လုကာ ၁၄:၁-၃၅
၁၄ ဥပုသ်နေ့တစ်နေ့မှာ ယေရှုက ဖာရိရှဲခေါင်းဆောင်တစ်ယောက်ရဲ့ အိမ်ကို ဝင်ပြီး စားသောက်တယ်။ အဲဒီမှာရှိတဲ့ လူတွေက ယေရှုကို အသေအချာ စောင့်ကြည့်နေကြတယ်။
၂ ရေဖျဉ်းစွဲပြီး ဖောရောင်နေသူတစ်ယောက် ရှေ့မှာရှိနေတယ်။
၃ ယေရှုက “ဥပုသ်နေ့မှာ ရောဂါကုပေးသင့်သလား၊ မကုပေးသင့်ဘူးလား” ဆိုပြီး မေးတော့+ ပညတ်ကျမ်းနှံ့စပ်သူတွေနဲ့ ဖာရိရှဲတွေက၊
၄ ဘာမှ ပြန်မဖြေကြဘူး။ ယေရှုက အဲဒီလူအပေါ် လက်တင်ပြီး ကုသပေးတယ်။ ပြီးတော့ ပြန်ခိုင်းလိုက်တယ်။
၅ အဲဒီနောက် ယေရှုက “ခင်ဗျားတို့ရဲ့သား ဒါမှမဟုတ် နွားက ဥပုသ်နေ့မှာ တွင်းထဲကျသွားရင်+ ချက်ချင်း မဆွဲတင်မယ့်သူ ရှိသလား” လို့ မေးတော့၊+
၆ သူတို့ ပြန်မဖြေနိုင်ကြဘူး။
၇ ဖိတ်ခေါ်ခံရသူတွေက အထင်ပေါ်ဆုံးနေရာကို ရွေးထိုင်ကြမှန်း+ ယေရှု သတိထားမိတဲ့အတွက် ဒီပုံဥပမာကို ပြောပြတယ်–
၈ “တစ်ယောက်ယောက်က ခင်ဗျားတို့ကို မင်္ဂလာပွဲတက်ဖို့ ဖိတ်ခေါ်တဲ့အခါ အထင်ပေါ်ဆုံးနေရာမှာ မထိုင်ပါနဲ့။+ အိမ်ရှင်က ခင်ဗျားတို့ထက် ပိုအရေးပါသူကို ဖိတ်ထားတယ်ဆိုရင်၊
၉ ခင်ဗျားတို့ဆီ လာပြီး ‘သူ့ကို ဒီနေရာပေးလိုက်ပါ’ လို့ပြောလိမ့်မယ်။ အဲဒီအခါ ရှက်ရှက်နဲ့ထပြီး နောက်ဆုံးနေရာကို ပြောင်းထိုင်ရလိမ့်မယ်။
၁၀ ခင်ဗျားတို့ ဖိတ်ခေါ်ခံရတဲ့အခါ နောက်ဆုံးနေရာမှာ သွားထိုင်ပါ။ အဲဒီအခါ အိမ်ရှင်က လာပြီး ‘မိတ်ဆွေ၊ ရှေ့ကို ကြွပါ’ လို့ပြောလိမ့်မယ်။ ခင်ဗျားလည်း ဧည့်သည်အားလုံးရှေ့မှာ ဂုဏ်တက်လိမ့်မယ်။+
၁၁ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရမယ်။ နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရမယ်။”+
၁၂ အဲဒီနောက် ယေရှုက ဖိတ်ခေါ်တဲ့အိမ်ရှင်ကို “နေ့လယ်စာဖြစ်ဖြစ်၊ ညစာဖြစ်ဖြစ် တည်ခင်းကျွေးမွေးတဲ့အခါ ကိုယ့်မိတ်ဆွေ၊ ဆွေမျိုးသားချင်း၊ ချမ်းသာတဲ့ အိမ်နီးချင်းတွေကို မဖိတ်ပါနဲ့။ အဲဒီလိုဖိတ်ရင် သူတို့က ခင်ဗျားကို ပြန်ဖိတ်ပြီး ဧည့်ခံကျွေးမွေးလိမ့်မယ်။
၁၃ စားသောက်ပွဲ တည်ခင်းတဲ့အခါ နွမ်းပါးသူတွေ၊ မသန်စွမ်းသူတွေ၊ ခြေမသန်သူတွေ၊ မျက်မမြင်တွေကို ဖိတ်ပါ။+
၁၄ သူတို့ဟာ ကျေးဇူးပြန်မဆပ်နိုင်သူတွေဖြစ်လို့ ခင်ဗျား ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။ ဖြောင့်မတ်သူတွေ ရှင်ပြန်ထမြောက်ချိန်ရောက်ရင်+ ခင်ဗျား ကျေးဇူးဆပ်ခံရလိမ့်မယ်” လို့ပြောတယ်။
၁၅ အတူစားသောက်နေတဲ့ ဧည့်သည်တစ်ယောက်က ယေရှုပြောတာကို ကြားတဲ့အခါ “ဘုရားသခင့် နိုင်ငံတော်မှာ စားသုံးရမယ့်သူဟာ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ပြောတယ်။
၁၆ အဲဒီအခါ ယေရှု ပြန်ပြောလိုက်တာက– “လူတစ်ယောက်ဟာ စားသောက်ပွဲကြီး တည်ခင်းပြီး+ လူအများကြီးကို ဖိတ်ခေါ်တယ်။
၁၇ စားသောက်ချိန်ရောက်တော့ ဖိတ်ခေါ်ထားသူတွေဆီ ကျွန်ကိုလွှတ်ပြီး ‘လာကြပါ၊ အားလုံးအသင့်ဖြစ်နေပြီ’ လို့ပြောခိုင်းလိုက်တယ်။
၁၈ ဒါပေမဲ့ သူတို့အားလုံးက မလာနိုင်တဲ့အကြောင်း တစ်ယောက်တစ်မျိုး ဆင်ခြေပေးကြတယ်။+ တစ်ယောက်က ‘ကျွန်တော် လယ်တစ်ကွက် ဝယ်ထားလို့ သွားကြည့်ရဦးမယ်။ မလာနိုင်တာကို စိတ်မရှိပါနဲ့’ လို့ပြောတယ်။
၁၉ နောက်တစ်ယောက်က ‘ကျွန်တော် နွားငါးရှဉ်း ဝယ်ထားလို့ သွားပြီး အစမ်းခိုင်းကြည့်ဦးမယ်။ မလာနိုင်တာကို စိတ်မရှိပါနဲ့’ လို့ပြောတယ်။+
၂၀ နောက်တစ်ယောက်ကလည်း ‘ကျွန်တော် လက်ထပ်ပြီးခါစမို့လို့ မလာနိုင်ပါဘူး’ လို့ ပြောတယ်။
၂၁ ကျွန်က ပြန်လာပြီး သခင်ကို အကြောင်းစုံ ပြောပြတယ်။ သခင်က ဒေါသထွက်ပြီး ‘လမ်းမတွေ၊ လမ်းသွယ်တွေဆီ အမြန်သွား။ နွမ်းပါးသူတွေ၊ မသန်စွမ်းသူတွေ၊ မျက်မမြင်တွေ၊ ခြေမသန်သူတွေကို ခေါ်လာခဲ့’ လို့ပြောတယ်။
၂၂ ကျွန်က ပြန်ရောက်လာပြီး ‘သခင်မှာတဲ့အတိုင်း ကျွန်တော် လုပ်ပြီးပါပြီ။ ဒါပေမဲ့ နေရာလွတ်တွေ ရှိပါသေးတယ်’ လို့ပြောတော့၊
၂၃ သခင်က ‘မြို့ပြင်လမ်းမတွေ၊ လမ်းကြိုလမ်းကြားတွေဆီ သွားပြီး ငါ့အိမ်ပြည့်သွားအောင် လူတွေကို ရအောင်ခေါ်လာခဲ့။+
၂၄ မင်းတို့ကို ငါပြောမယ်။ ငါဖိတ်ထားတဲ့သူတွေ တစ်ယောက်မှ စားသောက်ပွဲကို မလာစေနဲ့’ လို့ပြောတယ်။”+
၂၅ အဲဒီနောက် ယေရှု ခရီးသွားတဲ့အခါ လူတွေအများကြီး လိုက်ပါလာတယ်။ ယေရှုက သူတို့ကို လှည့်ကြည့်ပြီး အခုလိုပြောတယ်–
၂၆ “လူတစ်ယောက်က ကျွန်တော့်ဆီတော့ လာပါရဲ့။ ဒါပေမဲ့ မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမနဲ့ ကိုယ့်အသက်ကို ပိုချစ်နေရင်*+ သူဟာ ကျွန်တော့်တပည့် မဖြစ်နိုင်ဘူး။+
၂၇ ဒုက္ခသစ်တိုင်ကို* ထမ်းပြီး ကျွန်တော့်နောက် မလိုက်တဲ့သူဟာ ကျွန်တော့်တပည့် မဖြစ်နိုင်ဘူး။+
၂၈ ခင်ဗျားတို့ထဲက တစ်ယောက်ဟာ မျှော်စင်ဆောက်မယ်ဆိုရင် ပြီးအောင်ဆောက်ဖို့ ငွေလောက်၊ မလောက် အရင်ဆုံးထိုင်ပြီး ကုန်ကျစရိတ်ကို တွက်ချက်မယ်မဟုတ်လား။
၂၉ အဲဒီလိုသာ မတွက်ရင် အုတ်မြစ်ချပေမဲ့ အပြီးသတ်နိုင်မှာ မဟုတ်ဘူး။ ဒါကို မြင်တဲ့သူတွေက၊
၃၀ ‘ဒီလူ စတော့ ဆောက်ပါရဲ့။ အပြီးမသတ်နိုင်တော့ဘူး’ ဆိုပြီး လှောင်ပြောင်ကြလိမ့်မယ်။
၃၁ ဘုရင်တစ်ပါးက တခြားဘုရင်နဲ့ စစ်တိုက်မယ်ဆိုပါစို့။ စစ်သည်အင်အား ၂၀,၀၀၀ နဲ့ ချီတက်လာတဲ့ဘုရင်ကို စစ်သည် ၁၀,၀၀၀ နဲ့ ခုခံနိုင်မနိုင် အရင်ဆုံးထိုင်ပြီး တိုင်ပင်မယ်မဟုတ်လား။
၃၂ မခုခံနိုင်မှန်းသိရင် စစ်ချီလာတဲ့ဘုရင် အဝေးမှာရှိနေတုန်း သံတမန်တွေ လွှတ်ပြီး စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းမှာပဲ။
၃၃ ခင်ဗျားတို့လည်း ကိုယ်ပိုင်ဆိုင်သမျှကို မစွန့်လွှတ်နိုင်ဘူးဆိုရင် ကျွန်တော့်တပည့် မဖြစ်နိုင်ဘူး။+
၃၄ “ဆားဟာ ကောင်းပါတယ်။ ဒါပေမဲ့ ဆားမှာ အငန်ဓာတ် မရှိတော့ရင် ပြန်ငန်အောင် လုပ်လို့ရသလား။+
၃၅ အဲဒီဆားဟာ မြေအတွက်၊ မြေသြဇာအတွက် အသုံးမဝင်တော့တာမို့ လွှင့်ပစ်လိုက်ရတာပဲ။ နားရှိတဲ့သူ ကြားပါစေ။”+