လုကာ ၁၆:၁-၃၁

  • မဖြောင့်မတ်တဲ့ ဘဏ္ဍာစိုး ဥပမာ (၁-၁၃)

    • ‘အသေးအမွှားကိစ္စမှာ သစ္စာရှိသူဟာ ကြီးလေးတဲ့ကိစ္စမှာ သစ္စာရှိ’ (၁၀)

  • ပညတ်ကျမ်း။ ဘုရားသခင့်နိုင်ငံတော် (၁၄-၁၈)

  • သူဌေးနဲ့လာဇရု ပုံဥပမာ (၁၉-၃၁)

၁၆  အဲဒီနောက်  ယေရှုက  တပည့်တွေကို ပြောတယ်– “သူဌေးတစ်ယောက်မှာ ဘဏ္ဍာစိုး ရှိတယ်။ ဘဏ္ဍာစိုးက သခင့်ဥစ္စာတွေကို အလဟဿဖြစ်အောင် လုပ်တယ်လို့ စွပ်စွဲခံရတယ်။ ၂  ဒါနဲ့ သခင်က သူ့ကိုခေါ်ပြီး ‘မင်းနဲ့ပတ်သက်ပြီး မကောင်းတဲ့သတင်း ငါကြားတယ်။ မင်းလုပ်ထားတဲ့ စာရင်းအင်းတွေ ငါ့ကိုအပ်စမ်း။ အခုကစပြီး ဘဏ္ဍာစိုး မလုပ်နဲ့တော့’ လို့ပြောလိုက်တယ်။ ၃  အဲဒီအခါ ဘဏ္ဍာစိုးက ‘ဘယ်လိုလုပ်ရပါ့မလဲ။ သခင်က ငါ့ကို  ဘဏ္ဍာစိုးအလုပ်ကနေ  ထုတ်တော့မယ့်ပုံပဲ။ လယ်လုပ်ရအောင်လည်း ငါ့မှာ ခွန်အားမရှိဘူး။ တောင်းစားဖို့ကျတော့လည်း ရှက်တယ်။ ၄  ဘဏ္ဍာစိုးအလုပ်ကနေ အထုတ်ခံရတဲ့အခါ လူတွေ သူတို့အိမ်မှာ ငါ့ကို ကြည်ကြည်ဖြူဖြူ လက်ခံထားနိုင်အောင် ငါဘာလုပ်ရမလဲ။ ဟုတ်ပြီ။ အကြံရပြီ’ လို့တွေးပြီး၊ ၅  သခင့်ဆီမှာ အကြွေးတင်နေသူတွေကို  တစ်ယောက်ချင်းစီ ခေါ်လိုက်တယ်။ တစ်ယောက်ကို ‘ကျုပ်သခင်ဆီ အကြွေး ဘယ်လောက်တင်နေသလဲ’ လို့မေးတဲ့အခါ၊ ၆  သူက ‘သံလွင်ဆီ အခွက်* ၁၀၀ အကြွေးတင်နေပါတယ်’ လို့ဖြေတယ်။ ဘဏ္ဍာစိုးက ‘ကဲ၊ မင်းရဲ့စာချုပ်ကို ပြန်ယူ။ အခုထိုင်ပြီး အခွက် ၅၀ လို့ ခပ်မြန်မြန် ပြင်ရေးလိုက်’ လို့ပြောတယ်။ ၇  နောက်တစ်ယောက်ကို‘ခင်ဗျားကော အကြွေး ဘယ်လောက်တင်နေသလဲ’ လို့မေးတော့ သူက ‘ဂျုံစပါး တင်း* ၁၀၀ အကြွေးတင်နေပါတယ်’ လို့ဖြေတယ်။ ဘဏ္ဍာစိုးက “ကောင်းပြီ။ မင်းရဲ့စာချုပ်ကို ပြန်ယူ။ တင်း ၈၀ လို့ ပြင်ရေးလိုက်’ ဆိုပြီးပြောတယ်။ ၈  ဘဏ္ဍာစိုးက မရိုးသားပေမဲ့  အမြော်အမြင်ရှိရှိ  လုပ်ဆောင်တဲ့အတွက် သခင် ချီးမွမ်းတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ဒီလောကစနစ်* မှာရှိတဲ့ လူတွေဟာ သူတို့ရဲ့ ကိစ္စဝိစ္စတွေကို စီမံတဲ့နေရာမှာ အလင်းထဲရှိနေသူတွေထက် ပိုပြီး အမြော်အမြင်ရှိကြတယ်။+ ၉  “ကျွန်တော် ပြောဦးမယ်။ ခင်ဗျားတို့လည်း မဖြောင့်မတ်တဲ့ စည်းစိမ်ကိုသုံးပြီး မိတ်ဖွဲ့ထားပါ။+ စည်းစိမ်ကုန်သွားတဲ့အခါ သူတို့က ခင်ဗျားတို့ကို ထာဝရစံအိမ်မှာ လက်ခံထားလိမ့်မယ်။+ ၁၀  အသေးအမွှားကိစ္စတွေမှာ သစ္စာရှိတဲ့သူဟာ  ကြီးလေးတဲ့ကိစ္စတွေမှာ သစ္စာရှိလိမ့်မယ်။ အသေးအမွှားကိစ္စတွေမှာ မရိုးသားတဲ့သူဟာ ကြီးလေးတဲ့ကိစ္စတွေမှာ  ရိုးသားမှာ  မဟုတ်ဘူး။ ၁၁  ခင်ဗျားတို့လည်း မဖြောင့်မတ်တဲ့စည်းစိမ်နဲ့ ပတ်သက်လာတဲ့အခါ  သစ္စာမရှိရင် စစ်မှန်တဲ့စည်းစိမ်ကို ခင်ဗျားတို့လက်ထဲ  ဘယ်သူမှအပ်မှာမဟုတ်ဘူး။ ၁၂  သူတစ်ပါး ပိုင်ဆိုင်ရာနဲ့ပတ်သက်လာတဲ့အခါ ခင်ဗျားတို့ သစ္စာမရှိရင် ခင်ဗျားတို့အတွက် ရည်ရွယ်ထားတဲ့ ဆုကျေးဇူးကို ဘယ်သူမှပေးမှာ မဟုတ်ဘူး။+ ၁၃  ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစားလုပ်မှာပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့မရဘူး။”+ ၁၄  ငွေမက်တဲ့ ဖာရိရှဲတွေက ယေရှုပြောတာတွေကို ကြားတဲ့အခါ နှာခေါင်းရှုံ့ကြတယ်။+ ၁၅  ဒါနဲ့ ယေရှု ပြောလိုက်တာက– “ခင်ဗျားတို့က ဖြောင့်မတ်တယ်လို့  အထင်ခံရအောင်  လူရှေ့သူရှေ့ လုပ်ပြတတ်ပေမဲ့+ ဘုရားသခင်ကတော့  ခင်ဗျားတို့ရဲ့စိတ်ကို  သိတယ်။+ လူ့အမြင်မှာ အထင်ကြီးစရာဟာ ဘုရားသခင်ရဲ့ အမြင်မှာတော့ စက်ဆုပ်စရာပဲ။+ ၁၆  “ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းကို* ယောဟန်လက်ထက်အထိ ဟောပြောခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ကစပြီး ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောနေပြီ။ လူအမျိုးမျိုးက နိုင်ငံတော်ဝင်ခွင့်ရဖို့ မဆုတ်မနစ် ကြိုးစားကြတယ်။+ ၁၇  ကောင်းကင်နဲ့ မြေကြီး ကွယ်ပျောက်ဖို့ဆိုတာ လွယ်ကောင်းလွယ်လိမ့်မယ်။ ပညတ်ကျမ်းကတော့ အက္ခရာတစ်လုံး၊ ဝစ္စပေါက်တစ်လုံးတောင် မပြည့်စုံဘဲ မနေဘူး။+ ၁၈  “ကိုယ့်ဇနီးကို  ကွာရှင်းပြီး တခြားမိန်းမနဲ့လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေးဖောက်ပြန်သူပဲ။ ကွာရှင်းထားတဲ့မိန်းမကို လက်ထပ်တဲ့သူကလည်း  အိမ်ထောင်ရေးဖောက်ပြန်သူပဲ။+ ၁၉  “သူဌေးတစ်ယောက်က ခရမ်းရောင်ပိတ်ချောကို ဝတ်ဆင်ပြီး နေ့တိုင်း စည်းစိမ်ယစ်နေတယ်။ ၂၀  တစ်ကိုယ်လုံး အနာပေါက်နေတဲ့ သူတောင်းစားလာဇရုကို သူ့အိမ်တံခါးဝမှာ လူတွေ လာထားလေ့ရှိတယ်။ ၂၁  လာဇရုက သူဌေးရဲ့ စားပွဲကနေကျတဲ့ စားကြွင်းစားကျန်ကို စားရဖို့ မျှော်နေတတ်တယ်။ ခွေးတွေက သူ့ကိုယ်ပေါ်က အနာတွေကို လာလျက်ကြတယ်။ ၂၂  တစ်နေ့တော့၊  လာဇရု  သေဆုံးသွားတဲ့အတွက် ကောင်းကင်တမန်တွေက သူ့ကို အာဗြဟံအနား* ပို့ပေးကြတယ်။ “သူဌေးလည်း ကွယ်လွန်သွားတော့ သင်္ဂြိုဟ်လိုက်ကြတယ်။ ၂၃  သူက သင်္ချိုင်းမှာ အလူးအလိမ့် ဝေဒနာခံနေရတုန်း မျှော်ကြည့်လိုက်တဲ့အခါ အဝေးမှာ အာဗြဟံကို မြင်တယ်။ အာဗြဟံရဲ့ဘေးမှာ လာဇရုကိုလည်း မြင်တယ်။ ၂၄  ဒါနဲ့ သူက ‘အဖအာဗြဟံ၊ ကျွန်တော့်ကို သနားပါဦး။ လာဇရုကို ကျွန်တော့်ဆီ လွှတ်ပေးပါလား။ သူ့လက်ညှိုးကို ရေမှာနှစ်ပြီး  ကျွန်တော့်လျှာပေါ်  တစ်ပေါက်လောက်ချပေးရင် အေးမြသွားမှာပါ။ ဒီမီးလျှံထဲမှာ ကျွန်တော် အလူးအလဲ ခံနေရလို့ပါ’  ဆိုပြီး  တောင်းပန်တယ်။ ၂၅  အာဗြဟံက ‘ငါ့သား၊ မင်း အသက်ရှင်တုန်းက စည်းစိမ်အပြည့် ခံစားခဲ့ရပေမဲ့ လာဇရုကတော့ ဆင်းဆင်းရဲရဲ နေခဲ့ရတာ သတိရပါဦး။ အခု သူက ဒီမှာ သက်သက်သာသာ ဖြစ်နေပြီ။ မင်းကတော့ ဝေဒနာ အလူးအလိမ့် ခံနေရပြီ။ ၂၆  ပြီးတော့ မင်းနဲ့ငါတို့ကြားမှာ ချောက်နက်ကြီး ခြားထားတယ်။ ဒီနေရာကနေ မင်းဆီကို လာချင်တိုင်း လာလို့မရဘူး။ မင်းဆီကနေလည်း ဒီနေရာကို လာချင်တိုင်း လာလို့မရဘူး’ လို့ပြောတယ်။ ၂၇  အဲဒီအခါ သူဌေးက  ‘အဖ၊  ဒါဆိုရင်  လာဇရုကို ကျွန်တော့်ဖခင်ရဲ့ အိမ်ဆီ လွှတ်ပေးပါလား။ ၂၈  ကျွန်တော့်မှာ ညီအစ်ကိုငါးယောက် ရှိပါတယ်။ ဝေဒနာခံရတဲ့ ဒီနေရာကို သူတို့ရောက်မလာစေဖို့ လာဇရုကို ဆက်ဆက် ပြောပြခိုင်းပါ’ ဆိုတော့၊ ၂၉  အာဗြဟံက ‘သူတို့မှာ မောရှေနဲ့ ပရောဖက်တွေ ရေးခဲ့တဲ့ ကျမ်းစောင်တွေ ရှိသားပဲ။ အဲဒီကျမ်းတွေကို သူတို့ နာယူပါစေပေါ့’+ လို့ဖြေတယ်။ ၃၀  ဒါပေမဲ့ သူဌေးက ‘အဖ အာဗြဟံ၊ သူတို့နာယူမှာ မဟုတ်ဘူး။ သေရာက ပြန်ရှင်လာသူတစ်ယောက်  သူတို့ဆီသွားမှပဲ နောင်တရကြမှာပါ’ လို့ပြောတယ်။ ၃၁  အာဗြဟံက ‘မောရှေနဲ့ ပရောဖက်တွေ ရေးခဲ့တဲ့ ကျမ်းစကားကိုတောင် သူတို့ မနာယူမှတော့+ သေရာကနေ ပြန်ရှင်လာသူ ပြောရင်လည်း နားထောင်မှာ မဟုတ်ဘူး’ လို့ပြောတယ်။”

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ဗတ်။” တစ်ဗတ်က ၂၂ လီတာ (၅.၈၁ ဂါလံ) နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ဒါမှမဟုတ်၊ “ကောရ။” တစ်ကောရက ၂၂၀ လီတာဆံ့တဲ့ပုံး တစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
‘ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်း’ ဆိုတာ ဟီဘရူးကျမ်းစောင်အားလုံးကို ရည်ညွှန်း။
မူရင်း၊ “အာဗြဟံရဲ့ ရင်ခွင်ဆီ။”