ရောမ ၈:၁-၃၉

  • စွမ်း​အား​တော်​အား​ဖြင့် ရ​ရှိ​တဲ့ အသက်​နဲ့ လွတ်မြောက်​မှု (၁-၁၁)

  • သား​တွေ​အဖြစ် မွေး​စား​ခံ​ရ​မှန်း စွမ်း​အား​တော်​က အတည်​ပြု (၁၂-၁၇)

  • ဖန်​ဆင်း​ရာတွေ​က ဘု​ရား​သခင့်​သား​သမီး​တွေရဲ့ လွတ်​လပ်​မှု​ကို စော့်​မျှော် (၁၈-၂၅)

  • ‘စွမ်း​အား​တော်​က အသနား​ခံ​ပေး’ (၂၆၊ ၂၇)

  • ဘု​ရား​သခင် ကြို​တင်​ပြဋ္ဌာန်း (၂၈-၃၀)

  • ဘု​ရား​သခင်​ပြတဲ့ မေတ္တာ​ကြောင့် အောင်​မြင်​စွာ ရင်​ဆိုင်​ကျော်​လွှား​နိုင် (၃၁-၃၉)

 ဒါ​ကြောင့် ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ရှိ​နေ​သူ​တွေ​ဟာ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​နဲ့ ကင်း​လွတ်​တယ်။ ၂  ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ရှိ​နေ​သူ​တွေ​ကို​ အ​သက်​ပေး​တဲ့ စွမ်း​အား​တော်​နဲ့​ဆိုင်​တဲ့ တရား​က ခင်​ဗျား​တို့​ကို အပြစ်​တ​ရား​နဲ့ သေခြင်း​တ​ရားရဲ့ လက်​အောက်​က​နေ လွတ်​မြောက်​စေ​လို့​ပဲ။+ ၃  လူ​တွေ​ဟာ ပြည့်​ဝ​စုံ​လင်​သူ​တွေ မဟုတ်​လို့ ပညတ်​တ​ရား​ကို အပြည့်​အဝ မလိုက်​နာ​နိုင်​ဘူး။+ ဒါ​ကြောင့် ပညတ်​တ​ရား​က လူ​တွေ​ကို မကယ်​တင်​ပေး​နိုင်​ဘူး။ ဒါ​ပေမဲ့ ပညတ်​တ​ရား မစွမ်း​ဆောင်​နိုင်​ရာ​ကို+ ဘုရား​သခင် လုပ်​ဆောင်​ခဲ့​တယ်။ အဲ​ဒါ​က​တော့ အပြစ်​ကို ဖယ်​ရှား​ဖို့ သား​တော်ရင်း​ကို+ လူ​သား​တစ်​ယောက်​အဖြစ်*+ စေ​လွှတ်​လိုက်​တာ​ပါ​ပဲ။ ဒီ​နည်း​နဲ့ ဘု​ရား​သခင်​က လူ​တွေ​မှာ​ရှိ​တဲ့ အပြစ်​ကို ပြစ်​ဒဏ်​စီ​ရင်​လိုက်​တယ်။ ၄  ရည်​ရွယ်​ချက်​က အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​နောက် မလိုက်​ဘဲ စွမ်း​အား​တော်​နဲ့​အညီ လျှောက်​လှမ်း​ခြင်း​အား​ဖြင့်+ ပညတ်​တ​ရား​မှာ​ပါ​တဲ့ ဖြောင့်​မတ်​တဲ့ ပြဋ္ဌာန်း​ချက်​တွေ​ကို ကျွန်​တော်​တို့ လိုက်​နာ​ဖို့​ဖြစ်​တယ်။+ ၅  အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​နောက် လိုက်​တဲ့​သူ​ဟာ အပြစ်​ရှိ​တဲ့​အရာတွေ​ကို​ပဲ စိတ်​ရောက်​နေ​တတ်​တယ်။+ စွမ်း​အား​တော်​နဲ့​အညီ အသက်​ရှင်​တဲ့​သူ​က​တော့ စွမ်း​အား​တော်​နဲ့​ဆိုင်​တဲ့ အရာတွေ​ကို​ပဲ စိတ်​ရောက်​နေ​တတ်​တယ်။+ ၆  အပြစ်​ရှိ​တဲ့​အရာတွေ​ဆီ စိတ်​ရောက်​နေ​တာ​က သေစေ​နိုင်​တယ်။+ စွမ်း​အား​တော်​နဲ့​ဆိုင်​တဲ့ အရာတွေ​ဆီ စိတ်​ရောက်​နေ​တာ​က အသက်​ရှင်​ခြင်း​နဲ့ ငြိမ်​သက်​ခြင်း​ကို ရ​ရှိ​စေ​နိုင်​တယ်။+ ၇  အပြစ်​ရှိ​တဲ့​အရာတွေ​ဆီ စိတ်​ရောက်​နေ​သူ​တွေ​ဟာ ဘု​ရား​သခင်​ရဲ့ရန်​သူ ဖြစ်​သွား​တယ်။+ သူ​တို့​က ဘု​ရား​သခင်​ရဲ့​ပညတ်​ကို မနာ​ခံ​ဘူး၊ နာ​ခံ​နိုင်​စွမ်း​လည်း မရှိ​ဘူး။ ၈  ဒါ​ကြောင့် အပြစ်​ရှိ​တဲ့​အရာတွေ​ဆီ စိတ်​ရောက်​နေ​သူ​တွေ​က ဘု​ရား​သခင့်​စိတ်​တော်​နဲ့​ မ​တွေ့​နိုင်​ဘူး။ ၉  ခင်​ဗျား​တို့​ဆီ​မှာ ဘု​ရား​သခင့်​စွမ်း​အား​တော်  အမှန်​တ​ကယ်  ကိ​န်း​အောင်း​နေ​ရင် အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​နောက် မလိုက်​ဘဲ စွမ်း​အား​တော်​နဲ့​အညီ အသက်​ရှင်​နေ​ကြ​မှာ​ပဲ။+ ခ​ရစ်​တော်ရဲ့ စိတ်​သဘော​ထား မရှိ​သူ​က​တော့ ခရစ်​တော်​နဲ့ မသက်​ဆိုင်​သူ​ပဲ။ ၁၀  ခင်​ဗျား​တို့​ဟာ ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​တယ်​ဆို​ရင်+ အပြစ်​ကြောင့် ကိုယ်​ခ​န္ဓာ သေဆုံး​ပေမဲ့​လည်း ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​တဲ့​အတွက်​ကြောင့် စွမ်း​အား​တော်​က အသက်​ရှင်​စေ​တယ်။ ၁၁  ယေရှု​ကို သေရာ​က​နေ ထ​မြောက်​စေ​တဲ့​အရှင်​ရဲ့ စွမ်း​အား​တော်​သာ ခင်​ဗျား​တို့​ဆီ​မှာ ကိ​န်း​အောင်း​နေ​မယ်​ဆို​ရင် ခ​ရစ်​တော်​ယေရှု​ကို သေရာ​က​နေ ထ​မြောက်​စေ​တဲ့​အရှင်​က+ ခင်​ဗျား​တို့​ဆီ​မှာ​ရှိ​နေ​တဲ့ စွမ်း​အား​တော်​အား​ဖြင့် သေတတ်​တဲ့ ခင်ဗျား​တို့​ရဲ့  ကိုယ်​ခ​န္ဓာ​ကို​လည်း​ အ​သက်​ရှင်​စေ​လိမ့်​မယ်။+ ၁၂  ညီ​အစ်​ကို​တို့၊ ကျွန်​တော်​တို့​မှာ တာ​ဝန်​ရှိ​သွား​ပြီ။ အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​အတိုင်း အသက်​ရှင်​ပြီး အပြစ်​ကျူး​လွန်​ဖို့​တော့ မဟုတ်​ပါ​ဘူး။+ ၁၃  အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​အတိုင်း အသက်​ရှင်​ရင် သေဆုံး​ရ​မှာ ကျိန်း​သေပဲ။ အပြစ်​ရှိ​တဲ့ အကျင့်​တွေ​ကို စွမ်း​အား​တော်​အကူ​အညီ​နဲ့ သေစေ​မယ်​ဆို​ရင်​တော့+​ အ​သက်​ရှင်​ရ​လိမ့်​မယ်။+ ၁၄  ဘု​ရား​သခင့် စွမ်း​အား​တော်ရဲ့ လမ်း​ညွှန်​မှု​ကို ခံ​ယူ​သူ​တွေ​ဟာ ဘု​ရား​သခင်​ရဲ့ သား​သမီး​တွေ​ပဲ။+ ၁၅  ဘု​ရား​သခင့် စွမ်း​အား​တော်​က ခင်​ဗျား​တို့​ကို ကျွန်​ဘ​ဝ ရောက်​စေ​မှာ မဟုတ်​ဘူး။ ကြောက်​စိတ်​ဝင်​စေ​မှာ မဟုတ်​ဘူး။ အဲ​ဒီ​စွမ်း​အား​တော်​က ကျွန်​တော်​တို့​ကို သား​တွေ​အဖြစ် မွေး​စား​ခံ​ရ​စေ​ပြီး “အဗ္ဗ၊* အဖ”+ လို့​ခေါ်​စေ​တယ်။ ၁၆  ကျွန်​တော်​တို့​ဟာ ဘုရား​သခင်​ရဲ့ သား​သမီး​တွေ​ဖြစ်​မှန်း+ စွမ်း​အား​တော်​ကိုယ်​တိုင်​ရော ကျွန်​တော်​တို့​ရဲ့ စိတ်​က​ပါ အတည်​ပြု​ပေး​တယ်။+ ၁၇  ကျွန်​တော်​တို့​ဟာ သား​သမီး​တွေ​ဆို​ရင် အမွေ​ခံ​လည်း ဟုတ်​တာ​ပေါ့။ ဘုရား​သခင်​ရဲ့  အမွေ​ခံ​တွေ​ပဲ။  ခ​ရစ်​တော်​နဲ့​အတူ အမွေ​ခံ​ရ​မယ့်​သူ​တွေ​ပဲ။+ ခ​ရစ်​တော်​နဲ့​အတူ ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​တယ်​ဆို​ရင်+ ခ​ရစ်​တော်​နဲ့​အတူ ဘုန်း​ထင်​ရှား​မယ့်​သူ​တွေ​လည်း ဟုတ်​တာ​ပေါ့။+ ၁၈  လက်​ရှိ​ခံ​နေ​ရ​တဲ့ ဆင်း​ရဲ​ဒုက္ခတွေ​ဟာ ကျွန်​တော်​တို့​အား​ဖြင့် ဘု​ရား​သခင်​ဖော်​ပြမယ့် ဘုန်း​အသရေ​နဲ့ ယှဉ်​လိုက်​ရင် ဘာ​မှ မပြော​ပလောက်​ဘူး​လို့ ကျွန်​တော်​ယူ​ဆ​တယ်။+ ၁၉  ဘု​ရား​သခင်​ရဲ့ ဖန်​ဆင်း​ရာတွေ​က* ဘု​ရား​သခင်​ရဲ့​သား​တွေ ပေါ်​ထွန်း​မယ့်​အချိန်​ကို မျှော်​လင့်​တ​ကြီး စောင့်​ဆိုင်း​နေ​ကြ​တယ်။+ ၂၀  ဘာ​ကြောင့်​လဲ​ဆို​တော့ ဖန်​ဆင်း​ရာတွေ အချည်း​နှီး​အဖြစ်​ကို ရောက်ခဲ့ရလို့​ပဲ။+ ဆန္ဒ​အလျောက် ရောက်ခဲ့ရ​တာ​တော့  မဟုတ်​ဘူး။​ အချည်း​နှီး​အဖြစ်​ကို  ရောက်​သွား​အောင် ခွင့်​ပြု​လိုက်​တဲ့ အရှင်​ရဲ့ အလို​တော်​ကြောင့်​သာ ဖြစ်​ရ​တာ​ပါ။ ဒါ​ပေမဲ့ အဲ​ဒီ​အရှင်​ပေး​ထား​တဲ့ မျှော်​လင့်​ချက်​က​တော့၊ ၂၁  ဖန်​ဆင်း​ရာတွေ​ဟာ ဖောက်​ပြန်​ပျက်​စီး​ခြင်း​ရဲ့ ကျွန်​ဘ​ဝ​က​နေ  လွတ်​မြောက်​ပြီး+ ဘု​ရား​သခင့် သား​သမီး​တွေရဲ့ ဘုန်း​အသရေ​နဲ့​ပြည့်​စုံ​တဲ့ လွတ်​လပ်​မှု​ကို ခံ​စား​ရ​မယ်​ဆို​တဲ့ အချက်​ပဲ။ ၂၂  ဖန်​ဆင်း​ရာ​အား​လုံး အခု​ချိန်​အထိ တ​ညီ​တ​ညွတ်​တည်း ညည်း​တွား​ပြီး ဝေ​ဒ​နာ​ခံ​စား​နေ​ကြ​ရ​မှန်း ကျွန်​တော်​တို့ သိ​ကြ​တယ်။ ၂၃  သီး​ဦး​သီး​ဖျား​ဖြစ်​တဲ့ စွမ်း​အား​တော်​ကို ရ​ရှိ​ထား​တဲ့ ကျွန်​တော်​တို့​ကိုယ်​တိုင်​လည်း ရွေး​ဖိုး​အား​ဖြင့် သွေး​သား​ခ​န္ဓာ​က​နေ လွတ်​မြောက်​ပြီး သား​တွေ​အဖြစ် မွေး​စား​ခံ​ရ​မယ့်​အချိန်​ကို+ မျှော်​လင့်​တ​ကြီး စောင့်​ဆိုင်း​နေ​ရင်း​နဲ့ စိတ်​ထဲ​မှာ ညည်း​တွား​နေ​ရ​တာ​ပဲ။+ ၂၄  ကျွန်​တော်​တို့​ကို အပြစ်​ရဲ့ လက်​အောက်​က​နေ ဘုရား​သခင် ကယ်​တင်​လိုက်​တဲ့​အခါ အဲ​ဒီ​မျှော်​လင့်​ချက်​ကို ရ​လာ​တယ်။ မြင်​နေ​ရ​တဲ့​အရာ​ကို မျှော်​လင့်​တယ်​ဆို​ရင် ဒါ​ဟာ မျှော်​လင့်​ချက် မဟုတ်​တော့​ဘူး။ မြင်​နေ​ရ​ပြီဆို​မှ​တော့ ဘာ​မျှော်​လင့်​စ​ရာ လို​တော့​မှာ​လဲ။ ၂၅  မမြင်​ရ​သေး​တဲ့​အရာ​ကို+ မျှော်​လင့်​တယ်​ဆို​ရင်​တော့+ ခံ​နိုင်​ရည်​ရှိ​ရှိ+ ဆက်​ပြီး စောင့်​နေ​ရ​မှာ​ပေါ့။ ၂၆  အလား​တူ၊ စွမ်း​အား​တော်​က ကျွန်​တော်​တို့ အား​နည်း​နေ​ချိန်​မှာ ကူ​ညီ​မ​စ​ပေး​တယ်။+ ဆု​တောင်း​ရ​မယ်​ဆို​တာ​ သိ​ပေမဲ့ တစ်​ခါ​တ​လေ ဘာ​အ​တွက် ဆု​တောင်း​ရ​မှန်း​မသိ ဖြစ်​တတ်​တယ်။ စကား​လုံး​တွေ​နဲ့ မဖော်​ပြနိုင်​ဘဲ ညည်း​တွား​နေ​ရ​တဲ့​အခါ​မျိုး​မှာ စွမ်း​အား​တော်​ကိုယ်​တိုင် ကျွန်​တော်​တို့​အတွက် အသ​နား​ခံ​ပေး​တယ်။ ၂၇  စိတ်​နှ​လုံး​ကို စစ်​ဆေး​တဲ့​အရှင်​က+ သန့်​ရှင်း​သူ​တွေ​အတွက် စွမ်း​အား​တော် အသနား​ခံ​ပေး​တဲ့​အရာ​ကို  သိ​တယ်။ ဘာ​လို့​လဲ​ဆို​တော့ စွမ်း​အား​တော်​က ဘု​ရား​သခင့် အလို​တော်​နဲ့​ညီ​တဲ့​အရာ​ကို အသနား​ခံ​ပေး​လို့​ပဲ။ ၂၈  ဘု​ရား​သခင်​က မိမိ​ကို​ချစ်​တဲ့​သူ​တွေ၊ အလို​တော်​နဲ့​အညီ ခေါ်​တော်​မူ​ခြင်း​ခံ​ရ​သူ​တွေရဲ့ ကောင်း​ကျိုး​အတွက် မိမိ​လုပ်​ဆောင်​သမျှ​ကို စည်း​စ​နစ်​တ​ကျ ဖြစ်​စေ​မှန်း+ ကျွန်​တော်​တို့ သိ​ကြ​တယ်။ ၂၉  သား​တော်​ကို ညီ​အစ်​ကို​တွေ​ထဲ​မှာ+ သား​ဦး​ဖြစ်​စေ​ဖို့+ ဘု​ရား​သခင်​က ဦး​ဆုံး​သတိ​ပြု​မိ​သူ​တွေ​ကို သား​တော်​လို​ဖြစ်​စေ​ဖို့+ ကြို​တင်​ပြဋ္ဌာန်း​ထား​တယ်။ ၃၀  ဘု​ရား​သခင်  ကြို​တင်​ပြဋ္ဌာန်း​ထား​သူ​တွေ​ဟာ+ ခေါ်​တော်​မူ​ခြင်း ခံ​ရ​သူ​တွေ​ပါ​ပဲ။+ ခေါ်​တော်​မူ​ခြင်း​ခံ​ရ​သူ​တွေ​ဟာ ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​သူ​တွေ​ပဲ။+ ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​သူ​တွေ​ဟာ ဘုန်း​ထင်​ရှား​သူ​တွေ ဖြစ်​တယ်။+ ၃၁  ဒါ​တွေ​နဲ့​ပတ်​သက်​ပြီး ဘာ​ပြော​ရ​မလဲ။ ဘု​ရား​သခင်​သာ ကျွန်တော်တို့​ဘက်​မှာ ရှိ​ရင် ကျွန်​တော်​တို့​ကို ဘယ်​သူ​ဆန့်​ကျင်​နိုင်​မလဲ။+ ၃၂  ဘု​ရား​သခင်​က  ကျွန်​တော်​တို့​အား​လုံး​အ​တွက်​ သား​တော်ရင်း​ကို​တောင် မချန်​ဘဲ ပေး​ပြီး​ပြီဆို​မှ​တော့+  သား​တော်​နဲ့​တကွ အရာ​ခပ်​သိမ်း​ကို ကျွန်​တော်​တို့​လက်​ထဲ ဘာ​လို့ မပေး​ဘဲ​နေ​မှာ​လဲ။ ၃၃  ဘုရား​သခင် ရွေး​ချယ်​ထား​သူ​တွေ​ကို ဘယ်​သူ ပြစ်​တင်​စွပ်​စွဲ​မ​လဲ။+ ဘု​ရား​သခင်​ကိုယ်​တိုင်​က သူ​တို့​ကို ဖြောင့်​မတ်​တယ်​လို့  သတ်​မှတ်​ထား​ပြီပဲ။+ ၃၄  သူ​တို့​ကို ဘယ်​သူ ပြစ်​ဒဏ်​စီ​ရင်​မလဲ။ ဘယ်​သူ​မှ စီ​ရင်လို့​မရ​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ အသေခံ​ပြီး​နောက် ရှင်​ပြန်​ထ​မြောက်​လာ​တဲ့ ခရစ်​တော်​ယေရှု​က ဘု​ရား​သခင်​ရဲ့ ညာဘက်​မှာ ခ​စား​ပြီး+ ကျွန်​တော်​တို့​အတွက် ကိုယ်​တိုင် အသ​နား​ခံ​ပေး​နေ​လို့​ပဲ။+ ၃၅  ခ​ရစ်​တော်ရဲ့ မေတ္တာ​ကို မခံ​စား​ရ​တော့​အောင် ကျွန်​တော်​တို့​ကို ဘာ​က တား​ဆီး​နိုင်​လို့​လဲ။+ ဒုက္ခရောက်​ခြင်း၊ စိတ်​ဆင်း​ရဲ​ခြင်း၊ နှိပ်​စက်​ညှဉ်း​ပန်း​ခြင်း၊ ဆာ​ငတ်​ခြင်း၊ အဝတ်​မဲ့​ခြင်း၊ အန္တရာယ်​ကြုံ​တွေ့​ခြင်း၊  ဓား​နဲ့​ခြိမ်း​ခြောက်​ခံ​ရ​ခြင်း စ​တာ​တွေ​လား။+ ၃၆  “ကျွန်​တော်​တို့​ဟာ ကိုယ်​တော့်​အတွက် နေ့​တိုင်း​လို​လို  သေဘေး​နဲ့​ကြုံ​နေ​ရ​တယ်။ အသတ်​ခံ​ရ​မယ့်​သိုး​တွေ​လို ဖြစ်​နေ​ပြီ”+ ဆို​တဲ့ ကျမ်း​စ​ကား​အတိုင်း ဖြစ်​နေ​တယ်။ ၃၇  ဒါ​ပေမဲ့ ကျွန်​တော်​တို့​ကို​ချစ်​တဲ့ သခင်​အား​ဖြင့် အဲ​ဒါ​တွေ​အား​လုံး​ကို အောင်​မြင်​စွာ ရင်​ဆိုင်​ကျော်​လွှား​နိုင်​ခဲ့​ကြ​တယ်။+ ၃၈  ဘာ​ကြောင့်​လဲ​ဆို​တော့ သေခြင်း​ဖြစ်​စေ၊ ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အစိုး​ရ​အာဏာ​ဖြစ်​စေ၊  လက်ရှိ​အရာ​ဖြစ်​စေ၊ နောင်​လာ​မယ့်​အရာ​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊+ ၃၉  အမြင့်​ဖြစ်​စေ၊ အနိမ့်​ဖြစ်​စေ၊ ဖန်​ဆင်း​ရာတွေ​ဖြစ်​စေ သခင် ခ​ရစ်​တော်​ယေရှု​က​တစ်​ဆင့် ဘု​ရား​သခင်​ပြတဲ့​မေတ္တာ​ကို ကျွန်​တော်​တို့ မခံ​စား​ရ​အောင် ဘယ်​အရာ​က​မှ မတား​ဆီး​နိုင်​မှန်း ကျွန်​တော် တ​ထစ်​ချ​ယုံ​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “အပြစ်​ရှိ​သူ​တွေ​ဖြစ်​တဲ့ ကျွန်​တော်​တို့​လို လူ့​ခ​န္ဓာ​ကိုယ်​နဲ့။”
“ဖေဖေ” လို့​အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး (သို့) အာ​ရ​မိတ်​စကား​လုံး။
အထူး​သဖြင့် လူ​သား​တွေ​ကို ရည်​ညွှန်း။