ရောမ ၁၁:၁-၃၆
၁၁ ဒါဆိုရင် ကျွန်တော် မေးဦးမယ်။ လူမျိုးတော်ကို ဘုရားသခင် ပစ်ပယ်လိုက်တာလား။+ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်က အစ္စရေးတစ်ယောက်ပါ။ အာဗြဟံရဲ့မျိုးနွယ်၊ ဗင်ယာမိန် မျိုးနွယ်စုကပါ။
၂ ဘုရားသခင်က ကိုယ်တိုင် ဦးဆုံးအသိအမှတ်ပြုခဲ့တဲ့ လူမျိုးတော်ကို မပစ်ပယ်ပါဘူး။+ ဧလိယက အစ္စရေးတွေအကြောင်း ဘုရားသခင်ဆီ တိုင်ကြားပြီး အသနားခံချိန်မှာ ဘာတွေပြောခဲ့သလဲဆိုတာ ကျမ်းစာမှာ ခင်ဗျားတို့ မဖတ်ဖူးကြဘူးလား။
၃ “ယေဟောဝါ* ဘုရား၊ ပရောဖက်တွေကို သူတို့ ကွပ်မျက်လိုက်ကြပြီ။ ပူဇော်ရာပလ္လင်တွေကို ဖြိုဖျက်လိုက်ကြပြီ။ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်။ အခုဆို ကျွန်တော့်အသက်ကိုပါ သတ်ပစ်ဖို့ ရှာကြံနေကြပြီ”+ လို့ သူပြောတော့၊
၄ ဘုရားသခင် ဘာပြန်ပြောခဲ့သလဲ။ “ဗာလရှေ့မှာ ဒူးမထောက်တဲ့သူ အယောက် ၇,၀၀၀ ရှိသေးတယ်”+ လို့ ပြောခဲ့တယ်။
၅ အလားတူပဲ၊ အခုအချိန်မှာလည်း မဟာကရုဏာတော်ကြောင့် ရွေးချယ်ခံရတဲ့ ကျန်ကြွင်းသူတစ်စု ရှိနေတယ်။+
၆ မဟာကရုဏာတော်ကြောင့်+ ရွေးချယ်ခံရတာဆိုရင် သူတို့ရဲ့အကျင့်ကြောင့် ရွေးချယ်ခံရတာ မဟုတ်တော့ဘူး။+ ဟုတ်ခဲ့ရင် ဒီကရုဏာကို မဟာကရုဏာတော်လို့ မဆိုနိုင်ဘူး။
၇ အဲဒီတော့ ဘာဖြစ်လဲ။ အစ္စရေးတွေက သူတို့ သိပ်လိုချင်တဲ့အရာကို မရလိုက်ဘူး။ ရွေးချယ်ခံရသူတွေကတော့ ရလိုက်တယ်။+ ကျန်တဲ့သူတွေကတော့ စိတ်နှလုံး ထုံထိုင်းသွားပြီ။+
၈ “ဘုရားသခင်က သူတို့ရဲ့ စိတ်ကို အိပ်မောကျစေတယ်။+ သူတို့ကို မမြင်နိုင်တဲ့မျက်စိ၊ မကြားနိုင်တဲ့နားတွေ ပေးတယ်။ အခုချိန်အထိ သူတို့ အဲဒီလိုဖြစ်နေတုန်းပဲ”+ ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။
၉ ဒါဝိဒ်ကလည်း “သူတို့ရဲ့စားပွဲဟာ သူတို့အတွက် ကျော့ကွင်း၊ ထောင်ချောက်၊ ဆူးငြောင့်ခလုတ် ဖြစ်ပါစေ။ သူတို့ ဒဏ်ခတ်ခံရပါစေ။
၁၀ သူတို့ရဲ့မျက်စိတွေ မမြင်နိုင်အောင် ကွယ်သွားပါစေ။ သူတို့ရဲ့ကျောကုန်းဟာ အမြဲကိုင်းနေပါစေ”+ လို့ပြောခဲ့တယ်။
၁၁ ဒါဆို ကျွန်တော် မေးဦးမယ်။ သူတို့က ခလုတ်တိုက်ပြီး ပြန်မထနိုင်အောင် လဲကျသွားတာလား။ လုံးဝ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ခြေလှမ်းမှားတဲ့အတွက် လူမျိုးခြားတွေ ကယ်တင်ခြင်းရဖို့ လမ်းစပွင့်သွားတယ်။ ဒါဟာ သူတို့ရဲ့ မနာလိုစိတ်ကို ဆွဖို့ပဲ။+
၁၂ သူတို့ ခြေလှမ်းမှားတာက လောကအတွက် ကောင်းချီးဖြစ်သွားရင်၊ သူတို့ ဆုတ်ယုတ်တာက လူမျိုးခြားတွေအတွက် ကောင်းချီးဖြစ်သွားရင်+ စုသိမ်းခံရမယ့်အရေအတွက်ဟာ သူတို့နဲ့သာ ပြည့်သွားခဲ့ရင် ပိုလို့တောင် ကောင်းချီး ဖြစ်စေမှာပဲ။
၁၃ အခု၊ လူမျိုးခြားဖြစ်တဲ့ ခင်ဗျားတို့ကို ကျွန်တော် ပြောမယ်။ ကျွန်တော်က လူမျိုးခြားတွေနဲ့ဆိုင်တဲ့ တမန်တော်ဖြစ်တဲ့အတွက်+ ကျွန်တော့်ရဲ့ အမှုဆောင်လုပ်ငန်းကို ဂုဏ်ယူပါတယ်။+
၁၄ ကျွန်တော်က လူမျိုးချင်းတွေကို မနာလိုစိတ်ပေါ်လာအောင် တစ်နည်းနည်းနဲ့ ဆွဖို့ ကြိုးစားတယ်။ သူတို့ထဲကတချို့ကို ကယ်တင်ခြင်း ရစေဖို့ပါ။
၁၅ သူတို့ ငြင်းပယ်ခံလိုက်ရတာက+ လောကကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေတယ်ဆိုရင် သူတို့ လက်ခံမှုသာရခဲ့ရင် သေဆုံးတဲ့အဖြစ်ကနေ ရှင်သန်နေတဲ့အဖြစ်ကို ကူးပြောင်းကြသွားမယ် မဟုတ်လား။
၁၆ ဦးဆုံး* ဆက်သတဲ့ မုန့်ညက်တစ်ပိုင်းက သန့်ရှင်းရင် မုန့်ညက်တစ်ပုံလုံးလည်း သန့်ရှင်းတယ်။ အမြစ်က သန့်ရှင်းရင် အကိုင်းအခက်တွေလည်း သန့်ရှင်းတယ်။
၁၇ ဒါပေမဲ့ ဘုရားသခင်က သံလွင်ပင်ကိုင်းတချို့ကို ခုတ်ဖြတ်ပြီး သံလွင်ပင်အရိုင်းဖြစ်တဲ့ ခင်ဗျားကို ကိုင်းဆက်လိုက်တဲ့အခါ ခင်ဗျားလည်း သံလွင်အမြစ်ရဲ့ အဆီအနှစ်တွေကို မျှဝေခံစားနေရတယ်။
၁၈ ဒါကြောင့်အကိုင်းအခက်တွေအပေါ် မမောက်မာပါနဲ့။ မောက်မာခဲ့ရင်+ ခင်ဗျားက အမြစ်ကို ထောက်မနေတာ မဟုတ်ဘူး၊ အမြစ်ကသာ ခင်ဗျားကို ထောက်မနေတယ်ဆိုတာ သတိရပါ။
၁၉ “ငါ့ကို ကိုင်းဆက်ဖို့ အကိုင်းအခက်တွေကို ခုတ်ဖြတ်လိုက်တာပဲ”+ ဆိုပြီး ခင်ဗျား ပြောလိမ့်မယ်။
၂၀ ဟုတ်ပါတယ်။ သူတို့က ယုံကြည်ခြင်းမရှိလို့ ခုတ်ဖြတ်ခံရတာ။+ ခင်ဗျားကတော့ ယုံကြည်ခြင်းရှိလို့ ရပ်တည်နေတာ။+ ဒါကြောင့် မာနမကြီးကြနဲ့။ သတိရှိနေကြပါ။
၂၁ ဘုရားသခင်က သံလွင်ပင်ရဲ့ မူလအကိုင်းအခက်တွေကို မချန်ထားဘူးဆိုရင် ခင်ဗျားကိုလည်း ချန်ထားမှာ မဟုတ်ဘူး။
၂၂ ဘုရားသခင်ရဲ့ သနားကြင်နာခြင်းနဲ့+ ဒဏ်ခတ်ခြင်းအကြောင်း စဉ်းစားကြည့်လိုက်ပါ။ လဲကျသွားသူတွေ ဒဏ်ခတ်ခံလိုက်ရတယ်။+ ခင်ဗျားကတော့ ဘုရားသခင်ရဲ့ သနားကြင်နာမှုရဖို့ ကြိုးစားနေသရွေ့ သနားကြင်နာမှုကို ခံစားရမယ်။ မဟုတ်ရင်တော့ ခင်ဗျားလည်း ခုတ်ဖြတ်ခံရမှာပဲ။
၂၃ ဒါပေမဲ့ သူတို့ ယုံကြည်ခြင်း ရှိလာမယ်ဆိုရင် ပြန်ပြီး ကိုင်းဆက်ခံရလိမ့်မယ်။+ ဘုရားသခင်က သူတို့ကို ပြန်ပြီးကိုင်းဆက်ပေးဖို့ တတ်စွမ်းနိုင်တယ်။
၂၄ ခင်ဗျားကို သံလွင်ပင်အရိုင်းကနေ ခုတ်ယူပြီးတဲ့နောက် သံလွင်ပင်အယဉ်မှာ သဘာဝနဲ့ဆန့်ကျင်ပြီး ကိုင်းဆက်ထားတယ်ဆိုရင် မူလအကိုင်းအခက်ဖြစ်တဲ့ သူတို့ကို မူလသံလွင်ပင်မှာ ပြန်ပြီးကိုင်းဆက်ဖို့ဆိုတာ ပိုလို့တောင် ဖြစ်နိုင်တာပေါ့။
၂၅ ညီအစ်ကိုတို့၊ မြင့်မြတ်လှတဲ့ ဒီလျှို့ဝှက်ချက်ကို ခင်ဗျားတို့ သတိမမူမိတာမျိုး မဖြစ်စေချင်ဘူး။+ ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်နေကြမယ်။ အစ္စရေးတချို့ကတော့ စိတ်နှလုံး ထုံထိုင်းနေကြတယ်။ စုသိမ်းခံရမယ့် အရေအတွက်ဟာ လူမျိုးခြားတွေနဲ့ ပြည့်သွားတဲ့အချိန်အထိ သူတို့ အဲဒီလိုဖြစ်နေလိမ့်မယ်။
၂၆ ဒီနည်းနဲ့ အစ္စရေးအားလုံး+ ကယ်တင်ခံရမယ်။ ကျမ်းစာမှာ “ကယ်တင်ရှင်က ဇိအုန်တောင်ကနေ ရောက်လာပြီး+ ဘုရားတရားမဲ့တဲ့ လုပ်ရပ်တွေကို ယာကုပ်အမျိုးကနေ ဖယ်ရှားမယ်။
၂၇ သူတို့ရဲ့အပြစ်တွေကို ငါဖယ်ရှားလိုက်တဲ့အချိန်မှာ+ သူတို့နဲ့ ငါ ပဋိညာဉ်ဖွဲ့မယ်”+ လို့ရေးထားတဲ့အတိုင်းပါပဲ။
၂၈ သူတို့က သတင်းကောင်းကို လက်မခံတဲ့အတွက် ဘုရားသခင်ရဲ့ ရန်သူဖြစ်နေတာတော့ မှန်ပါတယ်။ အဲဒီလိုဖြစ်လို့လည်း ခင်ဗျားတို့ အကျိုးရခဲ့တာပါ။ ဒါပေမဲ့ ဘုရားသခင်က ဘိုးဘေးတွေကိုပေးထားတဲ့ ကတိကြောင့် သူတို့ထဲကတချို့ကို မိတ်ဆွေအဖြစ် ရွေးချယ်ခဲ့တယ်။+
၂၉ ဘုရားသခင်က ဆုလက်ဆောင်ပေးခဲ့တာ၊ ရွေးချယ်ခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး စိတ်ပြောင်းသွားမှာ မဟုတ်ဘူး။
၃၀ ခင်ဗျားတို့ဟာ တစ်ချိန်က ဘုရားသခင်ကို မနာခံခဲ့ကြဘူး။+ ဒါပေမဲ့ သူတို့ရဲ့မနာခံမှုကြောင့်+ ဘုရားသခင်ရဲ့ကရုဏာကို ခင်ဗျားတို့ အခု ခံစားနေရတယ်။+
၃၁ အခု သူတို့လည်း အဲဒီလိုပဲ နာခံမှုမရှိကြဘူး။ ဒါဟာ ခင်ဗျားတို့ခံစားရတဲ့ ကရုဏာတော်ကို အခု သူတို့ ပြန်ခံစားရဖို့ ဖြစ်တယ်။
၃၂ ဘုရားသခင်က လူအားလုံးကို မနာခံမှုရဲ့ အကျဉ်းသားတွေလို့ မြင်တယ်။+ ဒါကြောင့် သူတို့အားလုံးကို ကရုဏာပြတယ်။+
၃၃ ဘုရားသခင်ရဲ့ ကောင်းချီး၊ ဉာဏ်ပညာ၊ အသိပညာတွေဟာ ကြွယ်ဝများပြားလိုက်တာ။ တရားစီရင်ချက်တွေကို စိစစ်လို့မကုန်နိုင်ဘူး။ နည်းလမ်းတော်တွေကို ခြေရာခံလိုက်လို့ မမီနိုင်ဘူး။
၃၄ ကျမ်းစာထဲမှာ “ယေဟောဝါရဲ့* စိတ်တော်ကို ဘယ်သူသိသလဲ။ ဘယ်သူက ဘုရားသခင်ရဲ့အကြံပေး ဖြစ်ဖူးလို့လဲ။”+
၃၅ “ဘုရားသခင်က ကျေးဇူးဆပ်ရအောင် ဘယ်သူကများ ဘုရားကို အရင်ကျေးဇူးပြုဖူးလို့လဲ”+ ဆိုပြီး ရေးထားတယ်။
၃၆ ဘာဖြစ်လို့လဲဆိုတော့ အရာခပ်သိမ်းဟာ ဘုရားသခင်ဆီကအရင်းခံပြီး ဘုရားသခင်ကြောင့် ဖြစ်တည်နေတယ်၊ ဘုရားသခင်အတွက် ဖြစ်တည်နေတယ်။ ဘုရားသခင့်ဘုန်းတော် ထာဝရ ထင်ရှားပါစေ။ အာမင်။*
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ မူရင်း၊ “သီးဦးသီးဖျားအဖြစ်။”
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”