ယောဟန် ၂၀:၁-၃၁
၂၀ သီတင်းပတ်ရဲ့ပထမနေ့ မိုးလင်းခါစမှာ မာဂဒလမာရိဟာ သင်္ချိုင်းဂူကို ရောက်လာတဲ့အခါ+ ဂူဝမှာပိတ်ထားတဲ့ ကျောက်တုံးကို လှိမ့်ဖယ်ထားမှန်း တွေ့လိုက်ရတယ်။+
၂ ဒါကြောင့် ရှိမုန်ပေတရုနဲ့ ယေရှုချစ်တဲ့ တပည့်ဆီ+ ပြေးသွားပြီး “သခင့်ကို သင်္ချိုင်းဂူထဲကနေ ယူသွားကြပြီ။+ ဘယ်မှာထားလိုက်မှန်း မသိဘူး” လို့ပြောတယ်။
၃ ပေတရုနဲ့ အဲဒီတပည့်လည်း သင်္ချိုင်းဂူရှိရာကို သွားတယ်။
၄ နှစ်ယောက်သား အတူပြေးသွားပေမဲ့ အဲဒီတပည့်က ပိုအပြေးမြန်လို့ သင်္ချိုင်းဂူကို ပေတရုထက် အရင်ရောက်သွားတယ်။
၅ ဂူထဲကို ကိုယ်ကိုကိုင်းပြီး ကြည့်လိုက်တဲ့အခါ ပိတ်ထည်တွေကိုပဲ တွေ့တယ်။+ အထဲကိုတော့ မဝင်ဘူး။
၆ အဲဒီနောက် ရှိမုန်ပေတရု ရောက်လာပြီး သင်္ချိုင်းဂူထဲ ဝင်ကြည့်တဲ့အခါ ပိတ်ထည်တွေကို တွေ့တယ်။
၇ ယေရှုရဲ့ခေါင်းကိုပတ်တဲ့ ပိတ်စနဲ့ ကိုယ်ကိုပတ်တဲ့ ပိတ်ထည်တွေက တစ်နေရာစီမှာ အလိပ်လိုက်ရှိနေတယ်။
၈ အရင်ရောက်တဲ့ တပည့်လည်း ဂူထဲကို ဝင်ကြည့်လိုက်တော့မှ ယုံသွားတယ်။
၉ ဒါပေမဲ့ ယေရှုဟာ သေရာကနေ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ ကျမ်းစကားကို သူတို့ နားမလည်သေးဘူး။+
၁၀ ဒါကြောင့် အိမ်ကို ပြန်သွားကြတယ်။
၁၁ မာရိကတော့ ဂူအပြင်မှာ ငိုပြီးကျန်ရစ်ခဲ့တယ်။ ငိုနေရင်းနဲ့ ဂူထဲကို ကိုယ်ကိုကိုင်းပြီး ကြည့်လိုက်တဲ့အခါ၊
၁၂ ဝတ်လုံဖြူ ဝတ်ဆင်ထားတဲ့ ကောင်းကင်တမန်နှစ်ပါးက+ အလောင်းထားတဲ့နေရာမှာ ခေါင်းရင်း တစ်ယောက်၊ ခြေရင်း တစ်ယောက် ထိုင်နေတာကို တွေ့ရတယ်။
၁၃ သူတို့က “ဘာလို့ ငိုနေတာလဲ” ဆိုပြီးမေးတော့ မာရိက “ကျွန်မရဲ့သခင်ကို တစ်ယောက်ယောက် ယူသွားလိုက်ပြီ။ ဘယ်မှာထားမှန်း မသိဘူး” လို့ဖြေတယ်။
၁၄ အဲဒီလိုဖြေပြီး နောက်လှည့်ကြည့်တဲ့အခါ ယေရှုရပ်နေတာကို မြင်တယ်။ ဒါပေမဲ့ ယေရှုမှန်း မသိဘူး။+
၁၅ ယေရှုက “ဘာလို့ ငိုနေတာလဲ။ ဘယ်သူ့ကို ရှာနေတာလဲ” လို့မေးတော့ မာရိက သူ့ကို ဥယျာဉ်စောင့်အထင်နဲ့ “ဆရာ၊ အလောင်းကို ယူသွားတယ်ဆိုရင် ဘယ်မှာထားသလဲ ပြောပြပါ။ ကျွန်မ ယူသွားမယ်” လို့ပြောတယ်။
၁၆ ယေရှုက “မာရိ” လို့လည်း ခေါ်လိုက်ရော မာရိ လှည့်ကြည့်ပြီး ဟီဘရူးစကားနဲ့ “ရဗ္ဗုနိ” လို့ထူးလိုက်တယ်။ (ရဗ္ဗုနိဆိုတာ “ဆရာ” လို့ အဓိပ္ပာယ်ရတယ်။)
၁၇ ယေရှုက “ကျွန်တော့်ကို မဆွဲထားနဲ့။ အဖဘုရားဆီ ကျွန်တော် မသွားသေးဘူး။ အခု၊ ညီအစ်ကိုတွေဆီ သွားပြီး+ ‘ကျွန်တော့်အဖဖြစ်တဲ့+ ခင်ဗျားတို့ရဲ့အဖ၊ ကျွန်တော့်ဘုရားသခင်ဖြစ်တဲ့+ ခင်ဗျားတို့ရဲ့ ဘုရားသခင်ဆီ ကျွန်တော် သွားရတော့မယ်’ လို့ပြောပေးပါ’ ဆိုပြီး မှာတယ်။
၁၈ မာဂဒလမာရိက တပည့်တွေဆီ သွားပြီး “သခင့်ကို ကျွန်မ တွေ့လိုက်တယ်” လို့ပြောတယ်။ ယေရှု မှာသမျှကိုလည်း ပြန်ပြောပြတယ်။+
၁၉ အဲဒီနေ့က သီတင်းပတ်ရဲ့ ပထမနေ့ပဲ။ ညမှောင်လာတော့ တပည့်တွေက ဂျူးတွေကို ကြောက်တဲ့အတွက် အိမ်တံခါးပိတ်ပြီး စုဝေးနေကြတယ်။ အဲဒီအခါ သူတို့အလယ်မှာ ယေရှု ပေါ်လာပြီး “ငြိမ်သက်ခြင်း ရှိပါစေ” လို့ပြောတယ်။+
၂၀ အဲဒီလိုပြောပြီးနောက် သူ့လက်တွေကိုရော နံဘေးကိုပါ ပြတယ်။+ တပည့်တွေလည်း သူတို့ရဲ့သခင်ကို မြင်ရတော့ ပျော်သွားတယ်။+
၂၁ ယေရှုက “ငြိမ်သက်ခြင်း ရှိပါစေ။+ အဖဘုရားက ကျွန်တော့်ကို ဒီလောကထဲ စေလွှတ်သလို+ ကျွန်တော်လည်း ခင်ဗျားတို့ကို ဒီလောကထဲ စေလွှတ်တယ်”+ လို့ထပ်ပြောတယ်။
၂၂ အဲဒီနောက် သူတို့အပေါ် လေကိုမှုတ်ပြီး “သန့်ရှင်းသော စွမ်းအားတော်ကို ခံယူကြပါ။+
၂၃ အပြစ်ကျူးလွန်သူ တစ်ယောက်ကို ခင်ဗျားတို့ ခွင့်လွှတ်မယ်ဆိုရင် ဘုရားသခင်လည်း ခွင့်လွှတ်လိမ့်မယ်။ ခင်ဗျားတို့ ခွင့်မလွှတ်ဘူးဆိုရင်တော့ ဘုရားသခင်လည်း ခွင့်လွှတ်မှာ မဟုတ်ဘူး” လို့ပြောတယ်။
၂၄ ယေရှု ပေါ်လာတဲ့အချိန်မှာ တမန်တော် ၁၂ ယောက်ထဲက အမြွှာလို့ခေါ်တဲ့ သောမ+ မရှိဘူး။
၂၅ ဒါကြောင့် ကျန်တပည့်တွေက “ငါတို့ သခင့်ကို မြင်လိုက်ရတယ်” လို့ပြောတဲ့အခါ သောမက “ကျွန်တော်ကတော့ သခင့်လက်မှာရှိတဲ့ သံရိုက်ရာကို မမြင်မစမ်းရရင်၊ နံဘေးကို လက်နဲ့ မစမ်းရရင်+ လုံးဝမယုံဘူး” လို့ပြန်ပြောတယ်။
၂၆ ရှစ်ရက်ကြာပြီးနောက် အိမ်တစ်အိမ်မှာ တပည့်တွေ စုဝေးတဲ့အခါ သောမလည်း ရှိနေတယ်။ တံခါးပိတ်ထားပေမဲ့ သူတို့အလယ်မှာ ယေရှုပေါ်လာပြီး “ငြိမ်သက်ခြင်း ရှိပါစေ” လို့ပြောတယ်။+
၂၇ အဲဒီနောက် သောမကို “ကျွန်တော့်လက်က ဟောဒီသံရိုက်ရာကို စမ်းကြည့်။ ကျွန်တော့်နံဘေးကိုလည်း လက်နဲ့စမ်းကြည့်ပါ။ မယုံမရှိနဲ့။ ယုံလိုက်စမ်းပါ” ဆိုတော့၊
၂၈ သောမက “ကျွန်တော့်သခင်၊ ကျွန်တော့်ဘုရားပါလား” လို့ပြောတယ်။
၂၉ ယေရှုက “ခင်ဗျား ကျွန်တော့်ကိုမြင်ရလို့ ယုံတာလား။ ကျွန်တော့်ကို မမြင်ဘဲနဲ့ ယုံတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ပြန်ပြောတယ်။
၃၀ တကယ်တော့ ဒီကျမ်းလိပ်မှာ မရေးထားတဲ့ တခြားအံ့ဖွယ်အမှု အများကြီးကိုလည်း တပည့်တွေရှေ့မှာ ယေရှုလုပ်ပြခဲ့တယ်။+
၃၁ ဒါပေမဲ့ ဒီအကြောင်းတွေကို ရေးထားတာက ယေရှုဟာ ဘုရားသခင်ရဲ့သားဖြစ်မှန်း၊ ခရစ်တော်ဖြစ်မှန်း ခင်ဗျားတို့ ယုံကြည်လာစေဖို့၊ အဲဒီလိုယုံကြည်ပြီး ယေရှုရဲ့ နာမည်အားဖြင့် အသက်ရစေဖို့ပဲ။+