ရောမ ၁၂:၁-၂၁

  • အသက်ရှင်နေတဲ့ ပူဇော်သက္ကာအဖြစ် ကိုယ်ခန္ဓာကို ဆက်သကြပါ (၁၊ ၂)

  • ဆုကျေးဇူး အမျိုးမျိုးရှိပေမဲ့ ကိုယ်ခန္ဓာတစ်ခုတည်း (၃-၈)

  • စစ်မှန်တဲ့ ခရစ်ယာန်လမ်းစဉ်အကြောင်း အကြံပြုချက် (၉-၂၁)

၁၂  ဒါကြောင့် ညီအစ်ကိုတို့၊ ဘုရားသခင်ရဲ့  သနားစာနာမှုကို ထောက်ထားပြီး ကျွန်တော် မေတ္တာရပ်ခံပါတယ်။ အသက်ရှင်နေတဲ့၊ သန့်ရှင်းတဲ့၊+ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာအဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ဆက်သကြပါ။+ ဒီလိုဆိုရင် စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးပြီး ဘုရားသခင်အတွက် အမှုဆောင်ရာရောက်တယ်။+ ၂  ဒီလောကစနစ်ရဲ့* ပုံသွင်းမှုကို မခံပါနဲ့တော့။ ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်းသိနိုင်ဖို့+ ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။+ ၃  ကျွန်တော်ခံစားနေရတဲ့  မဟာကရုဏာတော်ကို အမှီပြုပြီး ခင်ဗျားတို့ယောက်တိုင်းကို ပြောချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီးမထင်ကြပါနဲ့။+ အဲဒီအစား ယောက်တိုင်းကို ဘုရားသခင်ပေးထားတဲ့ ယုံကြည်ခြင်းနဲ့အညီ ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံပဲ ထင်ကြပါ။+ ၄  ကိုယ်ခန္ဓာတစ်ခုမှာ အင်္ဂါအစိတ်အပိုင်းတွေ အများကြီးရှိပေမဲ့+ အဲဒီအစိတ်အပိုင်းတွေရဲ့ အလုပ်တာဝန်ချင်း မတူကြဘူး။ ၅  အလားတူပဲ၊ ကျွန်တော်တို့ဟာ အရေအတွက်များပေမဲ့ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့အတွက် ကိုယ်ခန္ဓာတစ်ခုတည်းပါပဲ။ ဒါပေမဲ့ တစ်ဦးစီကတော့ အပြန်အလှန်ဆက်စပ်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တယ်။+ ၆  မဟာကရုဏာတော်နဲ့အညီ ကျွန်တော်တို့ရရှိထားတဲ့ ဆုကျေးဇူးတွေဟာ မတူညီကြဘူး။+ ဒါကြောင့် ပရောဖက်ပြုနိုင်တဲ့ဆုကျေးဇူး ရရှိထားတာဆိုရင် ကိုယ့်ယုံကြည်ခြင်း အတိုင်းအတာနဲ့အညီ ပရောဖက်ပြုကြစို့။ ၇  အမှုဆောင်ခြင်းဆုကျေးဇူး ရရှိထားတာဆိုရင် အမှုဆောင်ကြစို့။ သွန်သင်ခြင်းဆုကျေးဇူး ရရှိထားသူဆိုရင် သွန်သင်ပေးပါစေ။+ ၈  အားပေးနိုင်စွမ်းဆုကျေးဇူး ရရှိထားသူဆိုရင် အားပေးပါစေ။+ ဝေမျှပေးကမ်းခြင်းဆုကျေးဇူး ရရှိထားသူဆိုရင် ရက်ရက်ရောရော ဝေမျှပေးကမ်းပါစေ။+ ဦးစီးခြင်းဆုကျေးဇူး ရရှိထားသူဆိုရင် ဝီရိယရှိရှိ ဦးစီးပါစေ။+ သနားမစခြင်းဆုကျေးဇူး ရရှိထားသူဆိုရင် ကြည်ကြည်သာသာ သနားမစပါစေ။+ ၉  ခင်ဗျားတို့ရဲ့မေတ္တာဟာ  ဟန်ဆောင်မှု ကင်းပါစေ။+ ဆိုးညစ်တဲ့အရာကို ရွံမုန်းပါ။+ ကောင်းတဲ့အရာကို တွယ်တာပါ။ ၁၀  အချင်းချင်း ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်မြတ်နိုးပါ။ ကိုယ်တိုင်အစပြုပြီး အချင်းချင်းကို ဂုဏ်တင်ပါ။+ ၁၁  လုံ့လဝီရိယရှိပါ။ မပျင်းရိပါနဲ့။*+ စွမ်းအားတော်ရဲ့ စေ့ဆော်မှုနဲ့ စိတ်ထက်သန်နေပါ။+ ယေဟောဝါ* အတွက် အစေခံပါ။+ ၁၂  မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ။ ဒုက္ခရောက်တဲ့အခါ ခံနိုင်ရည်ရှိပါ။+ ဇွဲမလျှော့တမ်း ဆုတောင်းပါ။+ ၁၃  သန့်ရှင်းသူတွေကို လိုအပ်တာ ဝေမျှပေးကမ်းပါ။+ ဧည့်ဝတ်ပြုတတ်တဲ့အကျင့် ရှိအောင် လုပ်ပါ။+ ၁၄  ကိုယ့်ကို ညှဉ်းဆဲသူတွေအတွက် ဆုမွန်ကောင်း တောင်းပေးပါ။+ မကျိန်ဆဲပါနဲ့၊ ဆုမွန်ကောင်းသာ တောင်းပေးလိုက်ပါ။+ ၁၅  ဝမ်းမြောက်သူတွေနဲ့အတူ ဝမ်းမြောက်ပါ။ ငိုကြွေးသူတွေနဲ့အတူ  ငိုကြွေးပါ။ ၁၆  ကိုယ့်အပေါ် ကိုယ်ထားတဲ့ စိတ်သဘောမျိုး သူတစ်ပါးပေါ်မှာလည်း ထားပါ။ ကြီးမြင့်တဲ့အရာတွေပေါ် စိတ်မရောက်ပါနဲ့။ နှိမ့်ချတဲ့လမ်းစဉ်နောက် လိုက်ပါ။+ ကိုယ့်ကိုယ်ကိုယ် ပညာရှိတယ်လို့ မထင်ပါနဲ့။+ ၁၇  အဆိုးကို  အဆိုးနဲ့  မတုံ့ပြန်ပါနဲ့။+ လူအားလုံးရဲ့အမြင်မှာ ကောင်းမွန်တဲ့အရာဟာ ဘာလဲဆိုတာကို ထည့်စဉ်းစားပါ။ ၁၈  ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့  သင့်မြတ်အောင်  အတတ်နိုင်ဆုံး ကြိုးစားပါ။+ ၁၉  ချစ်ရသူတို့၊ လက်စားမချေပါနဲ့။ အမျက်တော်ကိုသာ အခွင့်ပေးလိုက်ပါ။+  ဘာလို့လဲဆိုတော့  “‘လက်စားချေတာဟာ ငါ့ကိစ္စပါ။ မတရားမှုအတွက် ငါလက်တုံ့ပြန်ပေးမှာပါ’ လို့ ယေဟောဝါ* ပြောတယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ ၂၀  “ရန်သူ ဆာလောင်နေရင် ကျွေးမွေးလိုက်ပါ။ ရေငတ်နေရင် သောက်စရာ ပေးလိုက်ပါ။ အဲဒီလိုလုပ်ရင် သူ့ခေါင်းပေါ် မီးခဲတွေ ပုံထားရာရောက်မယ်”*+ လို့လည်း ရေးထားတယ်။ ၂၁  ဒါကြောင့် အဆိုးနဲ့တုံ့ပြန်ပြီး အရှုံးမခံပါနဲ့။ အကောင်းနဲ့တုံ့ပြန်ပြီး အဆိုးကို အမြဲအနိုင်ယူလိုက်ပါ။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “အလုပ်မှာ ခိုကပ်ပြီး အချိန်ဖြုန်းမနေပါနဲ့။”
စိတ်နူးညံ့လာစေဖို့၊ မာကျောနေတဲ့စိတ်ကို အရည်ပျော်စေဖို့ ဖြစ်တယ်။