ရောမ ၄:၁-၂၅

  • ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူ အာဗြဟံ (၁-၁၂)

    • ယုံကြည်ခြင်းရှိသူတွေရဲ့ ဖခင် အာဗြဟံ (၁၁)

  • ယုံကြည်ခြင်းကြောင့် ကတိတော်ကို ရရှိ (၁၃-၂၅)

၄  အဲဒီလိုဆိုရင်  ဘိုးဘေးအာဗြဟံက  ဘာအကျိုးရခဲ့သလဲ။ ၂  တကယ်လို့ သူက လုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ်  သတ်မှတ်ခံရတယ်ဆိုရင် ဝါကြွားစရာအကြောင်းရှိပေမဲ့ ဘုရားသခင့်ရှေ့မှာတော့ ဝါကြွားလို့ မရဘူး။ ၃  ကျမ်းစာမှာ ဘယ်လိုပြောထားသလဲ။ “အာဗြဟံက ယေဟောဝါကို* ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်”+ ဆိုပြီး ပြောထားတယ်။ ၄  လူတစ်ယောက် အလုပ်လုပ်ပြီး အခကြေးငွေ ရလာတဲ့အခါ မဟာကရုဏာကြောင့် ရတာမဟုတ်ဘဲ ရထိုက်လို့ရတာလို့ ယူမှတ်ကြတယ်။ ၅  ဘုရားတရားမဲ့သူကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်တဲ့အရှင်ကို ယုံကြည်သူကတော့ လုပ်ရပ်မပါရင်တောင် သူ့ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူလို့ သတ်မှတ်ခံရတယ်။+ ၆  လူတစ်ယောက်က ပညတ်ကို အပြည့်အဝ မစောင့်ထိန်းနိုင်ပေမဲ့ ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။ သူလိုလူရဲ့ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး ဒါဝိဒ်ကလည်း၊ ၇  “ကျူးလွန်ခဲ့တဲ့ တရားမဲ့လုပ်ရပ်တွေ ခွင့်လွှတ်ခံရသူ၊ အပြစ်တွေ ဖုံးအုပ်ခံရသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ၈  အပြစ်ရှိတယ်လို့ ယေဟောဝါ* လုံးဝ မယူမှတ်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်”+ လို့ပြောခဲ့တယ်။ ၉  အဲဒီပျော်ရွှင်မှုကို အရေဖျား ဖြတ်ထားသူတွေပဲ ခံစားရတာလား။ အရေဖျား မဖြတ်ထားသူတွေရော မခံစားရဘူးလား။+ “အာဗြဟံက ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်”+ လို့ ကျွန်တော်တို့ ပြောခဲ့ဖူးတယ်။ ၁၀  ဒါဆိုရင်  ဘယ်အခြေအနေမှာ သူ အဲဒီလို သတ်မှတ်ခံရတာလဲ။ အရေဖျားဖြတ်ပြီးမှလား၊ မဖြတ်ခင်ကလား။ ဖြတ်ပြီးမှ မဟုတ်ပါဘူး၊ မဖြတ်ခင်ကတည်းက သတ်မှတ်ခံခဲ့ရတာပါ။ ၁၁  ဘုရားသခင်က အာဗြဟံကို အရေဖျားဖြတ်ခိုင်းတယ်။ ဒါဟာ သူအရေဖျား မဖြတ်ခင်ကတည်းက ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူဖြစ်ခဲ့ကြောင်း ဖော်ပြတဲ့ အမှတ်အသားပဲ။*+ ဒါကြောင့် အာဗြဟံဟာ အရေဖျား မဖြတ်သေးပေမဲ့ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူတွေရဲ့ ဖခင်ဖြစ်လာခဲ့တယ်။+ ၁၂  ဘိုးဘေးအာဗြဟံဟာ အရေဖျားဖြတ်သူတွေရဲ့ ဖခင်ပဲ။ ဒါပေမဲ့ အရေဖျားဖြတ်ရမယ်ဆိုတဲ့ ပညတ်ကို စွဲစွဲမြဲမြဲလိုက်နာတဲ့ လူတွေရဲ့ ဖခင်ပဲ မဟုတ်ဘူး။ သူ့ရဲ့ယုံကြည်ခြင်း ခြေရာအတိုင်း လိုက်လျှောက်သူတွေရဲ့ ဖခင်လည်း ဖြစ်တယ်။+ တကယ်တော့ အာဗြဟံဟာ အရေဖျား မဖြတ်ခင်ကတည်းက အဲဒီလို ယုံကြည်ခြင်းမျိုး ရှိခဲ့တယ်။ ၁၃  အာဗြဟံနဲ့ သူ့မျိုးနွယ်က ဒီလောကကို အမွေခံရမယ်ဆိုတဲ့ ကတိတော်ကို+ ပညတ်စောင့်ထိန်းလို့ ရခဲ့တာမဟုတ်ဘူး။  ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရလို့ အဲဒီကတိကို ရခဲ့တာ။+ ၁၄  ပညတ်ကို စွဲစွဲမြဲမြဲ လိုက်နာသူတွေပဲ အမွေခံရမယ်ဆိုရင် ယုံကြည်ခြင်းဟာ အချည်းနှီး ဖြစ်သွားမှာပေါ့။ ကတိတော်လည်း ပျက်ပြယ်သွားမှာပေါ့။ ၁၅  အဖြစ်မှန်ကတော့ ပညတ်တရားက အမျက်တော်သင့်စေတယ်။+ ပညတ်ဥပဒေမရှိရင် အပြစ်ကျူးလွန်ခြင်းဆိုတာ ရှိမှာမဟုတ်ဘူး။+ ၁၆  ဒါကြောင့် အာဗြဟံက ယုံကြည်ခြင်းကြောင့် အဲဒီကတိကို ရခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ မဟာကရုဏာတော်ပဲ။+ သူ့မျိုးနွယ်အားလုံးလည်း အဲဒီကတိကို ရခဲ့တယ်။+ ပညတ်တရားကို စွဲစွဲမြဲမြဲ လိုက်နာသူတွေသာမက ကျွန်တော်တို့အားလုံးရဲ့ ဖခင် အာဗြဟံလို ယုံကြည်ခြင်းမျိုးရှိတဲ့သူတွေပါ အဲဒီကတိကို ရတယ်။+ ၁၇  (“ငါက မင်းကို လူမျိုးများစွာရဲ့ ဖခင်အဖြစ် ရွေးချယ်လိုက်ပြီ”  ဆိုတဲ့  ကျမ်းစကားအတိုင်းပါပဲ။)+ အဲဒီကတိကို ဘုရားသခင်ရှေ့မှာ အတည်ပြုခဲ့တာ။ အဲဒီဘုရားသခင်ဟာ အာဗြဟံ ယုံကြည်တဲ့ဘုရား၊ သေလွန်သူတွေကို အသက်ရှင်စေတဲ့ဘုရား၊ မဖြစ်သေးတဲ့ အကြောင်းတွေကို ဖြစ်ပြီးသားပုံစံမျိုးနဲ့ ပြောဆိုတဲ့ ဘုရားပဲ။* ၁၈  “မင်းရဲ့မျိုးနွယ်ဟာ အများကြီး ဖြစ်လာမယ်”+ ဆိုတဲ့ကတိတော်ကို သူယုံကြည်ပြီး လူမျိုးများစွာရဲ့ဖခင် ဖြစ်လာဖို့ မျှော်လင့်ခဲ့တယ်။ မျှော်လင့်စရာအကြောင်း မရှိပေမဲ့ မျှော်လင့်ခဲ့တယ်။ ၁၉  (အသက် ၁၀၀ လောက်ရှိနေတဲ့အတွက်)+ သူ့ခန္ဓာကိုယ်ဟာ အသေလိုဖြစ်နေမှန်း၊ စာရာလည်း အသက်ကြီးလွန်းလို့ ကလေးမရနိုင်တော့မှန်း+ သူသိပေမဲ့ ယုံကြည်ခြင်း မလျော့နည်းခဲ့ဘူး။ ၂၀  ဘုရားသခင်ရဲ့  ကတိတော်နဲ့ပတ်သက်ပြီး သူ့ရဲ့ယုံကြည်ခြင်း မယိမ်းယိုင်ခဲ့ဘူး။ အဲဒီအစား ယုံကြည်ခြင်းကြောင့် ပိုကြံ့ခိုင်လာပြီး ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းခဲ့တယ်။ ၂၁  ဘုရားသခင်ဟာ ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်နိုင်စွမ်းရှိမှန်း သူ အကြွင်းမဲ့ ယုံကြည်စိတ်ချခဲ့တယ်။+ ၂၂  ဒါကြောင့် “ဖြောင့်မတ်သူအဖြစ် သူသတ်မှတ်ခံခဲ့ရတယ်။”+ ၂၃  ဒါပေမဲ့ “ဖြောင့်မတ်သူအဖြစ် သူ  သတ်မှတ်ခံခဲ့ရတယ်” ဆိုတဲ့ ကျမ်းစကားဟာ အာဗြဟံအတွက်ပဲ ရေးထားတာ မဟုတ်ဘူး။+ ၂၄  ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရမယ့် ကျွန်တော်တို့အတွက်လည်း ရေးထားတာဖြစ်တယ်။ သခင်ယေရှုကို သေရာကနေ အသက်ပြန်ရှင်စေတဲ့  အရှင်ကို ကျွန်တော်တို့  ယုံကြည်တာကိုး။+ ၂၅  ဘုရားသခင်က ကျွန်တော်တို့ရဲ့ အပြစ်အတွက် သခင်ယေရှုကို အသေခံစေခဲ့တယ်။+ ကျွန်တော်တို့ကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ဖို့ သူ့ကို အသက်ပြန်ရှင်စေခဲ့တယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အာမခံချက်၊ အတည်ပြုချက်။”
“မတည်ရှိသေးတဲ့အရာကို တည်ရှိနေတဲ့အရာအဖြစ် ခေါ်ဆိုတဲ့ဘုရားပဲ” လည်းဖြစ်နိုင်။