လုကာ ၁၈:၁-၄၃
၁၈ ယေရှုက ဇွဲမလျှော့ဘဲ အမြဲဆုတောင်းဖို့လိုတဲ့အကြောင်း ဒီပုံဥပမာသုံးပြီး တပည့်တွေကို သင်ပေးတယ်–+
၂ “မြို့တစ်မြို့မှာ ဘုရားသခင်ကို မကြောက်၊ လူတွေကိုလည်း ဂရုမစိုက်တတ်တဲ့ တရားသူကြီးတစ်ယောက် ရှိတယ်။
၃ အဲဒီမြို့မှာရှိတဲ့ မုဆိုးမတစ်ယောက်က တရားသူကြီးဆီ ခဏခဏသွားပြီး ‘ကျွန်မ လူတစ်ယောက်နဲ့ အမှုဆိုင်နေရပါတယ်။ ကျွန်မအတွက် တရားသဖြင့် စီရင်ပေးပါ’ လို့အသနားခံတယ်။
၄ တရားသူကြီးက အချိန်အတော်ကြာတဲ့အထိ မကူညီပေးဘဲ နေတယ်။ ကြာလာတော့ သူ့စိတ်ထဲမှာ ‘ငါဟာ ဘုရားသခင်ကို မကြောက်၊ လူတွေကိုလည်း ဂရုမစိုက်တတ်တဲ့သူပါ။
၅ ဒါပေမဲ့ ဒီမုဆိုးမက လာလာပြီး ဒုက္ခပေးနေတော့ သူ့အတွက် တရားသဖြင့် စီရင်ပေးမှဖြစ်မယ်။ ဒီလိုမှမဟုတ်ရင် ငါမခံနိုင်တော့တဲ့အထိ တစ်ချိန်လုံးလာပြီး တောင်းဆိုနေလိမ့်မယ်’ လို့ပြောတယ်။”+
၆ သခင်ယေရှုက “မဖြောင့်မတ်တဲ့ တရားသူကြီးတောင် ဘယ်လိုပြောတယ်ဆိုတာ ခင်ဗျားတို့ ကြားတယ်မဟုတ်လား။
၇ ဘုရားသခင်ဆိုရင် သူရွေးချယ်ထားတဲ့သူတွေ နေ့ညမပြတ် တောင်းလျှောက်တဲ့အခါ တရားသဖြင့် မစီရင်ပေးဘဲ နေပါ့မလား။+ အဲဒီအပြင် ဘုရားသခင်က သူတို့အပေါ် စိတ်ရှည်လိုက်သေးတယ်။+
၈ ကျွန်တော်ပြောမယ်။ ဘုရားသခင်က သူတို့အတွက် တရားသဖြင့် အမြန်ဆုံး စီရင်ပေးလိမ့်မယ်။ ဒါပေမဲ့ လူသားရောက်လာတဲ့အခါ ကမ္ဘာပေါ်မှာ အဲဒီလိုယုံကြည်ခြင်းမျိုး တွေ့ရပါ့မလား” လို့ပြောတယ်။
၉ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ထင်ပြီး သူတစ်ပါးကို အထင်သေးတဲ့သူတချို့ကို ယေရှုက ဒီပုံဥပမာ ပြောပြတယ်–
၁၀ “ဖာရိရှဲတစ်ယောက်နဲ့ အခွန်ခံတစ်ယောက် ဗိမာန်တော်ကို တက်သွားပြီး ဆုတောင်းတယ်။
၁၁ ဖာရိရှဲက မတ်တတ်ရပ်ပြီး ‘ဘုရားသခင်၊ ကျွန်တော်ဟာ အများတကာလို လုယက်သူ၊ မဖြောင့်မတ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်တဲ့အပြင် ဟောဒီအခွန်ခံလိုလည်း မဟုတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
၁၂ ကျွန်တော်က တစ်ပတ်မှာ နှစ်ကြိမ် အစာရှောင်ပါတယ်။ ရသမျှကိုလည်း ဆယ်ဖို့တစ်ဖို့ ပေးလှူပါတယ်’+ လို့ ဆုတောင်းတယ်။
၁၃ အခွန်ခံကတော့ ခပ်လှမ်းလှမ်းမှာရပ်ပြီး ကောင်းကင်ကိုတောင် မော့မကြည့်ဝံ့ဘဲ ‘ဘုရားသခင်၊ အပြစ်သားဖြစ်တဲ့ ကျွန်တော့်ကို သနားပါ’+ လို့ ရင်ဘတ်ကိုထုပြီး ဆုတောင်းတယ်။
၁၄ အဲဒီနောက် အခွန်ခံ အိမ်ပြန်သွားတယ်။ ကျွန်တော် ပြောမယ်။ သူဟာ ဖာရိရှဲထက်ပိုဖြောင့်မတ်တယ်။+ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရပြီး နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရလိမ့်မယ်။”+
၁၅ လူတွေက သူတို့ရဲ့ နို့စို့ကလေးတွေအပေါ် လက်တင်စေချင်လို့ ယေရှုဆီ ခေါ်လာကြတယ်။ ဒါကိုမြင်တော့ တပည့်တွေ တားကြတယ်။+
၁၆ ဒါပေမဲ့ ယေရှုက နို့စို့ကလေးတွေကို သူ့ဆီ ခေါ်လာခိုင်းပြီး “ကလေးတွေ လာပါစေ။ မတားပါနဲ့။ ဘုရားသခင့် နိုင်ငံတော်ဟာ ဒီကလေးတွေလို လူတွေရဲ့ နိုင်ငံပဲ။+
၁၇ ကျွန်တော် မှန်တာကိုပြောမယ်။ ဘုရားသခင့် နိုင်ငံတော်ကို ဒီကလေးငယ် လက်ခံသလို လက်မခံဘူးဆိုရင် နိုင်ငံတော်ထဲ လုံးဝဝင်ရမှာ မဟုတ်ဘူး” လို့ပြောတယ်။+
၁၈ အရာရှိတစ်ယောက်က “ကောင်းမြတ်တဲ့ဆရာ၊ ထာဝရအသက်ကို အမွေရဖို့ ကျွန်တော် ဘာလုပ်ရမလဲ” လို့မေးတဲ့အခါ၊+
၁၉ ယေရှုက “ကျွန်တော့်ကို ကောင်းမြတ်တဲ့ဆရာလို့ ဘာလို့ခေါ်တာလဲ။ ဘုရားသခင်ကလွဲလို့ ကောင်းမြတ်တဲ့သူ ဘယ်သူမှမရှိဘူး။+
၂၀ ‘အိမ်ထောင်ရေး မဖောက်ပြန်နဲ့။+ လူ့အသက် မသတ်နဲ့။+ မခိုးနဲ့။+ မဟုတ်မမှန် သက်သေမထွက်ဆိုနဲ့။+ မိဘကို ရိုသေပါ’+ ဆိုတဲ့ပညတ်တွေကို ခင်ဗျားသိတာပဲ” ဆိုတော့၊
၂၁ သူက “အဲဒီပညတ်အားလုံးကို ကျွန်တော် ငယ်ငယ်ကတည်းက လိုက်နာခဲ့ပါပြီ” လို့ပြောတယ်။
၂၂ ဒါနဲ့ ယေရှုက “လုပ်စရာတစ်ခု ရှိသေးတယ်။ ခင်ဗျားရဲ့ ပစ္စည်းတွေကို သွားရောင်းပြီး ဆင်းရဲသားတွေကို ဝေမျှလိုက်ပါ။ ဒါဆိုရင် ကောင်းကင်ဘဏ္ဍာကို ရလိမ့်မယ်။ ပြီးမှ ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ပြောတယ်။+
၂၃ အဲဒီစကားကို ကြားတဲ့အခါ သိပ်ချမ်းသာတဲ့ အဲဒီအရာရှိက ဝမ်းနည်းပြီး ထွက်သွားတယ်။+
၂၄ ယေရှုက သူ့ကိုကြည့်ပြီး “ချမ်းသာတဲ့သူတွေ ဘုရားသခင့် နိုင်ငံတော်ကို ဝင်ဖို့ သိပ်ခက်တယ်။+
၂၅ ဘုရားသခင့်နိုင်ငံတော်ကို ချမ်းသာတဲ့သူတွေ ဝင်တာထက် အပ်ပေါက်ထဲ ကုလားအုတ် လျှိုဝင်တာကမှ လွယ်ဦးမယ်” လို့ပြောတယ်။+
၂၆ ဒီစကားကို ကြားတဲ့သူတွေက “ဒါဆိုရင် ကယ်တင်ခံရမယ့်သူ ရှိနိုင်ပါဦးမလား”+ လို့မေးတော့၊
၂၇ ယေရှုက “လူတွေအတွက် မဖြစ်နိုင်တဲ့အရာတွေဟာ ဘုရားသခင်အတွက်တော့ ဖြစ်နိုင်တယ်”+ လို့ပြောတယ်။
၂၈ ပေတရုက “ကျွန်တော်တို့ ပိုင်ဆိုင်တာတွေကို စွန့်ပြီး သခင့်နောက်ကို လိုက်လာပါပြီ”+ လို့ပြောတော့၊
၂၉ ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ ဘုရားသခင့် နိုင်ငံတော်ကြောင့် မိဘ၊ ဇနီး၊ ညီအစ်ကို၊ သားသမီး၊ အိမ် တစ်ခုခုကို စွန့်လွှတ်သူတိုင်း၊+
၃၀ အခုအချိန်မှာ အဆပေါင်းများစွာ ပြန်ရမယ့်အပြင် နောင်လာမယ့် လောကစနစ်* မှာလည်း ထာဝရအသက်ကို ရဦးမယ်” လို့ပြောတယ်။+
၃၁ အဲဒီနောက် ယေရှုက တမန်တော် ၁၂ ယောက်ကိုပဲ ခေါ်ပြီး “အခု ကျွန်တော်တို့ ဂျေရုဆလင်မြို့ကို သွားနေတာ။ လူသားနဲ့ပတ်သက်ပြီး ပရောဖက်တွေ ရေးထားသမျှ ပြည့်စုံလာတော့မယ်။+
၃၂ လူသားကို လူမျိုးခြားတွေလက်ထဲ အပ်ကြလိမ့်မယ်။+ လှောင်ပြောင်ပြီး+ အရှက်ခွဲကြလိမ့်မယ်၊ တံတွေးထွေးကြလိမ့်မယ်။+
၃၃ ကျာပွတ်နဲ့ ရိုက်ကြလိမ့်မယ်။ အဲဒီနောက် အသေသတ်ကြလိမ့်မယ်။+ ဒါပေမဲ့ သုံးရက်ကြာရင် အသက်ပြန်ရှင်လာလိမ့်မယ်”+ လို့ပြောပြတယ်။
၃၄ တပည့်တွေကတော့ နားမလည်ကြဘူး။ အဲဒီစကားရဲ့ အဓိပ္ပာယ်ကို သူတို့ သဘောမပေါက်အောင် ဖုံးကွယ်ထားတဲ့အတွက် ယေရှုပြောတာကို နားမလည်ကြတာ။
၃၅ ယေရှုက ယေရိခေါမြို့အနားကို ရောက်လာချိန်မှာ မျက်မမြင်တစ်ယောက် လမ်းဘေးမှာထိုင်ပြီး တောင်းစားနေတယ်။+
၃၆ လူတွေ အုပ်လိုက်ကြီး ဖြတ်သွားတာကို သူကြားတဲ့အခါ ဘာတွေဖြစ်နေတာလဲဆိုပြီး မေးတယ်။
၃၇ “နာဇရက်မြို့သားယေရှု ဖြတ်သွားတာ” လို့ ပြောကြတဲ့အခါ၊
၃၈ သူက “ဒါဝိဒ်ရဲ့သား ယေရှု၊ ကျွန်တော့်ကို သနားပါဦး” လို့ အော်တယ်။
၃၉ ရှေ့ကနေဖြတ်သွားတဲ့ လူတွေက သူ့ကို တိတ်တိတ်နေဖို့ တားကြပေမဲ့ “ဒါဝိဒ်ရဲ့သား၊ ကျွန်တော့်ကို သနားပါဦး” ဆိုပြီး ပိုလို့တောင်အော်တယ်။
၄၀ ဒါနဲ့ ယေရှုက ရပ်လိုက်ပြီး အဲဒီမျက်မမြင်ကို ခေါ်လာခိုင်းတယ်။ သူ ရောက်လာတဲ့အခါ၊
၄၁ “ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ” လို့မေးတော့ “သခင်၊ ကျွန်တော့်ကို မျက်စိမြင်အောင် လုပ်ပေးပါ” လို့ အသနားခံတယ်။
၄၂ ယေရှုက “မြင်စေ။ ခင်ဗျားရဲ့ယုံကြည်ခြင်းက မျက်စိပြန်မြင်စေပြီ”+ လို့ပြောလိုက်တယ်။
၄၃ အဲဒီအချိန်မှာပဲ သူ မျက်စိပြန်မြင်လာတယ်။ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းရင်း ယေရှုနောက်ကို လိုက်လာတယ်။+ ဒါကိုမြင်တဲ့အခါ လူအားလုံးက ဘုရားသခင်ကို ချီးမွမ်းကြတယ်။+