ရောမ ၅:၁-၂၁

  • ခရစ်တော်ကြောင့် ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်လာ (၁-၁၁)

  • အာဒံကြောင့် သေဆုံးရ၊ ခရစ်တော်ကြောင့် အသက်ရှင်ရ (၁၂-၂၁)

    • အပြစ်နဲ့သေခြင်း လူအားလုံးဆီ ပျံ့နှံ့ (၁၂)

    • ဖြောင့်မတ်ရာရောက်စေတဲ့ လုပ်ရပ်တစ်ခု (၁၈)

 ကျွန်တော်တို့ဟာ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရပြီ။+ ဒါကြောင့် သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်နဲ့ အမြဲ ခင်မင်ရင်းနှီးနေကြစို့။*+ ၂  အဲဒီသခင်ကို ယုံကြည်ခြင်းအားဖြင့် မဟာကရုဏာတော် ခံစားရနိုင်မယ့် အခွင့်အလမ်း ပွင့်သွားတယ်။ အခု အဲဒီကရုဏာကို ကျွန်တော်တို့ ခံစားနေရတာ။+ ဘုရားသခင်ရဲ့ ဘုန်းတော်ကိုရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွှင်လန်းနေကြစို့။* ၃  အဲဒီအပြင် ဆင်းရဲဒုက္ခ ရောက်နေချိန်မှာလည်း ရွှင်လန်းနေကြစို့။*+ ဆင်းရဲဒုက္ခဟာ ခံနိုင်ရည်ကို ဖြစ်ပေါ်စေတယ်ဆိုတာ ကျွန်တော်တို့ သိထားလို့ပဲ။+ ၄  ခံနိုင်ရည်ကလည်း ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရစေတယ်။+ ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရတာကလည်း မျှော်လင့်ချက် ရှိစေတယ်။+ ၅  အဲဒီမျှော်လင့်ချက်ကြောင့် စိတ်ပျက်ရမှာ မဟုတ်ဘူး။+ ဘာလို့လဲဆိုတော့ ဘုရားသခင်က ကျွန်တော်တို့ကို ပေးထားတဲ့ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့လို့ပဲ။+ ၆  ကျွန်တော်တို့ အားနည်းနေတာတောင်+ ခရစ်တော်က သတ်မှတ်ချိန်ရောက်တဲ့အခါ ဘုရားတရားမဲ့သူတွေအတွက် အသေခံခဲ့တယ်။ ၇  ဖြောင့်မတ်သူအတွက် အသေခံမယ့်သူ သိပ်ရှားတယ်။  သူတော်ကောင်းအတွက်တော့  အသေခံဝံ့သူ  ရှိကောင်းရှိနိုင်တယ်။ ၈  ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့တယ်။ ဒီနည်းနဲ့ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြတယ်။+ ၉  အခုဆိုရင်  ခရစ်တော်ရဲ့သွေးကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရပြီမို့လို့+ အမျက်တော် မသင့်တော့ဘဲ ခရစ်တော်ကြောင့် ကယ်တင်ခံရမယ်ဆိုတာ+ ပိုလို့တောင် စိတ်ချနိုင်တယ်။ ၁၀  ရန်သူတွေ ဖြစ်နေချိန်မှာတောင် သားတော်ရဲ့သေခြင်းကြောင့်  ဘုရားသခင်နဲ့ ကျွန်တော်တို့ ပြန်လည်သင့်မြတ်လာခဲ့တာ။+ အခုလို ပြန်လည်သင့်မြတ်နေချိန်မှာဆိုရင် အသက်ရှင်နေတဲ့ သားတော်အားဖြင့် ကယ်တင်ခံရမယ်ဆိုတာ ပိုလို့တောင် စိတ်ချနိုင်တယ်။ ၁၁  အဲဒီအပြင် သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်နဲ့ ခင်မင်ရင်းနှီးလာတဲ့အတွက်လည်း ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ ယေရှုကြောင့် ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ခွင့်ကို ကျွန်တော်တို့ ရခဲ့ကြတာ။+ ၁၂  အပြစ်ဟာ  လူတစ်ယောက်ကြောင့်  လူ့လောကထဲ  ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။+ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက်  သေဆုံးကြရတယ်။+ ၁၃  ပညတ်တရား မရှိခင်ကတည်းက လူ့လောကမှာ  အပြစ်ဆိုတာ  ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက ပညတ်ဥပဒေ မရှိတဲ့အတွက် အပြစ်ကျူးလွန်သူအဖြစ် ဘယ်သူ့ကိုမှ  သတ်မှတ်လို့မရဘူး။+ ၁၄  အာဒံလက်ထက်ကနေ မောရှေလက်ထက်အထိ သေခြင်းက ဘုရင်တစ်ပါးလို ကြီးစိုးခဲ့တယ်။ အာဒံ အပြစ်ကျူးလွန်ခဲ့သလို မကျူးလွန်တဲ့သူတွေကိုတောင် ကြီးစိုးခဲ့တယ်။ အာဒံဟာ နောင်တစ်ချိန်မှာ ပေါ်ထွန်းလာမယ့်သူနဲ့ ဆင်တူတယ်။+ ၁၅  အပြစ်ကျူးလွန်ခြင်းနဲ့ ဆုလက်ဆောင်ဆိုတာ  မတူဘူး။  လူတစ်ယောက်ရဲ့  အပြစ်ကြောင့်  လူများစွာ သေရတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ မဟာကရုဏာကြောင့်+  လူများစွာက+ ဘုရားသခင်ရဲ့ မဟာကရုဏာတော်နဲ့ ဆုလက်ဆောင်ကို အလျှံပယ် ခံစားရတယ်။ အဲဒီတစ်ယောက်ဟာ ယေရှုခရစ်ပဲ။ ၁၆  လူတစ်ယောက် ကျူးလွန်တဲ့ အပြစ်နဲ့+ ဆုလက်ဆောင်က အကျိုးဆက်ချင်းလည်း မတူဘူး။ ကျူးလွန်တဲ့ အပြစ်တစ်ခုကြောင့် လူအားလုံး အပြစ်ရှိသူတွေလို့ သတ်မှတ်ခံရတယ်။+ ဒါပေမဲ့ လူများစွာ အပြစ်ကျူးလွန်ပြီးနောက်မှာ ဘုရားသခင်က ဆုလက်ဆောင် ပေးသနားခဲ့တယ်။ အဲဒီဆုလက်ဆောင်ကြောင့် လူတွေဟာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်။+ ၁၇  လူတစ်ယောက်ရဲ့ အပြစ်ကြောင့် သေခြင်းက ဘုရင်တစ်ပါးလို ကြီးစိုးခဲ့တယ်။+ ဒါပေမဲ့ ကျွန်တော်တို့ကို ဖြောင့်မတ်သူတွေ ဖြစ်လာစေတဲ့ မဟာကရုဏာတော်နဲ့ ဆုလက်ဆောင်ကတော့ သာလွန်မြင့်မြတ်လှပါတယ်။+ အဲဒါတွေကို ရရှိသူတွေဟာ ယေရှုခရစ်ကြောင့်+ အသက်ရှင်ပြီး ဘုရင်တွေအဖြစ် အုပ်ချုပ်ရလိမ့်မယ်။+ ၁၈  ဒီတော့ အပြစ်တစ်ခုကြောင့် လူအမျိုးမျိုး  ပြစ်ဒဏ်စီရင်ခံရတယ်။+ အလားတူ၊ ဖြောင့်မတ်ရာရောက်စေတဲ့ လုပ်ရပ်တစ်ခုကြောင့် လူအမျိုးမျိုးက+ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရပြီး အသက်ရနိုင်ကြမယ်။+ ၁၉  လူတစ်ယောက်ရဲ့ မနာခံမှုကြောင့် လူများစွာ အပြစ်ရှိသူတွေ ဖြစ်လာတယ်။+ အလားတူ၊ လူတစ်ယောက်ရဲ့ နာခံမှုကြောင့် လူများစွာ ဖြောင့်မတ်သူတွေ ဖြစ်လာတယ်။+ ၂၀  ဘုရားသခင်က လူတွေ အပြစ်များစွာကျူးလွန်မှန်း သိလာစေဖို့ ပညတ်တရား ပေးခဲ့တယ်။+ ဒါပေမဲ့ လူတွေကျူးလွန်တဲ့ အပြစ်တွေ များသလောက် ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကလည်း တိုးများသည်ထက် တိုးများလာတယ်။ ၂၁  ဘာအတွက် တိုးများရတာလဲ။ အပြစ်နဲ့ သေခြင်းက ဘုရင်တစ်ပါးလို စိုးမိုးနေသလို+ မဟာကရုဏာတော်ကလည်း လူတွေကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်ပြီး ဘုရင်တစ်ပါးလို စိုးမိုးနေဖို့ပဲ။ ဒီနည်းနဲ့ လူတွေက သခင်ယေရှုခရစ်ကြောင့် ထာဝရအသက် ရနိုင်ကြမယ်။+

အောက်ခြေမှတ်ချက်များ

“ဘုရားသခင်နဲ့ ခင်မင်ရင်နှီးခွင့် ရကြပြီ” လည်းဖြစ်နိုင်။
“ရွှင်လန်းနေကြတယ်” လည်းဖြစ်နိုင်။
“ရွှင်လန်းနေကြတယ်” လည်းဖြစ်နိုင်။