လုကာ ၁၀:၁-၄၂
၁၀ အဲဒီနောက် သခင်ယေရှုက နောက်ထပ်တပည့် ၇၀ ကိုခန့်ပြီး သူသွားမယ့်မြို့ရွာတွေဆီ နှစ်ယောက်တစ်တွဲ ကြိုလွှတ်လိုက်တယ်။+
၂ ပြီးတော့ အခုလိုမှာတယ်– “စပါးရိတ်စရာ အများကြီးရှိတယ်။ လုပ်သားတွေကတော့ နည်းနေတယ်။ ဒါကြောင့် လုပ်သားတွေ စေလွှတ်ပေးဖို့ စပါးရှင်ဆီ ဆုတောင်းကြပါ။+
၃ ခင်ဗျားတို့ သွားနိုင်ပြီ။ ဝံပုလွေအုပ်ထဲ သိုးတွေလွှတ်သလို ခင်ဗျားတို့ကို ကျွန်တော်လွှတ်တယ်။+
၄ ငွေအိတ်၊ ရိက္ခာအိတ်၊ ဖိနပ်တွေ မယူသွားပါနဲ့။+ လမ်းမှာ ဘယ်သူ့ကိုမှ နှုတ်မဆက်ပါနဲ့။
၅ အိမ်ထဲဝင်တာနဲ့ ‘ဒီအိမ်မှာ ငြိမ်သက်ခြင်းရှိပါစေ’ လို့ အရင်ပြောပါ။+
၆ အဲဒီအိမ်မှာ ငြိမ်သက်ခြင်းလိုလားသူ ရှိရင် သူ့အပေါ် ငြိမ်သက်ခြင်း တည်နေလိမ့်မယ်။ မရှိရင်တော့ ငြိမ်သက်ခြင်းက ခင်ဗျားတို့အပေါ်မှာပဲ တည်နေလိမ့်မယ်။
၇ ငြိမ်သက်ခြင်းလိုလားသူ ရှိတဲ့အိမ်မှာပဲ တည်းခိုပါ။+ အလုပ်လုပ်သူဟာ လုပ်ခရထိုက်တဲ့အတွက်+ အိမ်ရှင်ကျွေးမွေးတာကို စားသောက်ပါ။+ နောက်တစ်အိမ်ကို မပြောင်းပါနဲ့။
၈ “မြို့တစ်မြို့ထဲ ဝင်တဲ့အခါ ခင်ဗျားတို့ကို လက်ခံကြိုဆိုရင် သူတို့ တည်ခင်းတာကို စားပါ။
၉ လူနာတွေကို ကုပေးပါ။ ‘ဘုရားသခင့်နိုင်ငံတော် နီးနေပြီ’+ လို့ဟောပါ။
၁၀ မြို့တစ်မြို့ထဲ ဝင်တဲ့အခါ ခင်ဗျားတို့ကို လက်မခံရင်တော့ လမ်းမပေါ်ထွက်ပြီး၊
၁၁ ‘ကျွန်တော်တို့ခြေထောက်က ဖုန်တွေကို ခါလိုက်ပြီ။*+ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော် နီးနေပြီ ဆိုတာကိုတော့ သိထားကြပါ’ လို့ပြောပါ။
၁၂ ကျွန်တော် ပြောမယ်။ တရားစီရင်ရာနေ့မှာ အဲဒီမြို့ဟာ သောဒုံမြို့ထက် ပိုခံရလိမ့်မယ်။+
၁၃ “ခေါရာဇိန်မြို့သားတို့၊ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ဗက်ဇဲဒမြို့သားတို့၊ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့မြို့မှာ ဖြစ်ခဲ့တဲ့ တန်ခိုးကြီးလုပ်ရပ်တွေသာ တိုင်ရာနဲ့ ဆိုင်ဒုန်မြို့မှာ ဖြစ်ခဲ့ရင် ဟိုးအရင်ကတည်းက အဲဒီမြို့သားတွေ အထည်ကြမ်းကိုဝတ်၊ ပြာပေါ်ထိုင်ပြီး နောင်တရနေလောက်ပြီ။+
၁၄ တရားစီရင်ရာနေ့မှာ ခင်ဗျားတို့ဟာ တိုင်ရာနဲ့ ဆိုင်ဒုန်မြို့သားတွေထက် ပိုခံရလိမ့်မယ်။
၁၅ ကပေရနောင်မြို့သားတို့၊ ခင်ဗျားတို့ မိုးထိအောင် ချီးမြှောက်ခံရမယ်လို့များ ထင်နေသလား။ မဟုတ်ဘူး။ သင်္ချိုင်းအထိ ဆင်းသွားရမှာ။
၁၆ “ခင်ဗျားတို့ရဲ့စကားကို နားထောင်တာဟာ ကျွန်တော့်စကားကို နားထောင်တာပဲ။+ ခင်ဗျားတို့ကို အရေးမလုပ်တာဟာ ကျွန်တော့်ကို အရေးမလုပ်တာပဲ။ ကျွန်တော့်ကို အရေးမလုပ်တာဟာ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ကို အရေးမလုပ်တာပဲ။”+
၁၇ အဲဒီနောက် တပည့် ၇၀ ပြန်ရောက်လာပြီး “သခင်၊ သခင့်နာမည်ကိုသုံးပြီး နတ်ဆိုးတွေကိုတောင် ကျွန်တော်တို့ အနိုင်ရခဲ့ပြီ”+ လို့ ဝမ်းသာအားရ ပြောပြတယ်။
၁၈ အဲဒီအခါ ယေရှုက “စာတန်ဟာ လျှပ်စီးလို ကောင်းကင်ကနေ ကျသွားတာကို+ ကျွန်တော်မြင်တယ်။
၁၉ မြွေတွေ၊ ကင်းမြီးကောက်တွေကို နင်းခြေနိုင်တဲ့ တန်ခိုးအာဏာ၊ ရန်သူ့တန်ခိုးအလုံးစုံကို နှိမ်နင်းနိုင်တဲ့ တန်ခိုးအာဏာ ခင်ဗျားတို့ကို ကျွန်တော် အပ်နှင်းလိုက်ပြီ။+ ခင်ဗျားတို့ကို ဘာကမှ အန္တရာယ် မပေးနိုင်ဘူး။
၂၀ ဒါပေမဲ့ နတ်ဆိုးတွေကို အနိုင်ရလို့ ဝမ်းမသာပါနဲ့။ ကောင်းကင်မှာ နာမည်စာရင်းဝင်လို့ ဝမ်းသာကြပါ”+ လို့ပြောတယ်။
၂၁ အဲဒီအချိန်မှာပဲ ယေရှုက သန့်ရှင်းသောစွမ်းအားတော် ပြည့်ပြီး ဝမ်းသာအားရနဲ့ “မိုးမြေကိုပိုင်စိုးတဲ့ အဖ၊ ဒီအကြောင်းအရာတွေကို ဉာဏ်ကြီးရှင်တွေ၊ ပညာတတ်တွေကို+ လုံးဝ မဖော်ပြဘဲ ကလေးလို နှိမ့်ချသူတွေကို ဖော်ပြပေးတဲ့အတွက် အဖကို လူအများရှေ့မှာ ချီးမွမ်းပါတယ်။ တကယ်လည်း ဒါဟာ အဖအလိုရှိတဲ့အတိုင်းပါပဲ။+
၂၂ အဖဘုရားက ကျွန်တော့်ကို အရာခပ်သိမ်း အပ်နှင်းလိုက်ပြီ။ သားဖြစ်သူ ကျွန်တော့်အကြောင်း အဖဘုရားကလွဲလို့ ဘယ်သူမှ မသိဘူး။ အဖဘုရားအကြောင်းလည်း သားဖြစ်သူ ကျွန်တော်နဲ့+ ကျွန်တော် ဖော်ပြချင်သူတွေကလွဲလို့ ဘယ်သူမှ မသိဘူး”+ လို့ပြောတယ်။
၂၃ အဲဒီနောက် တပည့်တွေချည်းပဲရှိနေချိန်မှာ ယေရှုက “ခင်ဗျားတို့မြင်တဲ့အရာကို မြင်ရသူတွေဟာ ပျော်ရွှင်ချမ်းမြေ့သူတွေပဲ။+
၂၄ ကျွန်တော် ပြောမယ်။ ပရောဖက်တွေ၊ ဘုရင်တွေက ခင်ဗျားတို့မြင်ရတာတွေကို မြင်ချင်ပေမဲ့ မြင်ခွင့်မရခဲ့ဘူး။+ ခင်ဗျားတို့ကြားရတာတွေကို ကြားချင်ပေမဲ့ ကြားခွင့်မရခဲ့ဘူး” လို့ပြောတယ်။
၂၅ တစ်နေ့မှာ ပညတ်ကျမ်း နှံ့စပ်သူတစ်ယောက်က ယေရှုကို ပညာစမ်းချင်တော့ “ဆရာ၊ ထာဝရအသက်ရဖို့ ကျွန်တော် ဘာလုပ်ရမလဲ” လို့မေးတယ်။+
၂၆ ယေရှုက “ပညတ်ကျမ်းမှာ ဘာရေးထားသလဲ။ ခင်ဗျား ဘယ်လိုဖတ်ဖူးသလဲ” လို့ ပြန်မေးတဲ့အခါ၊
၂၇ သူက “‘ယေဟောဝါ* ဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ။’+ ပြီးတော့ ‘လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ’+ လို့ ရေးထားပါတယ်” ဆိုပြီးပြန်ဖြေတယ်။
၂၈ ယေရှုက “ခင်ဗျားဖြေတာ မှန်တယ်။ အဲဒီအတိုင်း အမြဲလုပ်ပါ။ အသက်ရလိမ့်မယ်”+ လို့ပြောလိုက်တယ်။
၂၉ ဒါပေမဲ့ အဲဒီလူက သူဖြောင့်မတ်တယ်ဆိုတာ ပြချင်တော့+ “ကျွန်တော်ချစ်ရမယ့် လူသားချင်းဟာ ဘယ်သူလဲ” လို့မေးတယ်။
၃၀ ဒါနဲ့ ယေရှုက “လူတစ်ယောက်က ဂျေရုဆလင်မြို့ကနေ ယေရိခေါမြို့ကို ဆင်းသွားတဲ့အခါ လမ်းမှာ ဓားပြတွေနဲ့ တိုးတယ်။ ဓားပြတွေက သူ့အဝတ်ပါမကျန် ချွတ်ယူကြတယ်။ သူ့ကို ရိုက်နှက်ပြီး သေလုမြောပါး ဖြစ်တော့မှ ပစ်ထားခဲ့ကြတယ်။
၃၁ တိုက်တိုက်ဆိုင်ဆိုင် ပုရောဟိတ်တစ်ယောက် အဲဒီလမ်းအတိုင်း ဆင်းလာတယ်။ သူ့ကိုမြင်တော့ လမ်းတစ်ဖက်ကို ရှောင်သွားတယ်။
၃၂ လေဝိအမျိုးသားတစ်ယောက်လည်း အဲဒီနေရာကို ရောက်လာပြီး သူ့ကိုမြင်တော့ လမ်းတစ်ဖက်ကို ရှောင်သွားတယ်။
၃၃ ရှမာရိလူတစ်ယောက်လည်း+ အဲဒီလမ်းအတိုင်း ခရီးနှင်လာတယ်။ သူ့ကိုတွေ့တဲ့အခါ သနားသွားတယ်။
၃၄ ဒါနဲ့ သူ့အနားသွားပြီး ဒဏ်ရာတွေကို ဆီနဲ့ဝိုင် လိမ်းပေးတယ်။ ပတ်တီးစည်းပေးတယ်။ ပြီးတော့ မြည်းပေါ်တင်၊ ဧည့်ရိပ်သာဆီ ခေါ်သွားပြီး ပြုစုတယ်။
၃၅ နောက်တစ်နေ့မှာ ရှမာရိလူက ဧည့်ရိပ်သာပိုင်ရှင်ကို ဒေနာရိ* နှစ်ပြားထုတ်ပေးပြီး ‘ဒီလူကို ပြုစုထားပေးပါ။ နောက်ထပ်ကုန်ကျသမျှကို ကျွန်တော် ပြန်လာတဲ့အခါ ပေးပါ့မယ်’ လို့ မှာခဲ့တယ်။
၃၆ ဒီတော့ အဲဒီလူသုံးယောက်မှာ ဓားပြတိုက်ခံရသူကို လူသားချင်းချစ်တဲ့ မေတ္တာပြတာ ဘယ်သူလို့ ခင်ဗျားထင်သလဲ”+ လို့မေးတဲ့အခါ၊
၃၇ “သနားစိတ်နဲ့ ကူညီတဲ့သူပေါ့”+ လို့ သူဖြေတယ်။ ယေရှုက “ခင်ဗျားလည်း သွားပြီး အဲဒီအတိုင်း လုပ်ပါ”+ လို့ပြောတယ်။
၃၈ ဒီလိုနဲ့ ခရီးဆက်ရင်း ရွာတစ်ရွာကို ရောက်လာတယ်။ မာသလို့ခေါ်တဲ့+ အမျိုးသမီးက ယေရှုကို သူ့အိမ်မှာ ကြိုဆိုဧည့်ခံတယ်။
၃၉ သူ့မှာ မာရိလို့ခေါ်တဲ့ ညီမတစ်ယောက် ရှိတယ်။ မာရိက ယေရှုရဲ့ခြေရင်းမှာ ထိုင်ပြီးသွန်သင်ပေးသမျှကို နားထောင်နေတယ်။
၄၀ မာသကတော့ ဧည့်ဝတ်ပြုဖို့အတွက် ဗျာများနေတယ်။ ဒါကြောင့် ယေရှုဆီ လာပြီး “သခင်၊ ညီမလေးက ကျွန်မကို ဒိုင်ခံလုပ်ခိုင်းနေတာ။ ဒီအတိုင်း ကြည့်နေတော့မှာလား။ ကျွန်မကို ဝိုင်းကူဖို့ ပြောပေးပါဦး” လို့ပြောတယ်။
၄၁ အဲဒီအခါ ယေရှုက “မာသက များများစားစား မလုပ်နိုင်မှာကို စိတ်ပူပြီး ဗျာများနေတာကိုး။
၄၂ တကယ်တော့ များများစားစား မလိုပါဘူး။ တစ်မျိုးတည်းဆိုရင်လည်း ဖြစ်ပါတယ်။ မာရိကတော့ အကောင်းဆုံးကို ရွေးလိုက်ပြီ။+ အဲဒါကို သူ့ဆီကနေ ဘယ်သူမှ လုယူလို့မရဘူး” လို့ပြောတယ်။
အောက်ခြေမှတ်ချက်များ
^ တာဝန်ကျေခဲ့ပြီဆိုတာကို ဖော်ပြတဲ့ အပြုအမူဖြစ်။
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။