ရောမ ၁၆:၁-၂၇

  • အသင်းတော်ကို အလုပ်အကျွေးပြုသူ ညီအစ်မ ဖိဗေကို ပေါလုမိတ်ဆက်ပေး (၁၊ ၂)

  • ရောမအသင်းတော်က ခရစ်ယာန်တွေကို နှုတ်ခွန်းဆက် (၃-၁၆)

  • စိတ်ဝမ်းမကွဲဖို့ သတိပေးချက် (၁၇-၂၀)

  • လုပ်ဖော်ဆောင်ဖက်တွေဆီက နှုတ်ခွန်းဆက်စကား (၂၁-၂၄)

  • မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ကို ဖော်ပြ (၂၅-၂၇)

၁၆  ကင်ခြေမြို့မှာရှိတဲ့+ အသင်းတော်ကို အလုပ်အကျွေးပြုသူ ညီအစ်မဖိဗေကို ခင်ဗျားတို့နဲ့ မိတ်ဆက်ပေးပါတယ်။ ၂  သန့်ရှင်းသူတွေကို ကြိုဆိုသင့်တဲ့အတိုင်း သခင်ကိုယုံကြည်သူအဖြစ် သူ့ကို ကြိုဆိုလက်ခံပေးကြပါ။ သူလိုအပ်သမျှကို ကူညီပေးကြပါ။+ သူက ကျွန်တော့်ကိုရော လူများစွာကိုပါ ကူညီပေးခဲ့တယ်။ ၃  ခရစ်တော်ယေရှုရဲ့  အလုပ်ကို ကျွန်တော်နဲ့အတူ လုပ်ဆောင်ခဲ့တဲ့ ပြစ်က* နဲ့ အာကုလကို+ နှုတ်ဆက်ပေးပါ။ ၄  သူတို့ဟာ ကျွန်တော့်အတွက် လည်စင်းခံဝံ့သူတွေပဲ။+  ကျွန်တော်သာမက လူမျိုးခြားအသင်းတော် အားလုံးက သူတို့ကို ကျေးဇူးတင်ကြတယ်။ ၅  သူတို့အိမ်မှာစုဝေးတဲ့ အသင်းတော်ကိုလည်း နှုတ်ဆက်ပေးပါ။+ အာရှနယ်မှာ ခရစ်တော်ရဲ့တပည့် ဦးဆုံးဖြစ်လာသူ ချစ်ရတဲ့ဧပဲနက်ကို နှုတ်ဆက်ပေးပါ။ ၆  ခင်ဗျားတို့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်ပေးတဲ့ မာရိကို နှုတ်ဆက်ပေးပါ။ ၇  ကျွန်တော့်ဆွေမျိုးတွေ၊+ အတူအကျဉ်းကျခဲ့သူတွေဖြစ်တဲ့ အန္ဒြောနိတ်နဲ့ ယုနိကို နှုတ်ဆက်ပေးပါ။ သူတို့ဟာ တမန်တော်တွေရဲ့ နှစ်သက်လက်ခံမှုကို ရတဲ့သူတွေ၊ ကျွန်တော့်ထက်အရင် ခရစ်တော်နဲ့ တစ်စိတ်တဝမ်းတည်း ဖြစ်ခဲ့သူတွေပဲ။ ၈  ချစ်ရတဲ့ အမ်ပလိအာတုကို နှုတ်ဆက်ပေးပါ၊ သူလည်း သခင့်နောက်လိုက်ပါပဲ။ ၉  ခရစ်တော်ရဲ့အလုပ်ကို ကျွန်တော်တို့နဲ့အတူ လုပ်ဆောင်ခဲ့တဲ့ ဥရဗန်ကိုရော ချစ်ရတဲ့ သတာခုကိုပါ နှုတ်ဆက်ပေးပါ။ ၁၀  ခရစ်တော်ရဲ့ နှစ်သက်လက်ခံမှုကိုရတဲ့ အပေလေကို နှုတ်ဆက်ပေးပါ။ အာရိတောဗုလုရဲ့ အိမ်သူအိမ်သားတွေကို နှုတ်ဆက်ပေးပါ။ ၁၁  ကျွန်တော့်ဆွေမျိုး ဟေရောဒျုန်ကို  နှုတ်ဆက်ပေးပါ။ သခင့်နောက်လိုက်တွေဖြစ်တဲ့ နာကိသုရဲ့ အိမ်သူအိမ်သားတွေကို  နှုတ်ဆက်ပေးပါ။ ၁၂  သခင့်အလုပ်ကို  ကြိုးကြိုးစားစားလုပ်နေတဲ့ ညီအစ်မ တရုဖဲနနဲ့ တရုဖောသ၊ သခင့်အလုပ်ကို ကြိုးစားလုပ်ဆောင်တဲ့ ချစ်ရတဲ့ညီအစ်မ ပေရသိကိုလည်း နှုတ်ဆက်ပေးပါ။ ၁၃  သခင်ရဲ့ ထူးခြားထင်ရှားတဲ့တပည့်  ရုဖုနဲ့  သူ့မိခင်ဖြစ်တဲ့ ကျွန်တော့်မိခင်ကို နှုတ်ဆက်ပေးပါ။ ၁၄  အသုံကရိတ်၊ ဖလေဂုန်၊ ဟေရမေ၊ ပတ်ရောဘနဲ့ ဟေရမကိုရော သူတို့နဲ့အတူရှိတဲ့ ညီအစ်ကိုတွေကိုပါ နှုတ်ဆက်ပေးပါ။ ၁၅  ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုရဲ့ နှမနဲ့ အိုလမ်ပတ်ကိုရော သူတို့နဲ့အတူရှိတဲ့ သန့်ရှင်းသူအားလုံးကိုပါ နှုတ်ဆက်ပေးပါ။ ၁၆  အချင်းချင်းကို သန့်ရှင်းတဲ့အနမ်းနဲ့ နှုတ်ဆက်ကြပါ။ ခရစ်တော်ရဲ့ အသင်းတော်အားလုံးက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။ ၁၇  ညီအစ်ကိုတို့၊ ခင်ဗျားတို့သင်ယူထားတဲ့ သွန်သင်ချက်နဲ့ ဆန့်ကျင်ပြီး စိတ်ဝမ်းကွဲပြားအောင်၊  တိုက်မိလဲအောင် လုပ်နေသူတွေကို မျက်စိရှင်ရှင်ထားပြီး ကြဉ်ရှောင်ဖို့ ကျွန်တော် သတိပေးချင်တယ်။+ ၁၈  အဲဒီလိုလူတွေဟာ သခင်ခရစ်တော်ကို အစေခံတဲ့သူတွေ မဟုတ်ဘူး။ သူတို့ရဲ့ဆန္ဒအာသီသကို အစေခံတဲ့သူတွေပဲ။ သူတို့က ရိုးသားသူတွေကို ချိုချိုသာသာ မြှောက်ပင့်ပြောဆိုပြီး လှည့်စားတတ်တယ်။ ၁၉  ခင်ဗျားတို့ နာခံမှုရှိတဲ့အကြောင်း လူအားလုံး သတိပြုမိပါတယ်။  ဒါကြောင့်  ခင်ဗျားတို့အတွက်  ကျွန်တော်ဝမ်းသာတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကို ကောင်းမြတ်ရာကိုသိရှိတဲ့ ဉာဏ်ပညာရှိသူတွေ၊ မကောင်းမှုနဲ့ပတ်သက်လာရင် အပြစ်ကင်းသူတွေ ဖြစ်စေချင်တယ်။+ ၂၀  ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်က မကြာခင် စာတန်ကို  ခင်ဗျားတို့ရဲ့ခြေအောက်မှာ ချေမှုန်းတော့မယ်။+ သခင်ယေရှုရဲ့ မဟာကရုဏာကို ခင်ဗျားတို့ ခံစားရပါစေ။ ၂၁  ကျွန်တော့်လုပ်ဖော်ဆောင်ဖက် တိမောသေနဲ့ ကျွန်တော့်ဆွေမျိုးတွေဖြစ်တဲ့+ လုကိ၊ ယာသုန်၊ သောသိပတရုတို့ကလည်း ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။ ၂၂  ဒီစာကိုရေးပေးတဲ့ တေရတိကလည်း ခင်ဗျားတို့ကို ခရစ်ယာန်မေတ္တာ ပို့သလိုက်ပါတယ်။ ၂၃  ကျွန်တော်နဲ့ အသင်းတော်တစ်ခုလုံးကို လက်ခံကြိုဆိုတဲ့ အိမ်ရှင် ဂါယုက+   ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ မြို့ဘဏ္ဍာစိုး ဧရတုနဲ့ သူ့ညီ ကွာတုက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ ၂၄  * ၂၅  ကျွန်တော်ဟောပြောတဲ့ ယေရှုခရစ်အကြောင်းနဲ့  သတင်းကောင်းက ခင်ဗျားတို့ကို ဘုရားသခင် ခိုင်ခံ့မြဲမြံစေနိုင်မှန်း  ဖော်ပြနေတယ်။   အဲဒီသတင်းကောင်းဟာ ဘုရားသခင်ဖော်ပြတဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်နဲ့ ဆက်စပ်နေတယ်။+ ဒါဟာ အရင်ကတည်းက လျှို့ဝှက်ချက်ဖြစ်ခဲ့တယ်။ ၂၆  အခုတော့ အဲဒီလျှို့ဝှက်ချက်ကို ပရောဖက်ကျမ်းတွေအားဖြင့် ဖော်ပြပြီး အသိပေးလိုက်ပြီ။ ထာဝရဘုရားသခင်ရဲ့  အမိန့်တော်အတိုင်း လူမျိုးအပေါင်း ယုံကြည်ပြီး နာခံလာကြဖို့ပဲ။ ၂၇  ဘုရားသခင်တစ်ဆူတည်းပဲ ဉာဏ်ပညာနဲ့ ပြည့်စုံတယ်။+ ယေရှုခရစ်အားဖြင့် ဘုရားသခင် ထာဝစဉ်ဘုန်းထင်ရှားပါစေ။ အာမင်။*

အောက်ခြေမှတ်ချက်များ

ပြစ်ကိလ။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”