ရောမ ၃:၁-၃၁

  • “ဘု​ရား​သခင်​က​တော့ ဖြောင့်​မှန်​ပါ​တယ်” (၁-၈)

  • ဂျူး​လူ​မျိုး​ရော ဂရိ​လူ​မျိုး​ပါ အပြစ်​ရဲ့​လက်​အောက်​မှာ ရှိ​နေ (၉-၂၀)

  • ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ် (၂၁-၃၁)

    • လူ​အား​လုံး ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​နဲ့ အလှမ်း​ဝေး​ကြ​ပြီ (၂၃)

 ဒါ​ဆို​ရင် ဂျူး​လူ​မျိုး​ဖြစ်​ရ​တာ ဘာ​အခွင့်​အရေး  သာ​သွား​သလဲ။ အရေ​ဖျား​ဖြတ်​တာ​က​ရော ဘာ​အကျိုး​ရှိ​သလဲ။ ၂  အဘက်​ဘက်​က​နေ အကျိုး​ရှိ​ပါ​တယ်။ အရင်​ဆုံး၊ ဂျူး​တွေ​က ဘု​ရား​သခင်​ရဲ့ ဗျာဒိတ်​တော်တွေ ပေး​အပ်​ခံ​ရ​တယ်။+ ၃  ဒါ​ဆို​ရင် ယုံ​ကြည်​ခြင်း​မရှိ​တဲ့ ဂျူး​တွေ​ကို​ကျ​တော့ ဘယ်​လို​ပြော​မလဲ။ သူ​တို့ ယုံ​ကြည်​ခြင်း​ကင်း​မဲ့​တာ​နဲ့​ပဲ ဘု​ရား​သခင်​ကို လူ​တွေ​ယုံ​ကြည်​ကိုး​စား​လို့ မရ​နိုင်​တော့​ဘူး​ဆို​တဲ့ သဘော​လား။ ၄  လုံး​ဝ မဟုတ်​ပါ​ဘူး။ လူ​တွေ လိမ်​လည်​ရင်​တောင်+ ဘုရား​သခင်​က​တော့  ဖြောင့်​မှန်​ပါ​တယ်။+ “နှုတ်​တော်​ထွက်​စ​ကား​တွေ​က ကိုယ်​တော် ဖြောင့်​မှန်​ကြောင်း ဖော်​ပြလိမ့်​မယ်။ ပြစ်​တင်​စွပ်​စွဲ​သူ​တွေ မှား​ယွင်း​ကြောင်း ကိုယ်​တော် သက်​သေပြလိမ့်​မယ်”+ ဆို​တဲ့ ကျမ်း​စ​ကား​အတိုင်း​ပါ​ပဲ။ ၅  ကျွန်​တော်​တို့ မဖြောင့်​မတ်​တာ လုပ်​တဲ့​အခါ ဘု​ရား​သခင်​ရဲ့ ဖြောင့်​မတ်​ခြင်း ပို​ထင်​ရှား​လာ​တယ်။ ဒါ​ဆို​ရင် ကျွန်​တော်​တို့​ကို ဒဏ်​ခတ်​တာ ဘု​ရား​သခင် မတ​ရား​ဘူး​ဆို​တဲ့ သဘော​လား။  (လူ့​ရှုထောင့်​က​နေ  ကျွန်တော်​ပြော​နေ​တာ။) ၆  လုံး​ဝ​မဟုတ်​ဘူး။ ဘု​ရား​သခင်​သာ မတ​ရား​ဘူး​ဆို​ရင် လော​က​ကို ဘယ်​လို​လုပ်​ပြီး တ​ရား​စီ​ရင်​မှာ​လဲ။+ ၇  ကျွန်​တော် လိမ်​လည်​ပြော​လိုက်​လို့ ဘု​ရား​သခင်​ရဲ့​စ​ကား​တွေ မှန်​ကန်​ကြောင်း ပေါ်​လွင်​သွား​ပြီး ဘု​ရားရဲ့​ဘုန်း​တော်​ကို လူ​တွေ ချီး​မွမ်း​ကြ​တယ်​ဆို​ရင် ဘု​ရား​သခင်​က ကျွန်​တော့်​ကို အပြစ်​ရှိ​တဲ့​သူ​လို့ ဘာ​လို့ သတ်​မှတ်​နေ​သေး​တာ​လဲ။ ၈  အဲ​ဒီ​လို​သာ​ဆို​ရင် “ကောင်း​ကျိုး​ရ​ဖို့ မကောင်း​မှု ပြု​ကြ​စို့” ဆို​ပြီး ကျွန်​တော်​တို့ ပြော​လို့ရ​တာ​ပဲ။ ကျွန်​တော်​တို့ အဲ​ဒီ​လို​ပြော​နေ​တယ်​လို့ လူ​တ​ချို့ တ​လွဲ​ထင်​နေ​ကြ​တယ်။ တ​ကယ်​တော့ အဲ​ဒီ​လူ​တွေ​သာ တ​ရား​စီ​ရင်​ခံ​ရ​မှာ။+ ၉  ဒါ​ဆို​ရင် ဘယ်​လို​ပြော​ရ​မလဲ။ ကျွန်​တော်​တို့ ဂျူး​တွေ​က သာ​လွန်​နေ​တာ​လား။ လုံး​ဝ​မဟုတ်​ပါ​ဘူး။ ဂျူး​တွေ၊ ဂရိတွေ​အပါ​အဝင် လူ​အား​လုံး အပြစ်​ရဲ့​လက်​အောက်​မှာ ရှိ​နေ​တယ်​လို့ အထက်​မှာ ပြော​ခဲ့​ပြီပဲ။+ ၁၀  “ဖြောင့်​မတ်​သူ မရှိ​ဘူး။ တစ်​ယောက်​တ​လေ​တောင် မရှိ​ဘူး။+ ၁၁  ထိုး​ထွင်း​ဉာဏ်​ရှိ​သူ၊ ဘုရား​သခင်​ကို​ရှာ​တဲ့​သူ တစ်​ယောက်​မှ မရှိ​ဘူး။ ၁၂  လူ​အား​လုံး လမ်း​လွဲ​ကုန်​ပြီ။ အသုံး​မကျ​သူ​တွေ​ချည်း​ပဲ။ ကောင်း​မှု​ပြု​တဲ့​သူ မရှိ​ဘူး။ တစ်​ယောက်​တ​လေ​တောင် မရှိ​ဘူး။”+ ၁၃  “သူ​တို့​လည်​ချောင်း​ဟာ ပွင့်​နေ​တဲ့ သင်္ချိုင်း​တွင်း​ပဲ။ သူ​တို့​ရဲ့​လျှာ​က လှည့်​စား​တတ်​တယ်။”+ “သူ​တို့​ပါး​စပ်​ထဲ​မှာ မြွေပွေး​အဆိပ် ရှိ​တယ်။”+ ၁၄  “သူ​တို့​ရဲ့​နှုတ်​မှာ ကျိန်​စာ​တွေ၊ ရန်​လို​မုန်း​တီး​တဲ့ စ​ကား​တွေ အပြည့်​ပဲ။”+ ၁၅  “လူ​သတ်​ဖို့​ဆို​ရင် ခြေ​သွက်​ကြ​တယ်။”+ ၁၆  “သူ​တို့​သွား​တဲ့​လမ်း​မှာ ပျက်​စီး​ခြင်း​နဲ့ ဒုက္ခ​ပဲ ရှိ​တယ်။ ၁၇  ငြိမ်​သက်​ခြင်း​လမ်း​ကို သူ​တို့​မသိ​ကြ​ဘူး။”+ ၁၈  “ဘု​ရား​သခင်​ကို ကြောက်​ရ​ကောင်း​မှန်း မသိ​ကြ​ဘူး”+ ဆို​တဲ့ ကျမ်း​စ​ကား​တွေ အတိုင်း​ပါ​ပဲ။ ၁၉  ပညတ်​တ​ရား​မှာ​ပါ​တဲ့ စ​ကား​မှန်​သမျှ​ဟာ  ပညတ်​တ​ရား  လက်​အောက်​မှာ​ရှိ​သူ​တွေ​နဲ့  သက်​ဆိုင်​တဲ့​အတွက် သူ​တို့​ဆင်​ခြေ​ပေး​လို့ မရ​မှန်း၊ တစ်​လော​က​လုံး ဘု​ရား​သခင်​ရဲ့ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​မှန်း ကျွန်​တော်​တို့ သိ​တယ်။+ ၂၀  ပညတ်​က အပြစ်​ကို ထင်​ရှား​စေ​တဲ့​အတွက်+ ပညတ်​ကို စောင့်​ထိန်း​ရုံ​နဲ့ ဘယ်​သူ​မှ ဘု​ရား​သခင့်​ရှေ့​မှာ ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​မှာ မဟုတ်​ဘူး။+ ၂၁  အခု​တော့ ပညတ်​ကို မစောင့်​ထိန်း​ဘဲ ဘု​ရား​သခင်​ရှေ့ ဖြောင့်​မတ်​တဲ့ အနေ​အထား​ကို ရ​ရှိ​နိုင်​မှန်း​သိ​လာ​ရ​ပြီ။+ အဲ​ဒီ​အချက်​ကို ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း* တွေ​မှာ ဖော်​ပြထား​ပြီး​သား​ပဲ။+ ၂၂  ဒါ​ကြောင့် ယုံ​ကြည်​သူ​အား​လုံး​ဟာ  ယေရှု​ခ​ရစ်​ကို  ယုံ​ကြည်​ခြင်း​အား​ဖြင့်  ဘု​ရား​သခင်​ရှေ့ ဖြောင့်​မတ်​တဲ့ အနေ​အထား​ကို ရ​နိုင်​တယ်။ ဘာလို့​လဲ​ဆို​တော့ ဂျူး​လူ​မျိုး​နဲ့ ဂရိ​လူ​မျိုးဆိုပြီး​ ခွဲခြား​တာ မရှိ​တော့လို့​ပဲ။+ ၂၃  လူ​အား​လုံး​ဟာ  အပြစ်​ရှိ​သူ​တွေ​ဖြစ်​လို့ ဘုရား​သခင်​ရဲ့ ဘုန်း​တော်​နဲ့ အလှမ်း​ဝေး​ကြ​ပြီ။+ ၂၄  ခရစ်​တော်​ယေရှု​ရဲ့  ရွေး​ဖိုး​ကြောင့်​သာ+ ဘုရား​သခင်​ရှေ့  ဖြောင့်​မတ်​သူ​တွေ​အဖြစ် သတ်​မှတ်​ခံ​ရ​တာ​ပါ။ ဒါ​ဟာ မဟာ​က​ရု​ဏာ​တော်​ကြောင့်​ရ​တဲ့+  ဆု​လက်​ဆောင်​ပဲ။+ ၂၅  ဘု​ရား​သခင်​က ခရစ်​တော်​ရဲ့​ သွေး​ကို+ ယုံ​ကြည်​သူ​တွေ​အတွက် ပြန်​လည်​သင့်မြတ်ရာ*+ ပူ​ဇော်​သက္ကာ​အဖြစ် ခရစ်​တော်​ကို ပေး​ဆပ်​ခဲ့​တယ်။ အတိတ်​တုန်း​က လူ​တွေ​ကျူး​လွန်ခဲ့တဲ့ အပြစ်​တွေ​ကို ခွင့်​လွှတ်​ပြီး သူ​တို့​ကို သည်း​ခံ​ခဲ့​တယ်။ ဒီ​နည်း​နဲ့ မိမိ​ရဲ့  ဖြောင့်​မတ်​မှု​ကို  ဖော်​ပြခဲ့​တယ်။ ၂၆  အခု​အချိန်​မှာ​လည်း ဘုရား​သခင်​က ယေရှု​ကို ယုံ​ကြည်​သူ​ကို ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခြင်း​အားဖြင့်+ မိမိ​ရဲ့​ဖြောင့်​မတ်​မှု​ကို ဖော်​ပြတယ်။+ ၂၇  ဒါ​ဆို​ရင် ဝါ​ကြွား​စ​ရာ​အကြောင်း ရှိ​သလား။ လုံး​ဝ​မရှိ​ဘူး။ ဘယ်​တ​ရား​ကြောင့် ဝါ​ကြွား​မှာ​လဲ။ စောင့်​ထိန်း​ဖို့​လို​အပ်​တဲ့ တ​ရား​ကြောင့်​လား။+ မဟုတ်​ဘူး။ ယုံ​ကြည်​ခြင်း​ရှိ​ဖို့​လို​အပ်​တဲ့ တ​ရား​ကြောင့်​သာ ဝါ​ကြွား​ရ​မှာ​ပါ။ ၂၈  လူ​တစ်​ယောက် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​တာ​ဟာ  ပညတ်​ကို​စောင့်​ထိန်း​လို့ မဟုတ်​ဘူး၊ ယုံ​ကြည်​ခြင်း​ရှိ​လို့​ပဲ။+ ၂၉  ဘု​ရား​သခင်​ဟာ ဂျူး​တွေရဲ့ ဘု​ရား​ပဲ​လား။+ လူ​မျိုး​ခြား​တွေရဲ့ ဘုရား​လည်း မဟုတ်​ဘူး​လား။+  လူ​မျိုး​ခြား​တွေ​ရဲ့  ဘုရား​လည်း  ဟုတ်​ပါ​တယ်။+ ၃၀  ဘုရား​သခင်​ဟာ  တစ်​ဆူ​တည်း​ပဲ။+ အရေ​ဖျား​ဖြတ်​ထား​သူ​တွေ​ကို သူ​တို့​ရဲ့​ယုံ​ကြည်​ခြင်း​ကြောင့်  ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​သလို+ အရေ​ဖျား​မဖြတ်​ထား​သူ​တွေ​ကို​လည်း ယုံ​ကြည်​ခြင်း​ကြောင့် ဖြောင့်​မတ်​သူ​အဖြစ် ဘု​ရား​သခင် သတ်​မှတ်​ပါ​တယ်။+ ၃၁  ဒါ​ဆို​ရင် ယုံ​ကြည်​ခြင်း​ကြောင့် ပညတ်​တွေ​ကို ကျွန်​တော်​တို့ ပယ်​ဖျက်​လိုက်​တာ​လား။ မဟုတ်​ပါ​ဘူး။ တ​ကယ်​ဆို ပညတ်​တွေ​ကို အတည်​ပြု​နေ​တာ​ပါ။+

အောက်ခြေမှတ်ချက်များ

‘ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း’ ဆို​တာ ဟီ​ဘ​ရူး​ကျမ်း​စောင်​အား​လုံး​ကို ရည်​ညွှန်း။
ဒါ​မှ​မဟုတ်၊ “အပြစ်​ဖြေရာ။”