ရောမ ၂:၁-၂၉
၂ ညီအစ်ကို၊ သူတစ်ပါးကို ဝေဖန်အကဲဖြတ်နေသလား။ အဲဒီလိုလုပ်နေရင် ခင်ဗျားဟာ ဘယ်သူပဲဖြစ်နေပါစေ+ ကိုယ့်ကိုယ်ကိုယ် ခုခံပြောဆိုခွင့် မရှိတော့ဘူး။ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာဟာ ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်စီရင်ရာ ရောက်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝေဖန်အကဲဖြတ်လိုက်တဲ့ အကျင့်တွေကို ကိုယ်တိုင် ကျင့်မိတတ်လို့ပဲ။+
၂ အဲဒီလို ပြုကျင့်တတ်သူတွေကို ဘုရားသခင် တရားစီရင်တာဟာ အမှန်တရားနဲ့ ကိုက်ညီမှန်း ကျွန်တော်တို့ သိပါတယ်။
၃ ညီအစ်ကို၊ ခင်ဗျားက အဲဒီလိုပြုကျင့်သူတွေကို ဝေဖန်အကဲဖြတ်နေလျက်နဲ့ ကိုယ်တိုင်ပြုကျင့်နေတယ်ဆိုရင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကနေ လွတ်မယ်ထင်သလား။
၄ ခင်ဗျားကို နောင်တရစေချင်လို့ ဘုရားသခင် ကရုဏာပြနေတာ။+ ဒါကိုမသိဘဲ ဘုရားသခင်ရဲ့ ကြီးမားလှတဲ့ ကရုဏာ၊+ သည်းခံမှု၊+ စိတ်ရှည်မှုကို+ မထီမဲ့မြင် လုပ်နေတာလား။
၅ ခင်ဗျားသာ ခေါင်းမာပြီး နောင်တရချင်စိတ် မရှိရင် အမျက်တော်နေ့မှာ၊ လူတွေကို ဘုရားသခင် ဖြောင့်မတ်စွာ တရားစီရင်တဲ့နေ့မှာ အမျက်တော် သင့်လိမ့်မယ်။+
၆ ဘုရားသခင်က လူတိုင်းကို သူတို့ရဲ့ လုပ်ရပ်နဲ့အညီ အကျိုးအပြစ်ကို ပြန်ဆပ်ပေးလိမ့်မယ်။+
၇ ကောင်းတဲ့အကျင့်ကို ခံနိုင်ရည်ရှိရှိ ကျင့်ကြံပြီး ဘုန်းအသရေနဲ့ ဂုဏ်အသရေရဖို့ ကြိုးစားသူတွေကို မဖောက်ပြန် မပျက်စီးတတ်တဲ့+ ခန္ဓာနဲ့ ထာဝရအသက် ပေးသနားလိမ့်မယ်။
၈ ငြင်းခုံရန်တွေ့တတ်သူ၊ အမှန်တရားကို မလိုက်နာဘဲ မဖြောင့်မတ်ရာကို လိုက်စားတဲ့သူတွေကတော့ အမျက်တော်သင့်လိမ့်မယ်။+
၉ နစ်နာစေတဲ့အရာကို ပြုကျင့်သူတိုင်းအပေါ် ဒုက္ခဝေဒနာ သက်ရောက်လိမ့်မယ်။ ဦးဆုံး ဂျူးလူမျိုးတွေ၊ ပြီးတဲ့နောက် ဂရိလူမျိုးတွေအပေါ် သက်ရောက်လာမယ်။
၁၀ ကောင်းတဲ့အကျင့် ကျင့်ကြံသူတိုင်းကတော့ ဘုန်းအသရေနဲ့ ငြိမ်သက်ခြင်း ခံစားရမယ်။ ဦးဆုံး ဂျူးလူမျိုးတွေ၊+ ပြီးတဲ့နောက် ဂရိလူမျိုးတွေလည်း+ ခံစားရမယ်။
၁၁ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ မျက်နှာမလိုက်တတ်လို့ပဲ။+
၁၂ ပညတ်ကို မသိဘဲ ပြစ်မှားသူတွေဟာ ပညတ်ကိုမသိဘဲ သေဆုံးသွားမယ်။+ ပညတ်ကို သိလျက်နဲ့ ပြစ်မှားသူတွေကတော့ ပညတ်အတိုင်း စီရင်ခံရမယ်။+
၁၃ ပညတ်ကို ကြားနာရုံနဲ့ ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်သူတွေ မဖြစ်နိုင်ဘူး။ ပညတ်ကို ကျင့်ကြံမှသာ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရမယ်။+
၁၄ လူမျိုးခြားတွေဟာ ပညတ်မရရှိထားပေမဲ့+ ပညတ်တွေကို ကိုယ့်အသိစိတ်နဲ့ ကျင့်ကြံကြတယ်။ ပညတ်မရရှိထားပေမဲ့ သူတို့စိတ်ထဲမှာ ပညတ်တွေ ရှိနေတယ်။
၁၅ သူတို့စိတ်ထဲမှာ ပညတ်တွေရှိမှန်း လုပ်ရပ်နဲ့ ဖော်ပြကြတယ်။ သူတို့ရဲ့ အမှားအမှန်သိစိတ်က သူတို့ရဲ့လုပ်ရပ် မှန်သလား၊ မှားသလားဆိုတာကို အသိပေးတယ်။ ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အခါရှိသလို ခွင့်လွှတ်တဲ့အခါလည်း ရှိတယ်။
၁၆ လူတွေ တိတ်တဆိတ် ကြံစည်လုပ်ဆောင်နေတာတွေကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင် တရားစီရင်တဲ့နေ့မှာ အဲဒီအတိုင်း ဖြစ်လာမယ်။+ ကျွန်တော်ဟောပြောတဲ့ သတင်းကောင်းမှာ အဲဒီအကြောင်းလည်း ပါတယ်။
၁၇ ခင်ဗျားဟာ ဂျူးလူမျိုးလို့အခေါ်ခံရသူ၊+ ပညတ်ကို မှီခိုအားကိုးသူ၊ ဘုရားသခင့် လူမျိုးအဝင်ဖြစ်ရလို့ ဂုဏ်ယူတဲ့သူ၊
၁၈ အလိုတော်ကို သိတဲ့သူ၊ ပညတ်တရားအတိုင်း သွန်သင်ခံရတဲ့အတွက် ထူးမြတ်တဲ့အရာတွေကို နှစ်သက်လက်ခံသူ၊+
၁၉ မျက်မမြင်တွေကို လမ်းပြပေးသူ၊ အမှောင်ထဲကလူတွေကို အလင်းပေးသူ၊
၂၀ ဆင်ခြင်ဉာဏ်မဲ့သူတွေကို တည့်မတ်ပေးသူ၊ ကလေးတွေကို သင်ကြားပေးသူ၊ ပညတ်တရားမှာပါတဲ့ အသိပညာနဲ့ အမှန်တရားရဲ့ အခြေခံသွင်ပြင်လက္ခဏာတွေကို နားလည်သူလို့ ကိုယ့်ကိုယ်ကိုယ် ယူမှတ်တယ်ဆိုပါစို့။
၂၁ အဲဒီလိုသာဆိုရင် သူတစ်ပါးကို သင်ကြားပေးပြီး ကိုယ်တိုင်ကျတော့ ဘာလို့ မသင်ယူသလဲ။+ “မခိုးနဲ့”+ လို့ သူတစ်ပါးကို ဆုံးမပြီး ဘာလို့ ကိုယ်တိုင်ခိုးနေသလဲ။
၂၂ “အိမ်ထောင်ရေးမဖောက်ပြန်နဲ့”+ လို့ ပြောပြီး ဘာလို့ ကိုယ်တိုင် ဖောက်ပြန်နေသလဲ။ ရုပ်တုတွေကို စက်ဆုပ်ရွံရှာလျက်နဲ့ ရုပ်တုတည်ရာ ဗိမာန်တွေကို ဘာလို့ လုယက်နေသလဲ။
၂၃ ပညတ်တရားကြောင့် ဂုဏ်ယူနေလျက်နဲ့ ပညတ်တရားကို ကိုယ်တိုင်ချိုးဖောက်ပြီး ဘုရားသခင်ကို ဂုဏ်ပျက်အောင် ဘာလို့ လုပ်နေသလဲ။
၂၄ အဲဒါကြောင့် ကျမ်းစာမှာ “လူမျိုးခြားတွေက မင်းတို့ကြောင့် ဘုရားသခင်ရဲ့နာမည်ကို စော်ကားပြောဆိုကြပြီ” ဆိုပြီး ရေးထားတာပေါ့။+
၂၅ တကယ်တော့ ပညတ်ကို ကိုယ်တိုင်ကျင့်မှသာ+ အရေဖျားဖြတ်တာက+ အကျိုးရှိမှာ။ ပညတ်ကို ချိုးဖောက်ရင်တော့ အရေဖျားဖြတ်ထားတာဟာ အရေဖျားမဖြတ်တာနဲ့ အတူတူပဲ။
၂၆ ဒါကြောင့် အရေဖျားမဖြတ်ထားသူက+ ပညတ်တရားမှာပါတဲ့ ဖြောင့်မတ်တဲ့ တောင်းဆိုချက်တွေကို လိုက်နာနေရင် အရေဖျား မဖြတ်ထားပေမဲ့ အရေဖျားဖြတ်ထားသူလို့ ယူမှတ်ခံရလိမ့်မယ်။+
၂၇ လူတစ်ယောက်က အရေဖျား မဖြတ်ထားပေမဲ့ ပညတ်တရားကို လိုက်နာတယ်ဆိုရင် သူအဲဒီလို လိုက်နာတာက ခင်ဗျားမှာ အပြစ်ရှိကြောင်း ဖော်ထုတ်လိုက်တာပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားက အရေဖျားဖြတ်ထားပြီး မောရှေရေးခဲ့တဲ့ ပညတ်တွေ ရရှိထားပါလျက်နဲ့ အဲဒီပညတ်တွေကို ချိုးဖောက်နေတာကိုး။
၂၈ အပြင်ပန်းအားဖြင့် ဂျူးလူမျိုးဖြစ်တဲ့သူဟာ+ ဂျူးလူမျိုးအစစ်အမှန် မဟုတ်ဘူး။ အပြင်ပန်းအားဖြင့် ကိုယ်ခန္ဓာမှာ အရေဖျား ဖြတ်ထားတာကလည်း အရေဖျားဖြတ်ခြင်း အစစ်အမှန် မဟုတ်ဘူး။+
၂၉ အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်တဲ့သူသာ+ ဂျူးလူမျိုး အစစ်အမှန်ပဲ။ မောရှေရေးခဲ့တဲ့ ပညတ်တွေအားဖြင့် မဟုတ်ဘဲ စွမ်းအားတော်အားဖြင့်+ နှလုံးသားကို အရေဖျားဖြတ်ထားမှသာ*+ အရေဖျားဖြတ်ခြင်း အစစ်အမှန်ပဲ။ သူ့ကို လူတွေမဟုတ်ဘဲ ဘုရားသခင်ကိုယ်တိုင် ချီးမွမ်းလိမ့်မယ်။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “နှလုံးသားကို စင်ကြယ်စေမှသာ။”