လုကာ ၁၅:၁-၃၂
၁၅ အခွန်ခံတွေနဲ့ အပြစ်သားတွေက ယေရှုရဲ့စကားကို နားထောင်ဖို့ စုရုံးရောက်လာကြတယ်။+
၂ ဖာရိရှဲနဲ့ ကျမ်းတတ်တွေက “ဒီလူဟာ အပြစ်သားတွေကို ကြိုဆိုလက်ခံတဲ့အပြင် သူတို့နဲ့အတူ စားသောက်နေပါလား” ဆိုပြီး မကျေမနပ် ပြောကြတယ်။
၃ အဲဒီအခါ ယေရှုက ပုံဥပမာသုံးပြီး အခုလိုပြောတယ်–
၄ “ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ဆီမှာ သိုးအကောင် ၁၀၀ ရှိပြီး တစ်ကောင်ပျောက်သွားတယ် ဆိုပါစို့။ ကျန်တဲ့သိုး ၉၉ ကောင်ကို တောမှာ ထားခဲ့ပြီး ပျောက်သွားတဲ့သိုးကိုမတွေ့မချင်း လိုက်ရှာမယ် မဟုတ်လား။+
၅ ရှာတွေ့တဲ့အခါ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပခုံးပေါ် ထမ်းလာတာပဲ။
၆ အိမ်ရောက်တော့ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေကို ခေါ်ပြီး ‘ပျောက်တဲ့သိုးကို ပြန်တွေ့ပြီ။ ကျွန်တော်နဲ့အတူ ဝမ်းမြောက်ကြပါ’+ လို့ပြောတတ်တယ်။
၇ အလားတူပဲ။ ကျွန်တော်ပြောမယ်။ ဖြောင့်မတ်ပြီး နောင်တရစရာ အကြောင်းမရှိတဲ့လူ ၉၉ ယောက်အတွက် ဝမ်းမြောက်တာထက် နောင်တရတဲ့အပြစ်သား+ တစ်ယောက်အတွက် ကောင်းကင်မှာ ပိုလို့တောင် ဝမ်းမြောက်ကြလိမ့်မယ်။
၈ “အမျိုးသမီးတစ်ယောက်မှာ ဒရက်မာ* ဆယ်ပြားရှိတာ တစ်ပြားပျောက်သွားတယ် ဆိုပါစို့။ အဲဒီအခါ မီးခွက်ကိုထွန်း၊ အိမ်ကို လှည်းကျင်းပြီး မတွေ့မချင်း စေ့စေ့စပ်စပ်ရှာမယ်မဟုတ်လား။
၉ ရှာတွေ့တဲ့အခါ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေကို ခေါ်ပြီး ‘ပျောက်သွားတဲ့ ဒရက်မာတစ်ပြားကို ပြန်တွေ့ပြီ။ ကျွန်မနဲ့အတူ ဝမ်းမြောက်ကြပါ’ လို့ပြောတတ်တယ်။
၁၀ အလားတူပဲ။ ကျွန်တော်ပြောမယ်။ အပြစ်သားတစ်ယောက်+ နောင်တရတဲ့အခါ ဘုရားသခင့် ကောင်းကင်တမန်တွေ ဝမ်းမြောက်ကြတယ်။”
၁၁ အဲဒီနောက် ယေရှု ပြောတာက– “လူတစ်ယောက်မှာ သားနှစ်ယောက် ရှိတယ်။
၁၂ သားငယ်က ‘အဖေ၊ ကျွန်တော်ရမယ့်အမွေ ခွဲပေးပါ’ လို့တောင်းတဲ့အခါ အဖေက အမွေခွဲပေးလိုက်တယ်။
၁၃ ရက်အနည်းငယ်ကြာတော့ သားငယ်က အမွေဥစ္စာရှိသမျှကို ယူပြီး တိုင်းတစ်ပါးကို ထွက်သွားတယ်။ အဲဒီမှာ အပျော်အပါး လိုက်စားပြီး ပိုင်ဆိုင်သမျှကို သုံးဖြုန်းပစ်တယ်။
၁၄ ဒီလိုနဲ့ ရှိသမျှကုန်သွားတဲ့အပြင် အဲဒီပြည်မှာ အကြီးအကျယ် အငတ်ဘေးဆိုက်တဲ့အတွက် သူငတ်ပြတ်နေတော့တယ်။
၁၅ ဒါနဲ့ ပြည်သားတစ်ယောက်ဆီ သွားပြီး အတင်းခိုကပ်နေတော့ အဲဒီလူက သူ့ကို လယ်တောမှာ ဝက်ကျောင်းခိုင်းတယ်။+
၁၆ သူဟာ ဝက်တွေစားတဲ့ ပဲတောင့်ကိုတောင် စားချင်စိတ်ပေါက်လာတယ်။ ဘယ်သူမှ သူ့ကို စားစရာ မပေးကြဘူး။
၁၇ “သူ အသိတရားရလာတဲ့အခါ ‘ငါ့အဖေရဲ့ အလုပ်သမားတွေဟာ ဝဝလင်လင် စားရတယ်။ ငါ့မှာတော့ ငတ်လို့ သေရတော့မယ်။
၁၈ အခု၊ အဖေ့ဆီ ပြန်ပြီး “အဖေ၊ ကျွန်တော်ဟာ ကောင်းကင်မှာစံမြန်းတဲ့ ဘုရားသခင်ကိုရော အဖေ့ကိုပါ ပြစ်မှားပါပြီ။
၁၉ အဖေ့သားလို့တောင် အခေါ်မခံထိုက်တော့ပါဘူး။ အဖေ့ဆီမှာ အလုပ်သမားအနေနဲ့ နေခွင့်ပေးပါ” လို့ ပြောကြည့်မယ်’ ဆိုပြီးတွေးမိတယ်။
၂၀ ဒါနဲ့ ထပြီး ဖခင်ဆီ သွားတယ်။ ဖခင်က သားကို အဝေးကနေ လှမ်းမြင်တဲ့အခါ သနားစိတ် ယိုဖိတ်လာတော့ ပြေးဖက်ပြီး နမ်းတယ်။
၂၁ သားကလည်း ‘အဖေ၊ ကျွန်တော်ဟာ ကောင်းကင်မှာစံမြန်းတဲ့ ဘုရားသခင်ကိုရော အဖေ့ကိုပါ ပြစ်မှားပါပြီ။+ အဖေ့သားလို့တောင် အခေါ်မခံထိုက်တော့ပါဘူး’ လို့ပြောတယ်။
၂၂ အဲဒီအခါ ဖခင်က ကျွန်တွေကို ‘အကောင်းဆုံးဝတ်လုံကို မြန်မြန်ယူလာပြီး သူ့ကိုဝတ်ပေးကြ။ လက်စွပ်စွပ်ပေးပြီး ဖိနပ်စီးပေးကြ။
၂၃ ဆူဖြိုးတဲ့ နွားကလေးကို ယူပြီး သတ်ကြ။ စားသောက်ပွဲ လုပ်ကြရအောင်။
၂၄ ဘာကြောင့်လဲဆိုတော့ ငါ့သားဟာ သေရာကနေ ပြန်ရှင်လာပြီ။+ ပျောက်သွားပြီးမှ ပြန်တွေ့တာ’ လို့ပြောပြီး တပျော်တပါး စားသောက်ကြတယ်။
၂၅ “သားကြီးကတော့ လယ်မှာရှိနေတယ်။ သူပြန်လာပြီး အိမ်ရောက်ခါနီးမှာ တီးမှုတ်ကခုန်သံကို ကြားတော့၊
၂၆ အစေခံတစ်ယောက်ကို ခေါ်ပြီး အကျိုးအကြောင်း မေးမြန်းတယ်။
၂၇ အစေခံက ‘သခင့်ညီလေး ပြန်လာတယ်။ ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာလို့ သခင့်အဖေက ဆူဖြိုးတဲ့နွားလေးကို သတ်ပါတယ်’ လို့ဖြေတယ်။
၂၈ သားကြီးက စိတ်ဆိုးပြီး အိမ်ထဲ မဝင်ဘူး။ အဲဒီအခါ ဖခင်က ထွက်လာပြီး ဖျောင်းဖျတယ်။
၂၉ သားကြီးက ‘ကျွန်တော် နှစ်ပေါင်းများစွာ အဖေ့ဆီမှာ အစေခံခဲ့တယ်။ အဖေ့စကားကိုလည်း တစ်ခါမှ မလွန်ဆန်ခဲ့ဘူး။ ဒါပေမဲ့ အဖေက ကျွန်တော့်ကို သူငယ်ချင်းတွေနဲ့အတူ စားသောက်ပွဲလုပ်ဖို့ ဆိတ်ကလေး တစ်ကောင်တောင် မပေးဖူးဘူး။
၃၀ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးပြီး အဖေ့စည်းစိမ်ကို သုံးဖြုန်းတဲ့ ဒီသားလည်း ရောက်လာရော ဆူဖြိုးတဲ့ နွားလေးကို သတ်တယ်ပေါ့’ လို့ပြောတယ်။
၃၁ ဖခင်က ‘သားရယ်၊ မင်းက အဖေနဲ့အတူ အမြဲရှိနေတာပဲ။ အဖေ့ရဲ့ ဥစ္စာရှိသမျှဟာ မင်းရဲ့ဥစ္စာတွေပဲလေ။
၃၂ မင်းရဲ့ညီလေးကတော့ သေရာကနေ ပြန်ရှင်လာတာပါ။ ပျောက်သွားပြီးမှ ပြန်တွေ့တာပါ။ ဒါကြောင့် ပျော်ပျော်ပါးပါး ပွဲလုပ်တာပါ’ လို့ပြောတယ်။”
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။