ရှောလမုန်သီချင်း ၅:၁-၁၆
၅ “အို မောင့်နှမ၊ မောင့်သတို့သမီး၊မောင့်ဥယျာဉ်ထဲ ဝင်ခဲ့ပြီ။+
မုရန်သစ်စေးပင်နဲ့ အမွှေးနံ့သာပင်ကို ဆွတ်ခူးပြီ။+
ပျားလပို့နဲ့ ပျားရည်ကို စားလိုက်ပြီ။
စပျစ်ဝိုင်နဲ့ နို့ကိုလည်း သောက်လိုက်ပြီ။”+
“အို ချစ်သူငယ်ချင်းတို့၊ စားကြပါ၊ သောက်ကြပါ။
ချစ်ခင်ယုယမှုတွေနဲ့ ယစ်မူးနေကြပါ။”+
၂ “ကျွန်မ အိပ်ပျော်နေပေမဲ့ နှလုံးသားကတော့ နိုးနေတယ်။+
ချစ်သူ တံခါးခေါက်နေတဲ့ အသံပဲ။”
“မောင့်နှမ၊ မောင့်ချစ်သူ၊မောင့်ချိုးငှက်လေး၊ ခြောက်ပြစ်ကင်းသူလေး၊တံခါးဖွင့်လှည့်ပါ။
မောင့်ခေါင်းမှာ နှင်းတွေစိုနေလို့၊ ဆံပင်တွေလည်း ညနှင်းစက်တွေ ရွှဲနေလို့ပါ။”+
၃ “‘ကျွန်မ ဝတ်ရုံချွတ်ပြီးပြီ။
ပြန်ဝတ်ရမှာလား။
ခြေလည်း ဆေးပြီးပြီ။
ညစ်ပေအောင် ပြန်လုပ်ရမှာလား။’
၄ ချစ်သူက မင်းတုပ်လျှိုတဲ့ အပေါက်ကနေ လက်ကို ပြန်ရုပ်လိုက်တဲ့အခါကျွန်မရင်ထဲမှာ ဝမ်းနည်းလှိုက်ဖိုမိတယ်။
၅ ချစ်သူကို တံခါးဖွင့်ပေးဖို့ ထလိုက်တဲ့အခါကျွန်မလက်ကနေ မုရန်သစ်စေးတွေ၊လက်ချောင်းတွေကနေ မုရန် ဆီတွေမင်းတုပ်ပေါ် စီးကျလာတယ်။
၆ တံခါးဖွင့်ပေးလိုက်တဲ့အခါချစ်သူမောင်က လှည့်ထွက်သွားနှင့်ပြီ။
သူထွက်သွားတော့ ကျွန်မ စိတ်ထိခိုက်လိုက်တာ။*
သူ့ကိုရှာတာ မတွေ့ပါလား။+
သူ့ကိုခေါ်နေတာ ပြန်မထူးပါလား။
၇ မြို့ထဲမှာ ကင်းလှည့်နေတဲ့ ကင်းစောင့်တွေက ကျွန်မကို တွေ့သွားတဲ့အခါဒဏ်ရာရတဲ့အထိ ရိုက်နှက်ကြတယ်။
မြို့ရိုးပေါ်က ကင်းစောင့်တွေကလည်း ကျွန်မရဲ့ ခြုံထည်ကို ဆွဲယူကြတယ်။
၈ အို ဂျေရုဆလင် သမီးပျိုတို့၊ချစ်သူကို တွေ့ခဲ့ရင်ကျွန်မ လွမ်းနာကျနေတဲ့ အကြောင်း ပြောပေးမယ်လို့ သစ္စာဆိုကြပါ။”
၉ “အို အလှဆုံးမိန်းကလေး၊နင့်ချစ်သူဟာ သူများရဲ့ချစ်သူတွေထက် ဘယ်လိုများသာလို့လဲ။
ငါတို့ကို အဲဒီလို သစ္စာဆိုခိုင်းရလောက်အောင်နင့်ချစ်သူဟာ သူများရဲ့ချစ်သူတွေထက် ဘယ်လိုများသာလို့လဲ။”
၁၀ “ကျွန်မရဲ့ ချစ်သူဟာ ထူးခြား ထင်ပေါ်တဲ့သူပါ။ သူ့အသားအရေဟာ စိုပြည်နီမြန်းနေတယ်။
လူတစ်သောင်း အလယ်မှာတောင် ထင်းခနဲ ပေါ်လွင်တယ်။
၁၁ သူ့ခေါင်းဟာ ရွှေစင်ပဲ။
ဆံသားတွေဟာ လှိုင်းတွန့်နေတဲ့ စွန်ပလွံခက်တွေနဲ့* တူတယ်။
ကျီးနက်ကြီးလို နက်မှောင်နေတယ်။
၁၂ သူ့မျက်လုံးတွေဟာ စမ်းချောင်းဘေးမှာ နို့ရည်ကိုချိုးပြီးကန်အစွန်းမှာ* နားနေတဲ့ချိုးငှက်လေးတွေလိုပဲ။
၁၃ သူ့ရဲ့ပါးပြင်ဟာ အမွှေးနံ့သာခင်းနဲ့ တူတယ်။+
မွှေးကြိုင်တဲ့ ဆေးပင်တွေ ပေါက်နေတဲ့ တောင်ပို့လေးလိုပဲ။
နှုတ်ခမ်းဟာ မုရန်ဆီတွေ တစက်စက်ယိုနေတဲ့ နှင်းပန်းဆိုပါတော့။+
၁၄ သူ့လက်ချောင်းတွေဟာ ပြောင်ခေါင်းစိမ်း မြှုပ်ထားတဲ့ ရွှေချောင်းတွေနဲ့ တူတယ်။
ဝမ်းဗိုက်ဟာ နီလာကျောက်စီခြယ်ထားတဲ့ ပြောင်ချောနေတဲ့ ဆင်စွယ်နဲ့ တူတယ်။
၁၅ သူ့ခြေထောက်တွေဟာ ရွှေစင်ပြားပေါ် စိုက်ထူထားတဲ့ စကျင်ကျောက်တိုင်တွေနဲ့ တူတယ်။
ရုပ်သွင်ဟာ လက်ဘနွန်တောင်လို ခံ့ညားတယ်။ သစ်ကတိုးပင်တွေလို ပြိုင်စံရှားတယ်။+
၁၆ သူ့နှုတ်ခမ်းဟာ ချိုမြတယ်။
သူနဲ့ပတ်သက်သမျှ စွဲမက်စရာ ကောင်းတယ်။+
အို ဂျေရုဆလင် သမီးပျိုတို့၊ အဲဒါ ကျွန်မရဲ့ ချစ်သူပေါ့။ အချစ်ရဆုံးသူပေါ့။”