ရောမ ၁၄:၁-၂၃

  • အချင်းချင်း အကဲဖြတ်ဝေဖန်တာမျိုး မလုပ်ပါနဲ့ (၁-၁၂)

  • သူတစ်ပါးအတွက် တိုက်မိလဲစရာ မဖြစ်ပါစေနဲ့ (၁၃-၁၈)

  • ငြိမ်သက်မှု၊ စည်းလုံးမှုရှိဖို့ လုပ်ဆောင်ပါ (၁၉-၂၃)

၁၄  ယုံကြည်ခြင်းအားနည်းသူကို ကြိုဆိုလက်ခံပါ။+  ဒါပေမဲ့ အမြင်ချင်းမတူတာကို* အကဲဖြတ်ဝေဖန်တာမျိုး မလုပ်ပါနဲ့။ ၂  ယုံကြည်ခြင်းခိုင်ခံ့သူက ဘာမဆို စားတယ်။ ယုံကြည်ခြင်းအားနည်းသူကတော့ ဟင်းသီးဟင်းရွက်ပဲ စားတယ်။ ၃  ဘာမဆိုစားတဲ့သူက မစားတဲ့သူကို အထင်မသေးပါနဲ့။ မစားတဲ့သူကလည်း စားတဲ့သူကို ပြစ်တင်ဝေဖန်တာမျိုး မလုပ်ပါနဲ့။+ သူ့ကို ဘုရားသခင် ကြိုဆိုလက်ခံထားပြီပဲ။ ၄  ခင်ဗျားက ဘယ်သူမို့လို့ သူတစ်ပါးရဲ့အစေခံကို ပြစ်တင်ဝေဖန်တာလဲ။+ သူ့သခင်ဟာ ခင်ဗျားမဟုတ်ဘူး၊ ဘုရားသခင်ပဲ။ သူ့လုပ်ရပ် မှားသလား၊ မှန်သလားဆိုတာကို ဘုရားသခင်ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။+ ယေဟောဝါ* ကူညီပေးလို့ ရှေ့တော်မှာ သူ ရပ်တည်နေတာ။ ၅  နေ့တစ်နေ့ဟာ  တခြားနေ့တွေထက်  ပိုထူးမြတ်တယ်လို့  လူတစ်ယောက် ယူဆတယ်။+ နောက်တစ်ယောက်ကတော့ နေ့ရက်တိုင်းဟာအတူတူပဲလို့  ယူဆတယ်။+  ဘယ်လိုပဲ ယူဆပါစေ ကိုယ်မှန်တယ်ဆိုတာ ကိုယ်တိုင် စိတ်ချနေပါစေ။ ၆  နေ့ထူးနေ့မြတ်ကို စောင့်ထိန်းတဲ့သူက ယေဟောဝါကို* ထောက်ပြီး စောင့်ထိန်းတယ်။ ဘာမဆိုစားတဲ့သူကလည်း ယေဟောဝါကို* ထောက်ပြီး စားတယ်။ စားတဲ့သူက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းသလို+ မစားတဲ့သူကလည်း ယေဟောဝါကို* ထောက်ပြီး မစားတာဆိုပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတာပဲ။+ ၇  ကျွန်တော်တို့ထဲက ဘယ်သူမှ ကိုယ့်အတွက်ပဲ အသက်မရှင်ကြပါဘူး။+ ဘယ်သူမှ ကိုယ့်အတွက်ပဲ မသေကြပါဘူး။ ၈  အသက်ရှင်မယ်ဆိုရင် ယေဟောဝါ* အတွက်ပဲ ရှင်မယ်။+ သေရမယ်ဆိုရင်လည်း ယေဟောဝါ* အတွက်ပဲ သေမယ်။ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်တော်တို့ကို ယေဟောဝါ* ပိုင်တယ်။+ ၉  ဘာကြောင့်လဲဆိုတော့ ခရစ်တော် အသေခံခဲ့ပြီး အသက်ပြန်ရှင်လာတာဟာ သေလွန်သူတွေရဲ့ သခင်၊ အသက်ရှင်သူတွေရဲ့ သခင်ဖြစ်ဖို့ပဲ။+ ၁၀  ကိုယ့်ညီအစ်ကိုကို ဘာလို့ ပြစ်တင်ဝေဖန်တာလဲ။+ ဘာလို့ အထင်သေးတာလဲ။ အားလုံးဟာ ဘုရားသခင်ရဲ့ တရားပလ္လင်ရှေ့ကို ရောက်ရမယ့်သူတွေချည်းပါပဲ။+ ၁၁  “‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ပြီး ကျိန်ဆိုမယ်။+  ငါ့ရှေ့မှာ  လူတိုင်း ဒူးထောက်ရလိမ့်မယ်။ ငါဟာ ဘုရားသခင်ဖြစ်မှန်း လူတိုင်း အသိအမှတ်ပြုပြီး ထုတ်ဖော်ပြောဆိုရလိမ့်မယ်’ လို့ ယေဟောဝါ* ဘုရားပြောတယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ ၁၂  ဒါကြောင့် ဘုရားသခင်က ကျွန်တော်တို့ယောက်တိုင်းကို   ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက် တောင်းလိမ့်မယ်။+ ၁၃  ဒါကြောင့် အချင်းချင်း ပြစ်တင်ဝေဖန်တာမျိုး မလုပ်ပါနဲ့တော့။+ ညီအစ်ကိုအတွက် တိုက်မိလဲစရာ မဖြစ်စေဖို့၊ အတားအဆီး မဖြစ်စေဖို့ ဆုံးဖြတ်ထားပါ။+ ၁၄  အလိုလိုနေရင်း ညစ်ညူးတာဆိုလို့ ဘာတစ်ခုမှ မရှိမှန်း+ သခင်ယေရှုကို အမှီပြုပြီး ကျွန်တော်သိမှတ်ယုံကြည်တယ်။ တစ်စုံတစ်ခုဟာ ညစ်ညူးတယ်လို့ ယူဆသူအတွက်ပဲ ညစ်ညူးတာပါ။ ၁၅  ကိုယ့်ရဲ့ အစားအစာကြောင့် ညီအစ်ကိုတစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင် ဒါဟာ မေတ္တာလမ်းစဉ်အတိုင်း လိုက်လျှောက်တာ မဟုတ်တော့ဘူး။+ သူ့အတွက် ခရစ်တော် အသေခံခဲ့တာဖြစ်လို့ ကိုယ့်အစာကြောင့် သူ့ကို မပျက်စီးပါစေနဲ့။+ ၁၆  ဒါကြောင့် ကောင်းတယ်လို့ ကိုယ်ထင်ပေမဲ့ သူတစ်ပါး ကဲ့ရဲ့စရာဖြစ်စေမယ့် အရာတွေကို မလုပ်ပါနဲ့။ ၁၇  ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ စားတာ၊ သောက်တာနဲ့ မဆိုင်ဘူး။+ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ပဲ ဆိုင်တယ်။ ၁၈  ဒီနည်းနဲ့ ခရစ်တော်အတွက် အစေခံတဲ့သူကို ဘုရားသခင် လက်ခံတယ်။ သူဟာ လူတွေရှေ့မှာလည်း မျက်နှာသာရတတ်တယ်။ ၁၉  ဒါကြောင့် ငြိမ်သက်ခြင်းရှိစေတဲ့အရာ၊+ အားပေးမှုဖြစ်စေတဲ့အရာတွေကို+ လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားကြစို့။ ၂၀  အစားအစာအတွက်နဲ့ ဘုရားသခင်ရဲ့ လက်ရာကို မဖျက်ဆီးပါနဲ့တော့။+ အစာအားလုံး စင်ကြယ်တာမှန်ပေမဲ့ သူတစ်ပါးအတွက် တိုက်မိလဲစရာ  ဖြစ်စေတယ်ဆိုရင် စားတဲ့သူဟာ သူတစ်ပါးကို ထိခိုက်နစ်နာစေသူပဲ။+ ၂၁  ညီအစ်ကိုအတွက် တိုက်မိလဲစရာ ဖြစ်စေမယ်ဆိုရင် အသားစားတာဖြစ်စေ၊ ဝိုင်သောက်တာဖြစ်စေ ဘာကိုမှ မလုပ်တာ အကောင်းဆုံးပါပဲ။+ ၂၂  ကိုယ့်မှာရှိတဲ့ ယုံကြည်ခြင်းကို ဘုရားသခင်နဲ့ ကိုယ်နဲ့ပဲဆိုင်တဲ့ကိစ္စ ဖြစ်စေပါ။ ကိုယ်မှန်တယ်ထင်တဲ့ လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကိုယ် ဝေဖန်အပြစ်တင်စရာအကြောင်း မရှိတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ၂၃  ဒါပေမဲ့ သံသယစိတ်နဲ့ စားရင် မှားတယ်။ မှန်တယ်ဆိုတဲ့ ယုံကြည်ချက်မရှိဘဲ စားတာဖြစ်လို့ပဲ။ ယုံကြည်ခြင်းမရှိဘဲ လုပ်ရင် လုပ်သမျှဟာ အပြစ်ပဲ။

အောက်ခြေမှတ်ချက်များ

“သူ့စိတ်ထဲ ဒွိဟဖြစ်နေတာကို” လည်းဖြစ်နိုင်။