ရုသ ၁:၁-၂၂
၁ တရားသူကြီးတွေ အုပ်စိုးတဲ့အချိန်တုန်းက+ တိုင်းပြည်မှာ အငတ်ဘေး ဆိုက်တယ်။ ဒါနဲ့ လူတစ်ယောက်ဟာ ဇနီး၊ သားနှစ်ယောက်နဲ့အတူ ယုဒနယ်မြေ၊ ဘက်သလီဟင်မြို့ကနေ+ ထွက်လာပြီး မောဘပြည်+ ကျေးလက်ဒေသမှာ တိုင်းတစ်ပါးသားအဖြစ် သွားရောက် နေထိုင်တယ်။
၂ သူ့နာမည်က ဧလိမလက်၊* ဇနီးက နောမိ၊* သားနှစ်ယောက်ကတော့ မဟာလုန်* နဲ့ ခိလုန်။* သူတို့ဟာ ယုဒနယ်မြေ၊ ဘက်သလီဟင်မြို့လို့ခေါ်တဲ့ ဧဖရတ်မြို့က လူတွေပဲ။ မောဘပြည် ကျေးလက်ဒေသကို ရောက်လာပြီးနေထိုင်ကြတယ်။
၃ နောက်ပိုင်း၊ နောမိရဲ့ခင်ပွန်း ဧလိမလက် သေဆုံးသွားတဲ့အခါ နောမိခမျာ သားနှစ်ယောက်နဲ့ ကျန်ရစ်ခဲ့တယ်။
၄ သား နှစ်ယောက်ဟာ မောဘအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျသွားတယ်။ တစ်ယောက်က သြရပ၊ နောက်တစ်ယောက်က ရုသ။+ အဲဒီမှာ သူတို့ ဆယ်နှစ်လောက် နေထိုင်ကြတယ်။
၅ နောက်ပိုင်းမှာ မဟာလုန်နဲ့ ခိလုန်လည်း သေဆုံးသွားတယ်။ နောမိဟာ သားနှစ်ယောက်ရော ခင်ပွန်းပါ မရှိတော့ဘဲ ကျန်ရစ်ခဲ့ရှာတယ်။
၆ ယေဟောဝါက မိမိလူမျိုးကို အစာရေစာပေးပြီး ပြန်ဂရုစိုက်နေပြီဆိုတဲ့ သတင်းကို မောဘပြည်မှာနေတဲ့ နောမိကြားတဲ့အခါ ချွေးမနှစ်ယောက်နဲ့အတူ မောဘပြည် ကျေးလက်ဒေသကနေ ထွက်ခွာဖို့ စီစဉ်တယ်။
၇ နောမိက ချွေးမ နှစ်ယောက်နဲ့အတူ သူနေထိုင်တဲ့ နေရာကနေ ထွက်လာတယ်။ ယုဒပြည်ကိုသွားတဲ့ လမ်းအတိုင်း လျှောက်လာနေတုန်း၊
၈ နောမိက ချွေးမနှစ်ယောက်ကို “သမီးတို့၊ ကိုယ့်အမေအိမ်ကို ပြန်ကြပါ။ သမီးတို့က သေဆုံးသွားတဲ့ ကိုယ့်ယောက်ျားကိုရော အမေ့ကိုပါ ခိုင်မြဲတဲ့မေတ္တာပြခဲ့သလို ယေဟောဝါဘုရားကလည်း သမီးတို့ကို ခိုင်မြဲတဲ့မေတ္တာပြပါစေ။+
၉ သမီးတို့ နှစ်ယောက်စလုံး နောက်အိမ်ထောင်ပြုပြီး အေးအေးဆေးဆေးနေထိုင်ခွင့်ကို ယေဟောဝါဘုရား ပေးသနားပါစေ”+ လို့ပြောပြီး နမ်းတဲ့အခါ သူတို့ အကြီးအကျယ်ငိုကြတယ်။
၁၀ ပြီးတော့ “မပြန်ပါရစေနဲ့ အမေရယ်။ အမေနဲ့အတူ အမေ့လူမျိုးဆီ လိုက်ပါရစေ” လို့ အထပ်ထပ်တောင်းပန်တယ်။
၁၁ ဒါပေမဲ့ နောမိက “ပြန်ကြပါ၊ သမီးတို့။ အမေ့နောက်ကို ဘာလို့လိုက်မှာလဲ။ သမီးတို့ကိုလက်ထပ်မယ့် သားတွေ အမေ မွေးပေးနိုင်သေးလို့လား။+
၁၂ ပြန်ကြပါကွယ်။ နောက်အိမ်ထောင်ပြုဖို့ အမေ အသက်ကြီးလွန်းနေပြီ။ တကယ်လို့ ဒီည ယောက်ျားရဖို့ မျှော်လင့်ချက်ရှိသေးတယ်၊ သားတွေ မွေးနိုင်သေးတယ်ဆိုရင်တောင်၊
၁၃ သူတို့အရွယ်ရောက်လာတဲ့အထိ သမီးတို့ စောင့်နေမှာလား။ နောက်အိမ်ထောင်မပြုဘဲ သူတို့ကို စောင့်နေမှာလား။ ဒီလိုမလုပ်ကြပါနဲ့။ ယေဟောဝါဘုရားက အမေ့ကို ဒဏ်ခတ်တဲ့အတွက် သမီးတို့ပါ ရောပြီး ဒုက္ခရောက်ရတာကို တွေးမိတိုင်း အမေ စိတ်ထိခိုက်တယ်”+ လို့ ပြန်ပြောတယ်။
၁၄ ဒါနဲ့ သူတို့ အော်ငိုကြပြန်တယ်။ အဲဒီနောက် သြရပက ယောက္ခမကို နမ်းပြီး ထွက်သွားတယ်။ ရုသကတော့ အနားကနေ မခွာဘူး။
၁၅ ဒါကြောင့် နောမိက “အမေ့ချွေးမတစ်ယောက်ကတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘုရားတွေဆီ ပြန်သွားပြီ။ သမီးလည်း လိုက်သွားပါ” လို့ပြောတယ်။
၁၆ ဒါပေမဲ့ ရုသက “အမေ့ကို ထားရစ်ပြီး လှည့်ပြန်သွားဖို့ မတိုက်တွန်းပါနဲ့။ အမေသွားတဲ့ နေရာကို ကျွန်မလိုက်မယ်။ အမေအိပ်တဲ့ နေရာမှာ ကျွန်မအိပ်မယ်။ အမေ့ရဲ့လူမျိုးဟာ ကျွန်မရဲ့လူမျိုး။ အမေ့ရဲ့ ဘုရားသခင်ဟာ ကျွန်မရဲ့ ဘုရားသခင်ပါပဲ။+
၁၇ အမေ သေတဲ့ နေရာမှာ ကျွန်မသေပြီး သင်္ဂြိုဟ်ခံပါ့မယ်။ သေခြင်းကလွဲလို့ တခြားအကြောင်း တစ်ခုခုကြောင့် အမေ့ကို ကျွန်မ ခွဲခွာခဲ့မယ်ဆိုရင် ကျွန်မကို ယေဟောဝါဘုရား ပြစ်ဒဏ်တစ်ခုပြီးတစ်ခု ပေးပါစေ” ဆိုပြီးပြန်ပြောတယ်။
၁၈ ရုသ မရမက လိုက်မယ်ဆိုတာ နောမိသိသွားတော့ ထပ်မဖျောင်းဖျတော့ဘူး။
၁၉ ဒါနဲ့ ဘက်သလီဟင်မြို့ကို ရောက်တဲ့အထိ သူတို့ ခရီးဆက်ကြတယ်။+ ဘက်သလီဟင်မြို့ကိုလည်း ရောက်ရော သူတို့ကြောင့် တစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်ပြီး အမျိုးသမီးတွေက “ဒါ နောမိမဟုတ်လား” လို့အချင်းချင်း မေးကြတယ်။
၂၀ နောမိကလည်း “ကျွန်မကို နောမိ* လို့မခေါ်ကြပါနဲ့။ ကျွန်မဘဝမှာ ခါးသီးတဲ့ဒုက္ခတွေ ကြုံရအောင် အနန္တတန်ခိုးရှင် ခွင့်ပြုခဲ့တဲ့အတွက် မာရ* လို့ပဲ ခေါ်ကြပါ။+
၂၁ ဒီကနေထွက်သွားတုန်းက ကျွန်မမှာ ပြည့်ပြည့်စုံစုံ ရှိခဲ့တယ်။ အခုတော့ ယေဟောဝါဘုရားက ကျွန်မကို လက်ဗလာနဲ့ ပြန်ပို့လိုက်ပြီ။ ကျွန်မကို ယေဟောဝါဘုရား ဒဏ်ခတ်ပြီ။ အနန္တတန်ခိုးရှင်က ကျွန်မကို ဒုက္ခရောက်စေပြီ။ ဒီတော့ ဘာကြောင့် နောမိလို့ခေါ်နေဦးမှာလဲ”+ ဆိုပြီး ပြန်ပြောတယ်။
၂၂ ဒီလိုနဲ့ နောမိက ချွေးမဖြစ်သူ မောဘအမျိုးသမီးရုသနဲ့အတူ မောဘပြည် ကျေးလက်ဒေသကနေ ပြန်လာတယ်။+ မုယောစပါး ရိတ်သိမ်းခါစအချိန်မှာ ဘက်သလီဟင်မြို့ကို သူတို့ရောက်လာတယ်။+