ရောမ ၁၃:၁-၁၄

  • အထက်အာဏာပိုင်တွေကို လက်အောက်ခံခြင်း (၁-၇)

    • အခွန်ဆောင်ခြင်း (၆၊ ၇)

  • မေတ္တာထားတာဟာ ပညတ်ကို လိုက်နာတာပဲ (၈-၁၀)

  • နေ့အချိန်မှာ လူတွေကျင့်ကြံသလို ကျင့်ကြံပြုမူ (၁၁-၁၄)

၁၃  အထက်အာဏာပိုင်တွေကို လူတိုင်း* လက်အောက်ခံရမယ်။+ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိရင် အာဏာပိုင်ဆိုတာ မရှိဘူး။+ ဘုရားသခင်က လက်ရှိအာဏာပိုင်တွေကို အတိုင်းအတာတစ်ခုအထိ အခွင့်အာဏာ ပေးအပ်ထားတယ်။+ ၂  ဒါကြောင့် အာဏာပိုင်တွေကို ဆန့်ကျင်သူဟာ ဘုရားသခင်ရဲ့ အစီအစဉ်ကို ဆန့်ကျင်သူပဲ။ အဲဒီလိုဆန့်ကျင်သူဟာ ပြစ်ဒဏ်စီရင်ခံရမယ်။ ၃  ကောင်းတာလုပ်တဲ့သူတွေဟာ  အုပ်စိုးရှင်တွေကို ကြောက်နေစရာ  မလိုဘူး။ မကောင်းတာလုပ်တဲ့သူတွေပဲ ကြောက်ရမှာ။+ အာဏာပိုင်တွေကို မကြောက်ဘဲ နေချင်သလား။ ကောင်းမွန်ရာကို အမြဲလုပ်ဆောင်ပါ။+ ဒါဆိုရင် အာဏာပိုင်တွေ ချီးမွမ်းတာ ခံရလိမ့်မယ်။ ၄  သူတို့ဟာ ခင်ဗျားရဲ့ ကောင်းကျိုးအတွက် ဘုရားသခင်ခန့်ထားတဲ့ အမှုထမ်းတွေပဲ။ မကောင်းတာ လုပ်နေရင်တော့ သူတို့ကို ကြောက်ရလိမ့်မယ်။ အာဏာပိုင်တွေဟာ ဓားကို အကြောင်းမဲ့ ဆောင်ထားတာ မဟုတ်ဘူး။ သူတို့ဟာ ဘုရားသခင်ရဲ့ အမှုထမ်းတွေ ဖြစ်တဲ့အတွက် မကောင်းမှုပြုကျင့်သူတွေကို အမျက်သင့်စေမယ့်* လက်စားချေသူတွေပဲ။ ၅  အမျက်တော်ကြောင့်သာ မဟုတ်ဘဲ  ကိုယ့်ရဲ့  အမှားအမှန်သိစိတ်ကြောင့်လည်း အာဏာပိုင်တွေကို မလွဲမသွေ လက်အောက်ခံရမယ်။+ ၆  ဒါကြောင့်  ခင်ဗျားတို့  အခွန်ဆောင်ပါ။ အာဏာပိုင်တွေဟာ  ပြည်သူတွေအတွက် အမှုထမ်းဖို့ ဘုရားသခင် ခန့်ထားသူတွေဖြစ်လို့ ဒီတာဝန်ကို အမြဲထမ်းဆောင်ကြတယ်။ ၇  လူအားလုံးကို ပေးသင့်ပေးထိုက်ရာတွေ ပေးကြပါ– အခွန်ဆောင်သင့်သူကို အခွန်ဆောင်ပါ။+ ဆက်ကြေးပေးသင့်သူကို ဆက်ကြေးပေးပါ။ ကြောက်သင့်သူကို ကြောက်ပါ။+ ရိုသေသင့်သူကို ရိုသေပါ။+ ၈  အချင်းချင်းအပေါ် မေတ္တာကြွေးကလွဲလို့ ဘာအကြွေးမှ မတင်စေနဲ့။+ လူလူချင်းကို ချစ်တဲ့သူဟာ ပညတ်တရားကို အပြည့်အဝ လိုက်နာနေတာပဲ။+ ၉  “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ”+ ဆိုတဲ့ ပညတ်ဟာ “အိမ်ထောင်ရေး မဖောက်ပြန်နဲ့။+ လူ့အသက် မသတ်နဲ့။+ မခိုးနဲ့။+ လိုချင်တပ်မက်စိတ် မရှိနဲ့”+ ဆိုတဲ့ ပညတ်တွေကအစ ကျန်တဲ့ပညတ်ရှိသမျှရဲ့ အနှစ်ချုပ်ပဲ။ ၁၀  မေတ္တာဟာ သူတစ်ပါးကို နစ်နာအောင် မလုပ်တတ်ဘူး။+ ဒါကြောင့် မေတ္တာထားတာဟာ ပညတ်အားလုံးကို လိုက်နာနေတာပဲ။+ ၁၁  ဒါကြောင့် ကျွန်တော်ပြောတာတွေကို လိုက်နာကြပါ။ အိပ်ပျော်ရာကနေ နိုးထရမယ့်အချိန်+ ရောက်နေပြီဆိုတာ ခင်ဗျားတို့ သိတာပဲ။ ကယ်တင်ခံရမယ့်အချိန်ဟာ ကျွန်တော်တို့ ယုံကြည်သူတွေ ဖြစ်လာတုန်းကထက် အခု ပိုနီးနေပြီ။ ၁၂  ညအချိန် ကုန်ဆုံးပြီး နေ့အချိန် ရောက်လုပြီ။ ဒါကြောင့် မှောင်မိုက်နဲ့ဆိုင်တဲ့ အကျင့်တွေကို စွန့်ပစ်ပြီး+ အလင်းရဲ့လက်နက်တွေကို ကိုင်ဆောင်ထားကြစို့။+ ၁၃  အထိန်းအကွပ်မဲ့ ပွဲလုပ်တာ၊ သောက်စားမူးယစ်တာ၊ လိင်အကျင့်ယိုယွင်းတာ၊  မျက်နှာပြောင်တိုက်တာ၊*+ ခိုက်ရန်ဖြစ်တာ၊ မနာလိုဖြစ်တာတွေကို+ ရှောင်ပြီး နေ့အချိန်မှာ လူတွေကျင့်ကြံသလို သိက္ခာရှိရှိ ကျင့်ကြံပြုမူကြစို့။+ ၁၄  သခင်ယေရှုခရစ်ကို အတုယူပါ။*+ အပြစ်ရှိတဲ့အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့ မကြံစည်ပါနဲ့။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ် “အသက်” ကိုကြည့်။
ဒါမှမဟုတ်၊ “ပြစ်ဒဏ်ကျရောက်စေမယ့်။”
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “ဝတ်ဆင်ပါ။”