ယောဟန် ၇:၁-၅၂

  • တဲနေပွဲတော်မှာ ယေရှု (၁-၁၃)

  • ပွဲတော်ချိန်အတွင်း ယေရှုသွန်သင် (၁၄-၂၄)

  • ခရစ်တော်နဲ့ပတ်သက်တဲ့ ထင်မြင်ချက်အမျိုးမျိုး (၂၅-၅၂)

 အဲဒီနောက်  ယေရှုက  ဂါလိလဲနယ်တစ်လျှောက် ခရီးလှည့်လည်တယ်။ ယုဒနယ်ကိုတော့ မသွားချင်ဘူး။ သူ့ကိုသတ်ဖို့ ဂျူးတွေ ကြံစည်နေလို့ပဲ။+ ၂  ဂျူးတွေရဲ့ တဲနေပွဲတော်+ နီးလာတဲ့အတွက်၊ ၃  ယေရှုရဲ့ညီတွေက+ “မင်းလုပ်နေတာတွေကို မင်းရဲ့တပည့်တွေလည်း မြင်အောင် ဒီနေရာကနေထွက်ပြီး  ယုဒနယ်ကို  သွားပါလား။ ၄  ထင်ပေါ်ကျော်ကြားချင်သူဟာ ဘာကိုမှ လျှို့ဝှက်ပြီး မလုပ်တတ်ဘူး။  မင်းက  ဒါတွေလုပ်နေတာဆိုတော့ တစ်လောကလုံး မင်းကိုသိသွားအောင်ပြလိုက်ပေါ့”  လို့ပြောကြတယ်။ ၅  ယေရှုကို သူတို့ ယုံကြည်သက်ဝင်မှု မရှိကြဘူး။+ ၆  ယေရှုက “မင်းတို့အတွက် ဘယ်အချိန်မဆို အဆင်ပြေပေမဲ့ ငါ့အတွက်တော့ အချိန်မတန်သေးဘူး။+ ၇  လောကက မင်းတို့ကို မုန်းစရာအကြောင်း မရှိဘူး။ ငါ့ကိုတော့ မုန်းကြတယ်။ ဒီလောကရဲ့အကျင့်ဟာ ဆိုးညစ်တယ်လို့ ငါဖော်ထုတ်တာကိုး။+ ၈  ပွဲတော်ကို မင်းတို့ပဲ သွားကြ။ ငါကတော့ အချိန်မတန်သေးလို့ မသွားသေးဘူး”+ လို့ပြောပြီး၊ ၉  ဂါလိလဲနယ်မှာပဲ နေရစ်ခဲ့တယ်။ ၁၀  ဒါပေမဲ့ ညီတွေ ထွက်သွားပြီးမှ ယေရှုက ပွဲတော်တက်ဖို့ လူတွေမသိအောင် အသာလေး ထွက်လာတယ်။ ၁၁  ပွဲတော်မှာ ဂျူးတွေက “အဲဒီလူ ဘယ်မှာလဲ” ဆိုပြီး ယေရှုကိုရှာကြတယ်။ ၁၂  ယေရှုအကြောင်း လူတွေတီးတိုးပြောနေတယ်။ တချို့က “ဒီလူဟာ သူတော်ကောင်းပဲ၊” တချို့ကျတော့ “ဘယ်ကလာ သူတော်ကောင်း ဟုတ်ရမှာလဲ။ လူတွေကို လှည့်စားနေတဲ့သူပဲ” လို့ပြောကြတယ်။+ ၁၃  ဒါပေမဲ့ ဂျူးတွေကို ကြောက်တဲ့အတွက် ယေရှုအကြောင်း ဘယ်သူမှ လူသိရှင်ကြား မပြောရဲကြဘူး။+ ၁၄  ပွဲတော်ချိန်  တစ်ဝက်ကျော်လောက်မှာ ယေရှုက ဗိမာန်တော်ကို တက်လာပြီး  သွန်သင်တော့တယ်။ ၁၅  ဂျူးတွေ တအံ့တသြဖြစ်ပြီး “ဒီလူက ဘာသာရေးကျောင်းတွေ မတက်ခဲ့ဘဲနဲ့+ ကျမ်းစာအသိပညာ ဘာလို့ ဒီလောက်ကြွယ်ရတာလဲ”+ လို့ပြောကြတယ်။ ၁၆  ယေရှုက “ကျွန်တော် သင်ပေးနေတာတွေဟာ ကျွန်တော့်ရဲ့တရား မဟုတ်ဘူး။ ကျွန်တော့်ကို စေလွှတ်လိုက်တဲ့အရှင်ရဲ့ တရားတွေပဲ။+ ၁၇  အဲဒီအရှင်ရဲ့ အလိုတော်ကို ဆောင်ချင်တဲ့သူဆိုရင် ဒီတရားဟာ ဘုရားသခင်ဆီကလား၊ ကျွန်တော့်သဘောအတိုင်း သင်ပေးနေတာလားဆိုတာ  သိလိမ့်မယ်။+ ၁၈  ကိုယ့်သဘောအတိုင်း သင်ပေးတဲ့သူက ကိုယ်ဂုဏ်တက်ဖို့ပဲ လုပ်တယ်။ စေလွှတ်တဲ့အရှင်ကို ဂုဏ်တင်တဲ့သူကတော့+ ဖြောင့်မှန်တဲ့သူပဲ။ မတရားတာ မလုပ်ဘူး။ ၁၉  မောရှေက ခင်ဗျားတို့ကို ပညတ်ကျမ်းပေးခဲ့တယ် မဟုတ်လား။+ ဒါပေမဲ့ ခင်ဗျားတို့ တစ်ယောက်မှ ပညတ်ကျမ်းကို မလိုက်နာဘူး။ ကျွန်တော့်ကိုသတ်ဖို့ ဘာလို့ ကြံစည်နေကြတာလဲ”+  လို့မေးတော့၊ ၂၀  လူတွေက “ခင်ဗျားဟာ နတ်ဆိုးပူးနေတဲ့သူပဲ။ ခင်ဗျားကိုသတ်ဖို့ ဘယ်သူကြံစည်နေလို့လဲ”  ဆိုပြီးဖြေတယ်။ ၂၁  ယေရှုက “ဥပုသ်နေ့မှာ ကျွန်တော် အံ့ဖွယ်အမှုတစ်ခု လုပ်တော့ ခင်ဗျားတို့အားလုံး အံ့သြကြတယ်။ ၂၂  အရေဖျားဖြတ်ခြင်း+ ပညတ်ကို မောရှေပေးခဲ့တဲ့အတွက် ဥပုသ်နေ့ဖြစ်ရင်တောင် ခင်ဗျားတို့ အရေဖျားဖြတ်ကြတာပဲ မဟုတ်လား။ တကယ်တော့ အဲဒီပညတ်က မောရှေလက်ထက်ကျမှ စတာမဟုတ်ဘူး။ ဘိုးဘေးတွေ လက်ထက်ကတည်းက ရှိခဲ့တာ။+ ၂၃  မောရှေပညတ်ကို မချိုးဖောက်ချင်လို့ ဥပုသ်နေ့မှာ ခင်ဗျားတို့ အရေဖျားဖြတ်ကြတယ်ဆိုရင် ကျွန်တော်က ဥပုသ်နေ့မှာ လူတစ်ယောက်ကို ဒေါင်ဒေါင်မြည် ကျန်းမာအောင် လုပ်ပေးလိုက်တာ ခင်ဗျားတို့ ဒေါသထွက်စရာလား။+ ၂၄  အပြင်ပန်းကိုပဲကြည့်ပြီး အကဲမဖြတ်ပါနဲ့တော့။ မှန်မှန်ကန်ကန် အကဲဖြတ်ကြပါ”+ လို့ပြောတယ်။ ၂၅  အဲဒီအခါ ဂျေရုဆလင်မြို့သားတချို့က “မင်းအရာရှိတွေ သတ်ဖို့ရှာနေတာ ဒီလူပဲ မဟုတ်လား။+ ၂၆  ဒါပေမဲ့ ကြည့်ပါဦး။ သူ ပေါ်ပေါ်ထင်ထင်ပဲ ဟောပြောနေတယ်။  သူတို့ ဘာမှလည်း မပြောကြပါလား။ သူ့ကို ခရစ်တော်ဆိုပြီး တကယ် ထင်သွားကြလို့များလား။ ၂၇  သူဘယ်ကလာမှန်း ကျုပ်တို့သိသားပဲ။+ ခရစ်တော် ပေါ်ထွန်းတဲ့အခါကျရင်တော့ ဘယ်ကလာမှန်း ဘယ်သူမှ သိမှာမဟုတ်ဘူး” လို့ပြောတယ်။ ၂၈  အဲဒီအခါ ဗိမာန်တော်မှာ သွန်သင်နေတဲ့ ယေရှုက အသံကိုမြှင့်ပြီး “ခင်ဗျားတို့ ကျွန်တော့်ကို သိတယ်။ ကျွန်တော် ဘယ်ကလာမှန်းလည်း သိတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်သဘောနဲ့ကိုယ် လာတာမဟုတ်ဘူး။+ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ဟာ တကယ်ရှိတယ်။ အဲဒီအရှင်ကို ခင်ဗျားတို့ မသိဘူး။+ ၂၉  ကျွန်တော်ကတော့ သိတယ်။+ ကျွန်တော်ဟာ အဲဒီအရှင်ရဲ့ ကိုယ်စားလှယ်ပဲ။ ကျွန်တော့်ကို သူစေလွှတ်လိုက်တာ” လို့ပြောတယ်။ ၃၀  အဲဒီအခါ သူတို့ ယေရှုကိုဖမ်းဖို့ ကြိုးစားတယ်။+ ဒါပေမဲ့ သူ့အချိန် မကျသေးတဲ့အတွက် ဘယ်သူမှ မဖမ်းနိုင်ကြဘူး။+ ၃၁  လူအတော်များများကတော့ ယေရှုကို ယုံကြည်ပြီး+ “ခရစ်တော် ပေါ်ထွန်းလာရင်တောင် ဒီလူလုပ်တာထက် ပိုများတဲ့ အံ့ဖွယ်အမှုတွေကို လုပ်နိုင်မှာ မဟုတ်ဘူး” လို့ပြောကြတယ်။ ၃၂  ယေရှုအကြောင်း အဲဒီလို တီးတိုးပြောနေကြတာကို ဖာရိရှဲတွေ ကြားသွားတယ်။ အဲဒီအခါ ဖာရိရှဲတွေနဲ့ ပုရောဟိတ်ကြီးတွေက ယေရှုကိုဖမ်းဖို့ အစောင့်ရဲမက်တချို့ကို  လွှတ်လိုက်တယ်။ ၃၃  ယေရှုက “ကျွန်တော်က ခင်ဗျားတို့နဲ့ ခဏပဲ နေရမှာ။ ပြီးရင် စေလွှတ်လိုက်တဲ့ အရှင်ဆီ သွားတော့မယ်။+ ၃၄  ကျွန်တော့်ကိုရှာရင်လည်း တွေ့မှာမဟုတ်ဘူး။ ကျွန်တော်သွားမယ့် နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး”+ လို့ပြောတယ်။ ၃၅  ဒါကြောင့် ဂျူးတွေက “သူ့ကို မတွေ့ဘူးပြောရအောင် သူက ဘယ်သွားမှာမို့လို့လဲ။ ဂရိလူမျိုးတွေကြားထဲ တကွဲတပြား ရောက်နေတဲ့ ဂျူးတွေဆီသွားပြီး ဂရိလူတွေကို သွန်သင်မလို့များလား။ ၃၆  သူက ဘာအဓိပ္ပာယ်နဲ့ ‘ကျွန်တော့်ကို ရှာရင်လည်း တွေ့မှာမဟုတ်ဘူး။ ကျွန်တော်သွားမယ့် နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး’ လို့ပြောတာလဲ” ဆိုပြီး အချင်းချင်း ပြောကြတယ်။ ၃၇  ပွဲတော်ရဲ့+  အကြီးကျယ်ဆုံး နောက်ဆုံးနေ့မှာ   ယေရှုက  ရပ်ပြီး “ရေငတ်သူတွေ ကျွန်တော့်ဆီလာပြီး သောက်ကြပါ။+ ၃၈  ကျွန်တော့်ကို ယုံကြည်သက်ဝင်သူဟာ ကျမ်းစာမှာ ပြောထားသလိုပဲ ‘သူ့ဆီကနေ အသက်စမ်းရေ စီးဆင်းလိမ့်မယ်’”+ လို့ ခပ်ကျယ်ကျယ် ပြောလိုက်တယ်။ ၃၉  သူ့ကိုယုံကြည်သူတွေ  မကြာခင်ရရှိတော့မယ့် စွမ်းအားတော်အကြောင်း ပြောနေတာဖြစ်တယ်။  အခုတော့  သူဘုန်းထင်ရှားချိန် မရောက်သေးတဲ့အတွက်+ စွမ်းအားတော်ကို  သူတို့  မရသေးဘူး။+ ၄၀  အဲဒီ စကားတွေကို ကြားတဲ့အခါ တချို့က “သူဟာ ပေါ်ထွန်းလာမယ့်  ပရောဖက်ပဲ”+ လို့ပြောကြတယ်။ ၄၁  တချို့က “ဒီလူဟာ ခရစ်တော်ပဲ” လို့ပြောတယ်။+ တချို့ကျတော့လည်း “ခရစ်တော်က ဂါလိလဲနယ်ကနေ ပေါ်ထွန်းပါ့မလား။+ ၄၂  ခရစ်တော်ဟာ ဒါဝိဒ်မျိုးရိုးကနေ ဆင်းသက်လာသူ၊+ ဒါဝိဒ်ရဲ့ဇာတိ+  ဘက်သလီဟင်ရွာသား+ ဖြစ်ရမယ်လို့ ကျမ်းစာမှာ ရေးထားတယ် မဟုတ်လား” လို့ပြောကြတယ်။ ၄၃  ဒါနဲ့ လူတွေက ယေရှုနဲ့ပတ်သက်ပြီး စိတ်ဝမ်းကွဲနေကြတယ်။ ၄၄  တချို့က ယေရှုကို ဖမ်းချင်ပေမဲ့ ဘယ်သူမှ မဖမ်းဆီးနိုင်ကြဘူး။ ၄၅  အစောင့်ရဲမက်တွေ ပြန်လာတော့ ပုရောဟိတ်ကြီးတွေနဲ့ ဖာရိရှဲတွေက “သူ့ကို ဘာလို့ မဖမ်းခဲ့တာလဲ” လို့မေးတယ်။ ၄၆  အစောင့်ရဲမက်တွေက “သူဟောသလို ဘယ်သူမှ မဟောဖူးဘူး”  လို့ဖြေတယ်။+ ၄၇  အဲဒီအခါ ဖာရိရှဲတွေက “မင်းတို့ပါ လှည့်စားခံလိုက်ရပြီကိုး။ ၄၈  ခေါင်းဆောင်တွေ၊ ဖာရိရှဲတွေထဲမှာ သူ့ကိုယုံကြည်တဲ့သူ  တစ်ယောက်တလေ  ရှိလို့လား။+ ၄၉  ပညတ်တရားကို မသိတဲ့ အဲဒီလူတွေကတော့ ကျိန်ခြင်းခံရသူတွေပဲ” လို့ပြောတယ်။ ၅၀  အဲဒီဖာရိရှဲတွေထဲမှာ အရင်တုန်းက ယေရှုဆီလာဖူးတဲ့ နိကောဒင်လည်း ရှိနေတယ်။ သူက၊ ၅၁  “ပညတ်တရားအရ လူတစ်ယောက်ကို တရားစီရင်မယ်ဆိုရင် သူဘာလုပ်ခဲ့မှန်း သိရအောင် သူ့အမှုကို အရင်ဆုံး  ကြားနာရမယ်  မဟုတ်လား”+ လို့ပြောတော့၊ ၅၂  သူတို့က “ခင်ဗျားက ဂါလိလဲနယ်သား မို့လို့လား။ ကျမ်းစာကို ဆန်းစစ်ကြည့်လိုက်ဦး။ ဂါလိလဲနယ်ကနေ ပရောဖက်တစ်ယောက်မှ မပေါ်ထွန်းဘူးဆိုတာ သိလိမ့်မယ်” လို့ပြောကြတယ်။*

အောက်ခြေမှတ်ချက်များ

ယုံကြည်စိတ်ချရတဲ့ ရှေးစာမူ အတော်များများမှာ အခန်းငယ် ၅၃ ကနေ အခန်းကြီး ၈ အခန်းငယ် ၁၁ အထိ ချန်လှပ်ထားတယ်။