ယောဟန် ၁၅:၁-၂၇

  • စစ်မှန်တဲ့စပျစ်ပင် ပုံဥပမာ (၁-၁၀)

  • ခရစ်တော်ချစ်သလို ချစ်ကြဖို့ ပညတ် (၁၁-၁၇)

    • “ပိုမွန်မြတ်တဲ့ မေတ္တာဆိုတာ မရှိ” (၁၃)

  • ယေရှုရဲ့တပည့်တွေကို ဒီလောက မုန်း (၁၈-၂၇)

၁၅  “ကျွန်တော်ဟာ  စစ်မှန်တဲ့ စပျစ်ပင်ပါ။  အဖဘုရားဟာ စိုက်ပျိုးသူပါ။ ၂  ကျွန်တော့်ဆီမှာရှိတဲ့ အသီးမသီးတဲ့ အကိုင်းတွေကို သူခုတ်ပစ်တယ်။ အသီးသီးတဲ့ အကိုင်းတွေကိုတော့  ပိုသီးအောင်  သန့်စင်ရှင်းလင်းပေးတယ်။+ ၃  ကျွန်တော်ပြောတဲ့ စကားတွေကြောင့် ခင်ဗျားတို့ သန့်စင်သွားပြီ။+ ၄  ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြပါ။ ကျွန်တော်လည်း  ခင်ဗျားတို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမယ်။ စပျစ်ကိုင်းက စပျစ်ပင်နဲ့ ဆက်မနေရင် အသီးမသီးနိုင်ဘူး။ အဲဒီလိုပဲ၊ ခင်ဗျားတို့လည်း ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မနေရင် အသီး* မသီးနိုင်ဘူး။+ ၅  ကျွန်တော်ဟာ စပျစ်ပင်၊ ခင်ဗျားတို့ဟာ စပျစ်ကိုင်းတွေပေါ့။ လူတစ်ယောက်က ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မယ်ဆိုရင် ကျွန်တော်လည်း သူနဲ့တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မယ်။ သူဟာ အသီးများစွာ သီးလိမ့်မယ်။+ ကျွန်တော်နဲ့ ကင်းကွာရင်တော့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ၆  ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း မဖြစ်တဲ့သူဟာ လွှင့်ပစ်လိုက်လို့ ခြောက်သွေ့သွားတဲ့ အကိုင်းလို ဖြစ်လိမ့်မယ်။ အဲဒီအကိုင်းတွေကို စုသိမ်းပြီး မီးထဲချလိုက်တော့ လောင်ကျွမ်းသွားတယ်။ ၇  ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ကျွန်တော့်စကားတွေကို ရင်ထဲမှာ စွဲမြဲထားမယ်ဆိုရင် ခင်ဗျားတို့ အလိုရှိသမျှ တောင်းတဲ့အခါ  တောင်းတဲ့အတိုင်း  ရလိမ့်မယ်။+ ၈  အသီးများစွာ သီးပြီး ကျွန်တော့်တပည့်ဖြစ်မှန်း သက်သေပြကြပါ။ ဒါဆိုရင် အဖဘုရား ဘုန်းထင်ရှားလိမ့်မယ်။+ ၉  အဖဘုရားက  ကျွန်တော့်ကိုချစ်သလို+ ကျွန်တော်လည်း  ခင်ဗျားတို့ကို ချစ်တယ်။ ကျွန်တော့်မေတ္တာကို အမြဲခံစားရအောင် နေကြပါ။ ၁၀  ကျွန်တော်က အဖဘုရားရဲ့ ပညတ်တွေကို လိုက်နာတဲ့အတွက် အဖဘုရားရဲ့ မေတ္တာကို အမြဲခံစားရတယ်။ ခင်ဗျားတို့လည်း ကျွန်တော့်ပညတ်တွေကို လိုက်နာမယ်ဆိုရင် ကျွန်တော့်မေတ္တာကို အမြဲခံစားရလိမ့်မယ်။ ၁၁  “ကျွန်တော့်မှာရှိတဲ့ ရွှင်လန်းမှုမျိုးကို ခင်ဗျားတို့ အပြည့်အဝခံစားနိုင်ဖို့ ဒီအကြောင်းတွေကို ကျွန်တော်ပြောနေတာ။+ ၁၂  ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ။ ဒါဟာ ကျွန်တော်ပေးတဲ့ ပညတ်ချက်ပဲ။+ ၁၃  မိတ်ဆွေတွေအတွက် အသက်* စွန့်တာထက် ပိုမွန်မြတ်တဲ့  မေတ္တာဆိုတာ  မရှိဘူး။+ ၁၄  ကျွန်တော့်ပညတ်ကို လိုက်နာမယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်မိတ်ဆွေတွေပဲ။+ ၁၅  အခုချိန်ကစပြီး ခင်ဗျားတို့ကို ကျွန်တွေလို့ မခေါ်တော့ဘူး။ ကျွန်ဆိုတာ သခင်ဘာတွေလုပ်မှန်း သိတာမဟုတ်ဘူး။ ကျွန်တော်ကတော့ အဖဘုရားဆီက ကြားနာခဲ့သမျှ ပြန်ပြောပြတဲ့အတွက် ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်။ ၁၆  ကျွန်တော့်ကို ခင်ဗျားတို့ ရွေးချယ်တာ မဟုတ်ဘူး။ ခင်ဗျားတို့ကို ကျွန်တော် ရွေးချယ်ခဲ့တာ။ ခင်ဗျားတို့ အသီး သီးမြဲသီးနေဖို့၊ အသီးတွေ တည်မြဲနေဖို့ ကျွန်တော် ခန့်ထားတယ်။ ဒါကြောင့် ကျွန်တော့်နာမည်ကို အမှီပြုပြီး အဖဘုရားဆီ တောင်းသမျှ ရလိမ့်မယ်။+ ၁၇  “ဒီအကြောင်းတွေကို  ကျွန်တော် မိန့်မှာရတာက ခင်ဗျားတို့အချင်းချင်း ချစ်ကြဖို့ပါ။+ ၁၈  ဒီလောကက ခင်ဗျားတို့ကိုမုန်းရင် ခင်ဗျားတို့ကို မမုန်းခင်ကတည်းက ကျွန်တော့်ကို မုန်းတယ်ဆိုတာ သိမှတ်ကြပါ။+ ၁၉  ခင်ဗျားတို့ဟာ ဒီလောကနဲ့ပတ်သက်နေရင် လောကက သူ့လူတွေဖြစ်နေတဲ့ ခင်ဗျားတို့ကို  ချစ်လိမ့်မယ်။  အခုတော့ ခင်ဗျားတို့က ဒီလောကနဲ့ ဘာမှမပတ်သက်တဲ့အပြင်+ ဒီလောကထဲက ကျွန်တော် ရွေးချယ်ထားသူတွေ ဖြစ်နေတဲ့အတွက် လောကက  ခင်ဗျားတို့ကို မုန်းတယ်။+ ၂၀  ကျွန်ဆိုတာ သခင်ထက် ပိုကြီးမြတ်တာ မဟုတ်ဘူးလို့ ကျွန်တော်ပြောခဲ့တာကို မှတ်ထားပါ။ ကျွန်တော့်ကို  ညှဉ်းဆဲရင် ခင်ဗျားတို့ကိုလည်း ညှဉ်းဆဲကြလိမ့်မယ်။+ ကျွန်တော့်စကားကို လိုက်နာရင် ခင်ဗျားတို့ရဲ့ စကားကိုလည်း လိုက်နာကြလိမ့်မယ်။ ၂၁  သူတို့က ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ကို မသိတဲ့အတွက် ကျွန်တော့်တပည့်ဖြစ်နေတဲ့ ခင်ဗျားတို့ကို အဲဒီလို လုပ်ကြလိမ့်မယ်။+ ၂၂  ကျွန်တော်  လာပြီးမပြောပြခဲ့ရင်  သူတို့ အပြစ်သင့်မှာ မဟုတ်ဘူး။+ အခုတော့ သူတို့ရဲ့အပြစ်အတွက် ဆင်ခြေပေးလို့ မရဘူး။+ ၂၃  ကျွန်တော့်ကို မုန်းတဲ့သူဟာ အဖဘုရားကိုလည်း မုန်းတယ်။+ ၂၄  ဘယ်သူမှ မလုပ်ဖူးတဲ့ အံ့ဖွယ်အမှုတွေကို သူတို့ရှေ့မှာ ကျွန်တော် မလုပ်ပြခဲ့ရင် သူတို့ အပြစ်သင့်မှာ  မဟုတ်ဘူး။+ အခုတော့ သူတို့က ကျွန်တော့်ကို မြင်လျက်နဲ့ မုန်းကြတယ်။ အဖဘုရားကိုလည်းမုန်းကြတယ်။ ၂၅  ‘ကျွန်တော့်ကို အကြောင်းမရှိဘဲ မုန်းကြတယ်’ ဆိုပြီး ပညတ်ကျမ်းမှာ ရေးထားတဲ့အတိုင်း ဖြစ်လာတယ်။+ ၂၆  အဖဘုရားဆီက ကူညီသူကို* ခင်ဗျားတို့ဆီ ကျွန်တော် လွှတ်လိုက်မယ်။ သူဟာ အမှန်တရားကို ဖော်ပြတဲ့ စွမ်းအားတော်ပဲ။+ သူက အဖဘုရားဆီကနေ ရောက်လာပြီး ကျွန်တော့်အကြောင်း သက်သေခံလိမ့်မယ်။+ ၂၇  ခင်ဗျားတို့လည်း အစကတည်းက ကျွန်တော်နဲ့အတူ ရှိခဲ့တဲ့အတွက် ကျွန်တော့်အကြောင်း သက်သေခံရမယ်။+

အောက်ခြေမှတ်ချက်များ

အမူအကျင့်ကောင်းတွေကို ဆိုလို။
ခက်ဆစ်ကိုကြည့်။
သန့်ရှင်းသောစွမ်းအားတော်ကို ပုဂ္ဂိုလ်တစ်ဦးအဖြစ် တင်စားထား။