လုကာ ၁၃:၁-၃၅

  • နောင်တမရရင် ဖျက်ဆီးခံရ (၁-၅)

  • အသီးမသီးတဲ့သဖန်းပင် ဥပမာ (၆-၉)

  • ခါးကိုင်းနေတဲ့ အမျိုးသမီးကို ဥပုသ်နေ့မှာ ကုသပေး (၁၀-၁၇)

  • မုန်ညင်းစေ့နဲ့ တဆေးဥပမာ (၁၈-၂၁)

  • ကျဉ်းတဲ့တံခါးကို ဝင်ဖို့ အားထုတ်ရ (၂၂-၃၀)

  • “အဲဒီမြေခွေး” ဟေရုဒ် (၃၁-၃၃)

  • ဂျေရုဆလင်အတွက် ယေရှုငိုညည်း (၃၄၊ ၃၅)

၁၃  အဲဒီအခါ လူတချို့ရောက်လာပြီး ပူဇော်သက္ကာ ဆက်သနေတဲ့ ဂါလိလဲလူတချို့ကို ပိလတ်မင်း သတ်လိုက်တဲ့အကြောင်း  ယေရှုကို သတင်းပေးကြတယ်။ ၂  ယေရှုက  “အဲဒီ ဂါလိလဲလူတွေဟာ တခြားဂါလိလဲလူတွေထက် အပြစ်ကြီးတဲ့အတွက် အဲဒီလိုခံရတာလို့  ခင်ဗျားတို့  ထင်နေသလား။ ၃  မဟုတ်ဘူးလို့ ကျွန်တော်ပြောမယ်။ ခင်ဗျားတို့လည်း နောင်တမရရင်  ဖျက်ဆီးခံရမှာပဲ။+ ၄  ရှိလောင်မျှော်စင် ပြိုလဲလို့  ပိသေသွားတဲ့  လူ ၁၈ ယောက်ကရော။ ဂျေရုဆလင်မြို့မှာနေတဲ့ လူတွေထက် သူတို့ ပိုအပြစ်ကြီးတယ်လို့ ခင်ဗျားတို့ ထင်နေသလား။ ၅  မဟုတ်ဘူးလို့ ကျွန်တော်ပြောမယ်။ ခင်ဗျားတို့လည်း နောင်တမရရင် ဖျက်ဆီးခံရမှာပဲ” လို့ပြောတယ်။ ၆  အဲဒီနောက်  ယေရှုက  ပုံဥပမာတစ်ခု ပြောပြတယ်– “လူတစ်ယောက်ရဲ့စပျစ်ခြံမှာ သဖန်းပင်တစ်ပင် ရှိတယ်။ အဲဒီအပင်မှာ အသီးများရှိမလား သူလာကြည့်တဲ့အခါ တစ်လုံးမှ မတွေ့ဘူး။+ ၇  ဒါနဲ့ ခြံစောင့်ကို ‘ဒီသဖန်းပင်ကို ငါလာကြည့်တာ သုံးနှစ်တောင် ရှိပြီ။ အသီးတစ်လုံးမှ မသီးဘူးဆိုတော့ ခုတ်ပစ်လိုက်။ မြေကြီး အလကားဖြစ်တာပဲ အဖတ်တင်တယ်’ လို့ပြောတယ်။ ၈  ခြံစောင့်က ‘သခင်၊ ဒီနှစ်တော့ နေပါစေဦး။ အပင်ပတ်လည်ကို တူးဆွပြီး မြေဩဇာ ထည့်ကြည့်ဦးမယ်။ ၉  အသီး သီးတန်ကောင်းပါရဲ့။ နောက်နှစ်မှ မသီးရင်တော့ ခုတ်ပစ်တာပေါ့’+ လို့ ပြောတယ်။” ၁၀  ဥပုသ်နေ့မှာ ယေရှုက တရားဇရပ်တစ်ခုမှာ  သွန်သင်ပေးနေတယ်။ ၁၁  အဲဒီမှာ နတ်ဆိုးပူးနေတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်။ နတ်ဆိုးက ၁၈ နှစ်ပတ်လုံး မမာမကျန်း ဖြစ်စေတဲ့အတွက် သူ့ခမျာ ခါးကို မတ်မတ်ထားလို့မရဘဲ ကုန်းနေတယ်။ ၁၂  ယေရှုက သူ့ကိုမြင်တဲ့အခါ “အစ်မကြီး၊ ခင်ဗျား ခံစားနေရတဲ့  ဝေဒနာကနေ လွတ်ကင်းပြီ”+ လို့ပြောပြီး၊ ၁၃  သူ့အပေါ် လက်တင်လိုက်တဲ့အခါ ချက်ချင်းပဲ သူက ခါးကိုမတ်ပြီး ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းတော့တယ်။ ၁၄  ဥပုသ်နေ့မှာ လူနာကို ယေရှု ကုသပေးတဲ့အတွက် တရားဇရပ်မှူးက စိတ်ဆိုးပြီး “အလုပ်လုပ်ရတဲ့ရက် ခြောက်ရက် ရှိတာပဲ။+ ရောဂါပျောက်ချင်ရင် အဲဒီနေ့တွေမှာ လာကြ။ ဥပုသ်နေ့မှာ မလာကြနဲ့”+ လို့ လူတွေကို ပြောတယ်။ ၁၅  အဲဒီအခါ  သခင်ယေရှုက  “သူတော်ကောင်း  ယောင်ဆောင်သူတို့၊+ ခင်ဗျားတို့က ဥပုသ်နေ့မှာ နွားမြည်းတွေကို တင်းကုပ်ကနေ လွှတ်ပေးပြီး ရေတိုက်ဖို့ ခေါ်သွားတတ်တယ် မဟုတ်လား။+ ၁၆  အာဗြဟံရဲ့သမီးဖြစ်တဲ့ ဒီအမျိုးသမီးဟာ ၁၈ နှစ်လုံးလုံး စာတန်ရဲ့ အချုပ်အနှောင်ကို ခံနေရတာ။ သူ့ကို ဥပုသ်နေ့မှာ အချုပ်အနှောင်ကနေ မလွှတ်ပေးသင့်ဘူးလား” လို့ပြောလိုက်တော့၊ ၁၇  ယေရှုကို ဆန့်ကျင်သူတွေ အရှက်ကွဲသွားတယ်။ ကျန်တဲ့လူတွေကတော့ ယေရှုလုပ်သမျှ အံ့ဖွယ်အမှုတွေကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်။+ ၁၈  ဒါကြောင့် ယေရှုက “ဘုရားသခင့်နိုင်ငံတော်ဟာ ဘာနဲ့တူသလဲ။ ဘာနဲ့ခိုင်းနှိုင်းရင်  ကောင်းမလဲ။ ၁၉  ဘုရားသခင့်  နိုင်ငံတော်ဟာ မုန်ညင်းစေ့နဲ့* တူတယ်။ မုန်ညင်းစေ့ကို ခြံထဲမှာ စိုက်လိုက်တဲ့အခါ အစေ့ဟာ အပင်ပေါက်ပြီး ကြီးထွားလာတယ်။ အပင်ရဲ့ အကိုင်းအခက်တွေမှာ ပျံသန်းတဲ့ငှက်တွေ နားနေမှီခိုကြတယ်”+ လို့ပြောတယ်။ ၂၀  အဲဒီအပြင် ယေရှုက “ဘုရားသခင့် နိုင်ငံတော်ကို ဘာနဲ့ခိုင်းနှိုင်းရင် ကောင်းမလဲ။ ၂၁  ဘုရားသခင်ရဲ့နိုင်ငံတော်ဟာ တဆေးနဲ့တူတယ်။ ဂျုံမှုန့် သုံးတောင်းထဲ* တဆေးထည့်ပြီး နယ်လိုက်တဲ့အခါ မုန့်ညက်တစ်ပုံလုံး ဖောင်းကြွလာတယ်”+ လို့ပြောတယ်။ ၂၂  အဲဒီနောက် ယေရှုက ဂျေရုဆလင်မြို့ကို  သွားတဲ့အခါ  လမ်းတစ်လျှောက်မှာရှိတဲ့ မြို့ရွာတွေကို ဖြတ်သွားရင်း လူတွေကို သွန်သင်ပေးတယ်။ ၂၃  လူတစ်ယောက်က “သခင်၊ ကယ်တင်ခံရမယ့်သူတွေ နည်းတယ်ဆိုတာ တကယ်လား”  လို့မေးတော့ ယေရှုက၊ ၂၄  “ကျဉ်းတဲ့တံခါးကနေ ဝင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပါ။+ ကျွန်တော်ပြောမယ်။ လူအတော်များများ ဝင်ဖို့ကြိုးစားပေမဲ့ မဝင်နိုင်ကြဘူး။ ၂၅  အိမ်ရှင်  တံခါးပိတ်ပြီးခါမှ  ခင်ဗျားတို့က အပြင်ကနေ တံခါးခေါက်ပြီး ‘သခင်၊ တံခါးဖွင့်ပေးပါဦး’+ လို့ပြောရင် အိမ်ရှင်က ‘ခင်ဗျားတို့ ဘယ်ကလဲ။ ကျုပ်မသိဘူး’ လို့ပြောလိမ့်မယ်။ ၂၆  ခင်ဗျားတို့က  ‘သခင်နဲ့အတူ  ကျွန်တော်တို့ စားသောက်ခဲ့ဖူးတယ်လေ။ လမ်းမတွေမှာ ကျွန်တော်တို့ကို သခင် သွန်သင်ပေးဖူးတယ်လေ’+  လို့ ပြောကြလိမ့်မယ်။ ၂၇  ဒါပေမဲ့ အိမ်ရှင်က ‘ခင်ဗျားတို့ ဘယ်ကလဲ။ ကျုပ်မသိဘူး။ မဖြောင့်မတ်တဲ့လူတွေ၊ ကျုပ်ဆီက ထွက်သွားကြ’ ဆိုပြီးပြောလိမ့်မယ်။ ၂၈  အပြင်ကို နှင်ထုတ်ခံထားရတဲ့  ခင်ဗျားတို့ဟာ ဘုရားသခင့် နိုင်ငံတော်မှာ အာဗြဟံ၊ အိဇက်၊  ယာကုပ်နဲ့  ပရောဖက်တွေကို  မြင်ရတဲ့အခါ ငိုကြွေးပြီး အံကြိတ်ခံပြင်းနေလိမ့်မယ်။+ ၂၉  အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကလာတဲ့ လူတွေ ဘုရားသခင့် နိုင်ငံတော်မှာ ထိုင်ပြီး စားသောက်ကြလိမ့်မယ်။ ၃၀  နောက်ဆုံးက လူတချို့ ရှေ့ဆုံးကို ရောက်လိမ့်မယ်။ ရှေ့ဆုံးက လူတချို့ နောက်ဆုံးကို ရောက်လိမ့်မယ်”+ လို့ပြောတယ်။ ၃၁  အဲဒီအချိန်မှာပဲ  ဖာရိရှဲတချို့ ရောက်လာပြီး “ဟေရုဒ်မင်းက ခင်ဗျားကို သတ်ချင်နေတယ်။ ဒီကနေ ထွက်သွားပါ” လို့ပြောတယ်။ ၃၂  ယေရှုက “‘ဒီနေ့နဲ့ မနက်ဖြန်တော့ နတ်ဆိုးတွေကို နှင်ထုတ်ပြီး ရောဂါကုပေးလိုက်ဦးမယ်။ သန်ဘက်ခါကျမှ အလုပ်ပြီးမှာ’ လို့ အဲဒီမြေခွေးကို  သွားပြောလိုက်ပါ။ ၃၃  ကျွန်တော်က ဒီနေ့၊ မနက်ဖြန်၊ သန်ဘက်ခါ ခရီးဆက်ရဦးမယ်။ ပရောဖက်မှန်ရင် ဂျေရုဆလင်မြို့ပြင်မှာ အသတ်ခံဖို့မဖြစ်နိုင်ဘူး။+ ၃၄  ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ မင်းဟာ ပရောဖက်တွေကို သတ်တဲ့မြို့၊ ဘုရား လွှတ်လိုက်သူတွေကို ခဲနဲ့ပေါက်တဲ့မြို့ပဲ။+ ကြက်မက ကြက်ပေါက်လေးတွေကို အတောင်အောက်မှာ စုရုံးသလို မင်းရဲ့ သားသမီးတွေကိုလည်း စုရုံးဖို့ ငါအကြိမ်ကြိမ် ကြိုးစားသေးတယ်။  ဒါပေမဲ့  မင်းကမှ လက်မခံတာ။+ ၃၅  မင်းရဲ့အိမ်တော်ဟာ စွန့်ပစ်ခံရလိမ့်မယ်။+ ငါပြောမယ်။ ‘ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ’  ဆိုပြီး  မင်းမပြောမချင်း ငါ့ကို လုံးဝမြင်ရမှာ မဟုတ်ဘူး”+ လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

ပါလက်စတိုင်းဒေသမှာ တွေ့ရတဲ့ မျိုးစေ့တစ်မျိုး။ အပင်က ၁၅ ပေအထိ မြင့်နိုင်။
မူရင်း၊ “သုံးဆီယာ။” တစ်ဆီယာက ၇.၃၃ လီတာဆံ့တဲ့ပုံး တစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။