ရောမ ၁၅:၁-၃၃

  • ခရစ်တော်လိုပဲ အချင်းချင်းကို ကြိုဆိုလက်ခံကြပါ (၁-၁၃)

  • လူမျိုးခြားတွေအတွက် ကျွန်တစ်ယောက်ဖြစ်တဲ့ ပေါလု (၁၄-၂၁)

  • ပေါလုရဲ့ ခရီးစဉ် (၂၂-၃၃)

၁၅  ဒီတော့ ယုံကြည်ခြင်းခိုင်ခံ့တဲ့ ကျွန်တော်တို့က ယုံကြည်ခြင်း မခိုင်ခံ့တဲ့သူတွေကို သူတို့ရဲ့ အားနည်းချက်တွေ ခံရပ်နိုင်အောင် ကူညီပေးသင့်တယ်။+ ကိုယ့်အလိုအတိုင်း မလုပ်သင့်ဘူး။+ ၂  သူတစ်ပါးရဲ့အလိုကို လိုက်ပြီး သူတို့အကျိုးအတွက် အားပေးမှုဖြစ်စေမယ့်အရာတွေကို လုပ်ဆောင်ကြစို့။+ ၃  ခရစ်တော်တောင်  ကိုယ့်အလိုအတိုင်း မလုပ်ခဲ့ဘူး။+ “ကိုယ်တော့်ကို ကဲ့ရဲ့သူတွေ ကဲ့ရဲ့တာကို ကျွန်တော်ခံနေရတယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပါပဲ။ ၄  ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။+ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့+ နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက်ရှိစေတယ်။+ ၅  ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးသနားတဲ့ ဘုရားသခင်က ခရစ်တော်ယေရှုမှာရှိတဲ့ စိတ်သဘောထား ခင်ဗျားတို့မှာ ရှိလာအောင် ကူညီပေးပါစေ။ ၆  ဒါဆိုရင် သခင်ယေရှုခရစ်ရဲ့အဖ ဘုရားသခင်ကို ခင်ဗျားတို့ တညီတညွတ်တည်း+  ဂုဏ်တင်ချီးမွမ်းနိုင်ကြမယ်။ ၇  ဒါကြောင့် ခရစ်တော်က ဘုရားသခင်ရဲ့ဘုန်းတော် ထင်ရှားစေဖို့ ကျွန်တော်တို့ကို  ကြိုဆိုလက်ခံခဲ့သလို+ အချင်းချင်းကို ကြိုဆိုလက်ခံကြပါ။+ ၈  ကျွန်တော်ပြောမယ်။ ဘုရားသခင်ဟာ ဟုတ်တိုင်းမှန်ရာ ပြောဆိုတဲ့ဘုရားဖြစ်ကြောင်း ဖော်ပြဖို့၊ ဘိုးဘေးတွေကိုပေးခဲ့တဲ့ ကတိတွေ ဟုတ်မှန်ကြောင်း သက်သေပြဖို့+ ခရစ်တော်က အရေဖျားဖြတ်ထားသူတွေအတွက် အစေအပါး ဖြစ်လာခဲ့တယ်။+ ၉  လူမျိုးခြားတွေလည်း ခံစားရတဲ့ ကရုဏာတော်အတွက် ဘုရားသခင့်ဘုန်းတော်ကို ချီးမွမ်းခွင့်ရကြတယ်။+  “ဒါကြောင့်  ကျွန်တော်က လူမျိုးတွေအလယ်မှာ ကိုယ်တော့်ကို လူသိရှင်ကြား ဂုဏ်တင်ချီးမွမ်းပါ့မယ်။ နာမတော်ကို ချီးမွမ်းသီချင်းဆိုပါ့မယ်”+ ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။ ၁၀  “လူမျိုးအပေါင်းတို့၊ ဘုရားရဲ့လူမျိုးနဲ့အတူ ဝမ်းမြောက်ကြပါ”+ လို့လည်း ပြောထားတယ်။ ၁၁  “လူမျိုးအပေါင်းတို့၊ ယေဟောဝါကို* ချီးမွမ်းကြ။ လူအပေါင်းတို့၊ ဘုရားကို ချီးမွမ်းကြ”+  လို့လည်း  ရေးထားတယ်။ ၁၂  ဟေရှာယက “ယေရှဲရဲ့အမြစ် ပေါ်ထွန်းလာမယ်။+ သူက လူမျိုးခြားတွေကို အုပ်စိုးလိမ့်မယ်။+ လူမျိုးခြားတွေက သူ့ကို အားကိုးမျှော်လင့်ကြလိမ့်မယ်”+ လို့ပြောခဲ့တယ်။ ၁၃  မျှော်လင့်ချက်ပေးတဲ့အရှင် ဘုရားသခင်က မိမိကို ယုံကြည်အားထားတဲ့ ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ။ အဲဒီအခါ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကြောင့် ပိုပြီးရှင်သန်နေမယ်။+ ၁၄  ညီအစ်ကိုတို့၊ ခင်ဗျားတို့ဟာ ကောင်းတာလုပ်ဖို့ အသင့်ဖြစ်နေမှန်း၊ အသိပညာအမျိုးမျိုးနဲ့  ပြည့်စုံမှန်း၊ အချင်းချင်းကို သတိပေးဆုံးမနိုင်စွမ်းရှိမှန်း ကျွန်တော် တထစ်ချယုံတယ်။ ၁၅  ဒါပေမဲ့ ခင်ဗျားတို့ကို သတိပေးတဲ့အနေနဲ့ တချို့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ရေးလိုက်တယ်။ ဘုရားသခင်က ကျွန်တော့်ကို မဟာကရုဏာတော် ပြထားတဲ့အတွက် အခုလို သတိပေးရတာပါ။ ၁၆  အဲဒီမဟာကရုဏာတော်ကြောင့်  ခရစ်တော်ယေရှုရဲ့  အစေအပါး  ဖြစ်ခွင့်ရခဲ့တဲ့အတွက် လူမျိုးခြားအားလုံးကို  ကျွန်တော် သတင်းကောင်း ကြေညာနိုင်ခဲ့တယ်။+ ဒါဟာ မြင့်မြတ်တဲ့အလုပ်ပဲ။+ ကျွန်တော် ဒီလိုလုပ်ဆောင်တဲ့အတွက် လူမျိုးခြားတွေဟာ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် သန့်စင်ခံရပြီး နှစ်သက်ဖွယ်ကောင်းတဲ့ အလှူတွေ ဖြစ်လာကြပြီ။ ၁၇  ကျွန်တော်ဟာ  ခရစ်တော်ယေရှုရဲ့ တပည့်ဖြစ်ခွင့်ရလို့၊ ဘုရားသခင်အတွက် အမှုဆောင်ခွင့်ရလို့ ဝမ်းမြောက်နေတယ်။ ၁၈  ခရစ်တော်က ကျွန်တော့်ကိုသုံးပြီး လူမျိုးခြားတွေ နာခံလာအောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အချက်ကလွဲလို့ တခြားဘာကိုမှ ကျွန်တော် မပြောဝံ့ပါဘူး။ ကျွန်တော့်ရဲ့စကားတွေ၊ ကျွန်တော့်ရဲ့ လုပ်ဆောင်မှုတွေ၊ ၁၉  အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေနဲ့+ ဘုရားသခင့် စွမ်းအားတော်ရဲ့ တန်ခိုးအားဖြင့် ခရစ်တော် အဲဒီလို လုပ်ဆောင်ခဲ့တာ။ ဒါကြောင့် ကျွန်တော်က ဂျေရုဆလင်မြို့ကစပြီး အိလုရိတ်ပြည်အထိ အဲဒီဒေသတစ်လျှောက် လှည့်လည်ပြီး ခရစ်တော်ရဲ့ သတင်းကောင်းကို စေ့စေ့စပ်စပ် ဟောပြောခဲ့ပြီ။+ ၂၀  ကျွန်တော့်ရည်ရွယ်ချက်က ခရစ်တော်ရဲ့ နာမည်အကြောင်း မသိသေးတဲ့နေရာတွေမှာ သတင်းကောင်းဟောဖို့ပါ။ သူတစ်ပါးချထားတဲ့ အုတ်မြစ်ပေါ်မှာ ကျွန်တော် ထပ်ပြီး မတည်ဆောက်ဘူး။ ၂၁  “သူ့သတင်း မကြားဖူးသူတွေ သူ့ကို မြင်ရလိမ့်မယ်။ သူ့အကြောင်း မကြားဖူးသူတွေ နားလည်ခွင့်ရကြလိမ့်မယ်”+ ဆိုတဲ့ ကျမ်းစကားအတိုင်းပဲပေါ့။ ၂၂  အဲဒါကြောင့် ခင်ဗျားတို့ဆီ ကျွန်တော်  အကြိမ်ကြိမ်  လာချင်ပေမဲ့မလာဖြစ်ခဲ့ဘူး။ ၂၃  အခုတော့  ဒီဒေသတွေမှာ ကျွန်တော် မဟောရသေးတဲ့နေရာ မရှိသလောက်ပဲ။ ခင်ဗျားတို့ဆီ လာချင်နေတာလည်း နှစ်အတော်ကြာ ရှိနေပြီ။* ၂၄  စပိန်ပြည်ကို ခရီးသွားတဲ့အခါကျရင် ခင်ဗျားတို့နဲ့ တွေ့ခွင့်ရမယ်၊ ခင်ဗျားတို့နဲ့ အတန်ကြာ ပေါင်းသင်းပြီးတဲ့နောက် ကျွန်တော့်ကို ခရီးတစ်ထောက် လိုက်လံပို့ဆောင်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ၂၅  အခုတော့ သန့်ရှင်းသူတွေကို အလုပ်အကျွေးပြုဖို့ ဂျေရုဆလင်မြို့ဆီ သွားရဦးမယ်။+ ၂၆  မက်ဆီဒိုးနီးယားပြည်နဲ့ အခါယပြည်မှာရှိတဲ့သူတွေက ဂျေရုဆလင်မြို့မှာရှိတဲ့ သန့်ရှင်းသူတွေထဲက နွမ်းပါးသူတွေကို ပစ္စည်းဥစ္စာတချို့ ဝေမျှပြီး ရက်ရက်ရောရော လှူဒါန်းလိုက်လို့ပါ။+ ၂၇  သူတို့က ရက်ရက်ရောရော လှူဒါန်းချင်တယ်။ တကယ်လည်း သူတို့ဟာ ကျေးဇူးမကင်းသူတွေပါ။ ဘုရားသခင်ဆီက ကောင်းမွန်ရာတွေကို သန့်ရှင်းသူတွေဆီက ရရှိခဲ့တဲ့အတွက် သူတို့ဘက်ကလည်း သန့်ရှင်းသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့်တာဝန် ရှိပါတယ်။+ ၂၈  ဒါကြောင့် ဒီကိစ္စကို လက်စသတ်ပြီး သန့်ရှင်းသူတွေဆီ အလှူတွေ အသေအချာ အပ်ပြီးရင်တော့ စပိန်ပြည်ကို သွားရင်းနဲ့ ခင်ဗျားတို့ဆီ ဝင်မယ်။ ၂၉  ကျွန်တော်လာတဲ့အခါ ခရစ်တော်ပေးတဲ့ ကောင်းချီးအလျှံပယ်ကို ခင်ဗျားတို့ဆီ သယ်ဆောင်လာမယ်ဆိုတာ စိတ်ချပါ။ ၃၀  ညီအစ်ကိုတို့၊ သခင် ယေရှုခရစ်ကို ကျွန်တော်တို့ ယုံကြည်တဲ့အတွက်၊ အချင်းချင်းချစ်ဖို့ စွမ်းအားတော် လှုံ့ဆော်ပေးတဲ့အတွက် ကျွန်တော် တိုက်တွန်းချင်တာက ကျွန်တော်ဆုတောင်းသလိုပဲ ခင်ဗျားတို့လည်း ဘုရားသခင်ဆီ စိတ်ထက်သန်စွာ ဆုတောင်းပေးကြပါ။+ ၃၁  ယုဒပြည်မှာရှိတဲ့ မယုံကြည်သူတွေရဲ့ လက်ကနေ ကျွန်တော် လွတ်မြောက်နိုင်ဖို့၊+ ဂျေရုဆလင်မြို့မှာရှိတဲ့ သန့်ရှင်းသူတွေအတွက် ကျွန်တော် အလုပ်အကျွေးပြုတာကို သူတို့ နှစ်သက်လက်ခံနိုင်ဖို့  ဆုတောင်းပေးကြပါ။+ ၃၂  ဘုရားအလိုတော်ရှိရင် ခင်ဗျားတို့ဆီ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ရောက်လာပြီး အပြန်အလှန် အားပေးနိုင်မှာပါ။ ၃၃  ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်ဟာ ခင်ဗျားတို့အားလုံးနဲ့အတူ ရှိပါစေ။+ အာမင်။*

အောက်ခြေမှတ်ချက်များ

“နှစ်အနည်းငယ်ရှိနေပြီ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”