ရောမ ၇:၁-၂၅
၇ ညီအစ်ကိုတို့၊ လူဟာ အသက်ရှင်နေသရွေ့ ပညတ်တရားအောက်မှာ ရှိမှန်း ခင်ဗျားတို့ မသိဘဲနေမှာ မဟုတ်ဘူး။ (ပညတ်သိတဲ့သူတွေကို ကျွန်တော် ပြောနေတာ မို့လို့ပါ။)
၂ ဥပမာ၊ ဇနီးဟာ ခင်ပွန်းဖြစ်သူအသက်ရှင်နေသရွေ့ ဥပဒေအရ ခင်ပွန်းနဲ့ ပေါင်းဖက်ရမယ်။ ခင်ပွန်းသေဆုံးရင်တော့ ခင်ပွန်းရဲ့ပညတ် အောက်ကနေ လွတ်သွားပြီ။+
၃ တကယ်လို့ ဇနီးက ခင်ပွန်းအသက်ရှင်နေတုန်း တခြားယောက်ျားနဲ့ အိမ်ထောင်ပြုရင် ဖောက်ပြန်တဲ့မိန်းမလို့ အခေါ်ခံရလိမ့်မယ်။+ ခင်ပွန်း သေဆုံးရင်တော့ ခင်ပွန်းရဲ့ပညတ်အောက်ကနေ ကင်းလွတ်သွားပြီဖြစ်လို့ နောက်အိမ်ထောင်ပြုရင်လည်း ဖောက်ပြန်တဲ့မိန်းမလို့ မပြောနိုင်ပါဘူး။+
၄ ညီအစ်ကိုတို့၊ ခင်ဗျားတို့လည်း ပညတ်တရားအောက်မှာ ရှိခဲ့တယ်။ အခုတော့ ခရစ်တော်ရဲ့ ပူဇော်သက္ကာကြောင့် ပညတ်တရားအောက်ကနေ ကင်းလွတ်သွားပြီဖြစ်လို့ သေရာကနေ အသက်ပြန်ရှင်လာတဲ့+ ခရစ်တော်ရဲ့ ပိုင်ဆိုင်သူတွေ၊+ ဘုရားသခင့်ဘုန်းတော် ထင်ရှားစေမယ့်အကျင့်ကို ကျင့်တဲ့သူတွေ ဖြစ်သွားပြီ။+
၅ သွေးသားဆန္ဒအတိုင်း ကျွန်တော်တို့ အသက်ရှင်ခဲ့တုန်းက မှားယွင်းတဲ့ လိုအင်ဆန္ဒဟာ ခန္ဓာကိုယ်ကို အပြစ်ကျူးလွန်စေမှန်း ပညတ်တရားက ရှင်းရှင်းလင်းလင်း သိရှိစေတယ်။ အဲဒီအပြစ်က သေခြင်းဆီ ပို့ဆောင်ပေးတယ်။+
၆ အခုတော့ ကျွန်တော်တို့ ပညတ်တရား အောက်ကနေ လွတ်မြောက်လာပြီဖြစ်လို့+ ပညတ်တရားရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်လာပြီ။ ဒါကြောင့် မောရှေရေးခဲ့တဲ့ ပညတ်ဟောင်းအတိုင်း မဟုတ်ဘဲ+ စွမ်းအားတော် လမ်းညွှန်တဲ့အတိုင်း+ ဘုရားသခင်ဆီမှာ ကျွန်ခံနိုင်ကြပြီ။
၇ ဒါဆို ဘယ်လိုပြောရမလဲ။ ပညတ်တရားမှာ အပြစ်အနာအဆာရှိတယ်ဆိုတဲ့ သဘောလား။ လုံးဝ မဟုတ်ပါဘူး။ ပညတ်တရားသာ မရှိခဲ့ရင် အပြစ်ဆိုတာ ဘာမှန်း ကျွန်တော်သိမှာ မဟုတ်ဘူး။+ ဥပမာ၊ “လိုချင်တပ်မက်စိတ် မရှိနဲ့”+ ဆိုတဲ့ ပညတ်သာမရှိရင် တပ်မက်စိတ်အကြောင်း ကျွန်တော်သိမှာ မဟုတ်ဘူး။
၈ ဒါပေမဲ့ ပညတ်ကြောင့် အပြစ်က အခွင့်ရသွားပြီး ကျွန်တော့်ဆီမှာ တပ်မက်စိတ်အမျိုးမျိုး ဖြစ်ပေါ်စေတယ်။ ပညတ်မရှိခင်တုန်းက အပြစ်ဟာ အသေဖြစ်နေတယ်။+
၉ ပညတ်မရှိခင်တုန်းက ကျွန်တော် ရှင်သန်ခဲ့ဖူးတယ်။ ပညတ်ရောက်လာတဲ့အခါ အပြစ်ဟာ အသက်ဝင်လာတယ်။ ကျွန်တော်ကတော့ သေဆုံးသွားတယ်။+
၁၀ အသက်ရှင်ခြင်းဆီ ပို့ဆောင်ပေးရမယ့် ပညတ်ဟာ+ သေခြင်းဆီ ပို့ဆောင်ပေးမှန်း ကျွန်တော် သိလိုက်ရတယ်။
၁၁ ပညတ်ကြောင့် အပြစ်က အခွင့်ရသွားပြီး ကျွန်တော့်ကို ဖြားယောင်းတယ်၊ ပညတ်အားဖြင့် ကျွန်တော့်ကို သတ်လိုက်တယ်။
၁၂ ဒါကြောင့် ပညတ်တရားကိုယ်နှိုက်ဟာ သန့်ရှင်းမြင့်မြတ်ပါတယ်။ ပညတ်ချက်ဟာ သန့်ရှင်းမြင့်မြတ်တယ်၊ ဖြောင့်မှန်တယ်၊ ကောင်းမြတ်ပါတယ်။+
၁၃ ဒါဆိုရင် ကောင်းမြတ်တဲ့အရာက ကျွန်တော့်ကို သေစေတာလား။ လုံးဝ မဟုတ်ပါဘူး။ အပြစ်ကသာ သေစေတာပါ။ အပြစ်က မိမိရဲ့ သဘောသဘာဝကို ဖော်ပြဖို့ ကောင်းမြတ်တဲ့အရာအားဖြင့် ကျွန်တော့်ကို သေစေတာပါ။+ ဒီနည်းနဲ့ အပြစ်ဟာ သိပ်ဆိုးရွားမှန်း ပညတ်ချက်ကြောင့် ပိုထင်ရှားလာတယ်။+
၁၄ ပညတ်တရားကို ဘုရားသခင်ဆီက ရခဲ့မှန်း ကျွန်တော်တို့ သိတယ်။ ကျွန်တော်ကတော့ အပြစ်ရဲ့လက်ထဲ ရောင်းစားခံရသူ၊ အပြစ်ရှိသူပါ။+
၁၅ ကိုယ်ဘာလုပ်နေမှန်း ကိုယ်နားမလည်ဘူးကိုး။ ကိုယ်လုပ်ချင်တာကို မလုပ်ဘဲ ကိုယ်မုန်းတဲ့အရာကိုမှ လုပ်မိနေတာကိုး။
၁၆ ဒါပေမဲ့ ကိုယ်မလုပ်ချင်တာကိုမှ လုပ်မိတယ်ဆိုရင် ပညတ်တရား ကောင်းမြတ်မှန်း ကျွန်တော် ဝန်ခံလိုက်တာပဲ။
၁၇ ဒါဆိုရင် မကောင်းတာလုပ်တဲ့သူဟာ ကျွန်တော် မဟုတ်တော့ဘူး။ ကျွန်တော့်ဆီမှာ ကိန်းအောင်းနေတဲ့ အပြစ်က လုပ်နေတာ။+
၁၈ ကျွန်တော့်ဆီမှာ တစ်နည်းအားဖြင့် ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ ကောင်းတာတစ်ခုမှ မရှိမှန်း သိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ကောင်းတာလုပ်ချင်တဲ့ ဆန္ဒတော့ ရှိပါရဲ့၊ ခက်တာက လုပ်နိုင်စွမ်းမရှိဘူး ဖြစ်နေတယ်။+
၁၉ လုပ်ချင်တဲ့ကောင်းမှုကို မလုပ်ဘဲ မလုပ်ချင်တဲ့ မကောင်းမှုကိုမှ လုပ်မိနေတယ်။
၂၀ မလုပ်ချင်တာကို လုပ်မိတယ်ဆိုရင် လုပ်တဲ့သူဟာ ကျွန်တော် မဟုတ်တော့ဘူး။ ကျွန်တော့်ဆီမှာ ကိန်းအောင်းနေတဲ့ အပြစ်က လုပ်နေတာ။
၂၁ ဒါကြောင့် ကိုယ်တွေ့သိလိုက်ရတဲ့ တရားတစ်ခုက မှန်တာကို လုပ်ချင်တဲ့အခါ မကောင်းတာလုပ်ချင်စိတ်က ကျွန်တော့်ဆီမှာ ရှိနှင့်နေတယ်ဆိုတဲ့ အချက်ပဲ။+
၂၂ ကျွန်တော်က ဘုရားသခင်ရဲ့ ပညတ်ကို စိတ်ထဲမှာ နှစ်နှစ်ကာကာ မြတ်နိုးပါတယ်။+
၂၃ ဒါပေမဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ တခြားတရားတစ်ခုက စိတ်ထဲကတရားကို တိုက်ခိုက်တဲ့အတွက်+ ကိုယ်ခန္ဓာထဲမှာရှိနေတဲ့ အပြစ်တရားရဲ့ ဖမ်းဆီးချုပ်နှောင်မှုအောက် ကျွန်တော် ရောက်သွားတာကို+ မြင်လိုက်တယ်။
၂၄ ကျွန်တော့်အဖြစ် ဆိုးလိုက်တာ။ ဒီလိုအဖြစ်မျိုးနဲ့ သေဆုံးစေမယ့် ကိုယ်ခန္ဓာကနေ လွတ်မြောက်အောင် ဘယ်သူ ကယ်တင်ပေးမလဲ။
၂၅ သခင်ယေရှုခရစ်အားဖြင့် ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ စိတ်ကတော့ ဘုရားသခင့်ပညတ်ရဲ့ကျွန် ဖြစ်နေပေမဲ့ ကိုယ်ခန္ဓာကတော့ အပြစ်ရဲ့ကျွန် ဖြစ်နေတယ်။+