ့​တာ​က ခ​ရစ်​တော်ရဲ့​ဘုန်း​အသရေ​ကို သူ မြင်​ခဲ့ရလို့​ပဲ။+ ၄၂  အဲဒီ​အခါ မင်း​အရာ​ရှိ အတော်​များ​များ ယုံ​ကြည်​သက်​ဝင်​လာ​ပေမဲ့+ ဖာရိ​ရှဲ​တွေ​ကို​ကြောက်​လို့ ယေရှု​ကို အသိ​အမှတ် မပြု​ကြ​ဘူး။ တ​ရား​ဇ​ရပ်​က​နေ နှင်​ထုတ်​ခံ​ရ​မှာ​ကို စိုး​ရိမ်​ကြ​တယ်။+ ၄၃  သူတို့​က ဘု​ရား​သခင့်​မျက်​နှာ​သာ​ရ​ဖို့​ထက် လူ​တွေရဲ့ မျက်​နှာ​သာ​ရ​ဖို့ ပို​လို​လား​ကြ​တယ်။+ ၄၄  ယေရှု​က “ကျွန်​တော့်​ကို ယုံ​ကြည်​တဲ့​သူ​ဟာ ကျွန်​တော့်​ကို​သာ​မက ကျွန်​တော့်​ကို​စေ​လွှတ်​တဲ့​အရှင်​ကို​လည်း ယုံ​ကြည်​တယ်။+ ၄၅  ကျွန်​တော့်​ကို မြင်​တဲ့​သူ​ဟာ ကျွန်​တော့်​ကို​စေ​လွှတ်​တဲ့​အရှင်​ကို​လည်း မြင်​တယ်။+ ၄၆  ကျွန်​တော့်​ကို ယုံ​ကြည်​တဲ့​သူ​တိုင်း အမှောင်​ထဲ​မှာ မရှိ​ရ​လေ​အောင်+ ဒီ​လော​က​ဆီ အလင်း​အဖြစ် ကျွန်​တော်ရောက်​လာ​ပြီ။+ ၄၇  ကျွန်​တော့်​စကား​တွေ​ကို ကြား​လျက်​နဲ့ မလိုက်​နာ​တဲ့​သူ​ကို ကျွန်​တော် ပြစ်​ဒဏ်​မစီ​ရင်​ဘူး။ ကျွန်​တော်​က လော​က​ကို ပြစ်​ဒဏ်​စီ​ရင်​ဖို့ လာ​တာ​မဟုတ်​ဘူး။ လော​က​ကို​ကယ်​တင်​ဖို့ လာ​တာ။+ ၄၈  ကျွန်​တော့်​ကို အလေး​မထား​တဲ့​သူ၊ ကျွန်​တော့်​စကား​တွေ​ကို လက်မခံ​​တဲ့​သူ​ကို ပြစ်​ဒဏ်​စီ​ရင်​မယ့်​အရာ ရှိ​တယ်။ နောက်​ဆုံး​သော​နေ့​မှာ သူ့​ကို ပြစ်​ဒဏ်​စီ​ရင်​မယ့်​အရာ​ဟာ ကျွန်​တော်​ပြော​ခဲ့​တဲ့ စကား​တွေ​ပဲ။ ၄၉  ကျွန်​တော်​က ကိုယ့်​သဘော​နဲ့​ကိုယ် ပြော​တာ​မဟုတ်​ဘူး။ စေ​လွှတ်​လိုက်​တဲ့ အဖဘု​ရား​က ကျွန်​တော် ဘာ​တွေ​ပြော​ရ​မယ်၊ ဘာ​တွေ​သင်​ပေး​ရ​မယ်​ဆို​တာ​ကို  မိန့်မှာ​ထား​တယ်။+ ၅၀  အဖ​ဘု​ရားရဲ့ မိန့်မှာ​ချက်​တွေ​ဟာ ထာ​ဝ​ရ​အသက်​ရ​စေ​မယ်​ဆို​တာ ကျွန်​တော်​သိ​တယ်။+ ကျွန်​တော် ပြော​သမျှ​စကား​တွေ​ဟာ အဖဘု​ရား မိန့်မှာ​ထား​တာ​တွေ​ချည်း​ပဲ”+ လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ရော​မအလေး​ချိန်။ ၃၂၇ ဂရမ်​ခန့်။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။