လုကာ ၁၉:၁-၄၈
၁၉ ယေရှုက ယေရိခေါမြို့ထဲဝင်ပြီး ဖြတ်လျှောက်သွားတယ်။
၂ အဲဒီမြို့မှာ ဇက်ခဲလို့ခေါ်တဲ့ အခွန်ခံမှူးတစ်ယောက် ရှိတယ်။ သူဟာ ချမ်းသာကြွယ်ဝသူပဲ။
၃ သူက ယေရှုကို သိပ်မြင်ချင်တယ်။ ဒါပေမဲ့ အရပ်ကလည်း ပု၊ ယေရှုပတ်လည်မှာလည်း လူတွေ ဝိုင်းအုံနေလို့ မမြင်ရဘူး။
၄ ဒါနဲ့ ယေရှုသွားမယ့် လမ်းအတိုင်း ရှေ့ကနေ ပြေးပြီး သူ့ကိုမြင်ရအောင် သဖန်းပိုးစာပင်ပေါ် တက်တယ်။
၅ ယေရှုက အဲဒီနေရာကို ရောက်လာတဲ့အခါ မော့ကြည့်ပြီး “ဇက်ခဲ၊ မြန်မြန်ဆင်းခဲ့။ ဒီနေ့ ခင်ဗျားအိမ်မှာ ကျွန်တော်တည်းမယ်” လို့ပြောတယ်။
၆ ဇက်ခဲလည်း မြန်မြန်ဆင်းလာပြီး ယေရှုကို ဝမ်းသာအားရ ဧည့်ခံတယ်။
၇ ဒါကို လူတွေမြင်တဲ့အခါ “အပြစ်သားရဲ့အိမ်မှာ သွားတည်းခိုနေပါလား” ဆိုပြီးမကျေမနပ်ပြောကြတယ်။+
၈ ဇက်ခဲက ထပြီး “သခင်၊ ကျွန်တော့်ရဲ့ ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတွေကို ပေးပါ့မယ်။ ဘယ်သူ့ဆီကဖြစ်ဖြစ် မတရားယူခဲ့တာတွေကို လေးဆပြန်ပေးပါ့မယ်” လို့ပြောတော့၊+
၉ ယေရှုက “ဒီနေ့ ဘုရားသခင်က ဒီအိမ်သားတွေကို ကယ်တင်လိုက်ပြီ။ ခင်ဗျားဟာ အာဗြဟံရဲ့သားဖြစ်လို့ပဲ။
၁၀ တကယ်တော့ လူသားဟာ ပျောက်တဲ့သူတွေကို ရှာပြီး ကယ်တင်ဖို့ ရောက်လာတာ” လို့ပြောတယ်။+
၁၁ ဒါနဲ့ ယေရှုက နားထောင်နေတဲ့ တပည့်တွေကို ပုံဥပမာတစ်ခု ထပ်ပြောပြတယ်။ ဂျေရုဆလင်မြို့ကို ရောက်ရင် ဘုရားသခင့် နိုင်ငံတော် ချက်ချင်းလာမယ်ဆိုပြီး သူတို့ ယူဆထားလို့ပဲ။+
၁၂ ယေရှု အခုလိုပြောတယ်– “မင်းညီမင်းသားတစ်ယောက်က ထီးနန်းဆက်ခံပြီးမှ ပြန်လာမယ်ဆိုပြီး တိုင်းတစ်ပါးကို ခရီးထွက်သွားတယ်။+
၁၃ မသွားခင် ကျွန်ဆယ်ယောက်ကို ခေါ်ပြီး ဆယ်မိုင်နာ* အပ်ပေးတယ်။ ပြီးတော့ ‘ငါပြန်လာချိန်အထိ ဒီငွေနဲ့အရောင်းအဝယ် လုပ်ထားကြပါ’ လို့မှာတယ်။+
၁၄ ပြည်သားတွေကတော့ သူ့ကို မကြိုက်တဲ့အတွက် သံတမန်အဖွဲ့ကို စေလွှတ်ပြီး ‘ဒီလူ အုပ်ချုပ်မှာကို ငါတို့ မလိုလားဘူး’ လို့ပြောခိုင်းတယ်။
၁၅ “သူ ထီးနန်းဆက်ခံပြီးနောက် ပြန်လာတဲ့အခါ အရောင်းအဝယ်လုပ်လို့ အမြတ်ငွေ ဘယ်လောက်ရသလဲဆိုတာ သိဖို့ ငွေအပ်ခဲ့တဲ့ ကျွန်တွေကို ခေါ်လိုက်တယ်။+
၁၆ ပထမကျွန်က ရှေ့ထွက်လာပြီး ‘သခင်အပ်ထားတဲ့ငွေနဲ့ ကျွန်တော် ဆယ်မိုင်နာ အမြတ်ရပါတယ်’ လို့ပြောတော့၊+
၁၇ သခင်က ‘တော်လိုက်တာ။ မင်းဟာ ကျွန်ကောင်းပဲ။ အသေးအမွှား ကိစ္စမှာတောင် သစ္စာရှိတယ်ဆိုတော့ မြို့ဆယ်မြို့ကို အပိုင်စားစေ’+ လို့ပြောတယ်။
၁၈ ဒုတိယကျွန်က လာပြီး ‘သခင်အပ်ထားတဲ့ငွေနဲ့ ကျွန်တော် ငါးမိုင်နာ အမြတ်ရပါပြီ’ လို့ပြောတော့၊+
၁၉ သခင်က ‘မင်းလည်း မြို့ငါးမြို့ကို အပိုင်စားစေ’ လို့ပြောတယ်။
၂၀ ကျွန်နောက်တစ်ယောက်က ‘ဒီမှာ၊ သခင့်ရဲ့ငွေပါ။ အဝတ်နဲ့ထုပ်ပြီး သိမ်းထားပါတယ်။
၂၁ သခင်ဟာ ခက်ထန်သူ၊ ကိုယ်မအပ်ထားတဲ့ငွေကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်တဲ့အရာကို ရိတ်သိမ်းတတ်သူဖြစ်မှန်း သိလို့ ကျွန်တော်ကြောက်နေတာ’ ဆိုပြီး လာပြောတယ်။+
၂၂ သခင်က ‘ကျွန်ဆိုး၊ မင်းရဲ့စကားအတိုင်း မင်းကို ငါစီရင်မယ်။ ငါဟာ ခက်ထန်တဲ့သူ၊ ကိုယ်မအပ်ထားတဲ့ငွေကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်တဲ့အရာကို ရိတ်သိမ်းတတ်သူဖြစ်မှန်း မင်းသိတယ်ဆိုရင်၊+
၂၃ ငါ့ငွေကို အတိုးချထားသင့်တာပေါ့။ ဒါဆိုရင် ငါပြန်လာတဲ့အခါ အရင်းရော အတိုးပါ ရဦးမှာ’ လို့ပြောတယ်။
၂၄ “အဲဒီနောက် အနားမှာရပ်နေသူတွေကို ‘သူ့ဆီကငွေကို ယူပြီး ဆယ်မိုင်နာရှိသူကို ပေးလိုက်’+ လို့ပြောတယ်။
၂၅ သူတို့က ‘သခင်၊ သူ့ဆီမှာ ဆယ်မိုင်နာရှိပြီးသားပဲ’ လို့ပြောတော့၊
၂၆ သခင်က ‘ငါပြောမယ်။ ရှိထားတဲ့သူဟာ ထပ်ပြီးရလိမ့်မယ်။ မရှိတဲ့သူကတော့ ရှိထားတာတောင် အသိမ်းခံရလိမ့်မယ်။+
၂၇ အခု၊ ငါအုပ်ချုပ်တာကို မကြိုက်တဲ့ ရန်သူတွေကို ခေါ်ခဲ့ပြီး ငါ့ရှေ့မှာ ကွပ်မျက်စေ’ လို့ပြောတယ်။”
၂၈ ယေရှုက အဲလိုပြောပြီးတဲ့နောက် ဂျေရုဆလင်မြို့ကို ခရီးဆက်တယ်။
၂၉ သံလွင်တောင်မှာရှိတဲ့+ ဗက်ဖာဂေရွာနဲ့ ဗေသနိရွာရောက်ခါနီးမှာ တပည့်နှစ်ယောက်ကို စေလွှတ်ပြီး၊+
၃၀ “ရှေ့မှာမြင်နေရတဲ့ ရွာကို သွားကြ။ ရွာထဲဝင်တာနဲ့ ဘယ်သူမှမစီးဖူးတဲ့ မြည်းကလေးတစ်ကောင် ချည်ထားတာကို တွေ့ရလိမ့်မယ်။ ကြိုးဖြေပြီး ဒီကိုဆွဲလာခဲ့။
၃၁ တစ်ယောက်ယောက်က ‘ဘာလို့ မြည်းကြိုးကို ဖြေတာလဲ’ လို့မေးခဲ့ရင် ‘သခင်အသုံးလိုလို့ပါ’ ဆိုပြီးပြောလိုက်” လို့မှာတယ်။
၃၂ တပည့်နှစ်ယောက်လည်း ထွက်သွားပြီး ယေရှုပြောတဲ့အတိုင်း တွေ့တယ်။+
၃၃ မြည်းကြိုးကို ဖြေနေတုန်း ပိုင်ရှင်တွေက “ဘာလို့ မြည်းကြိုးကို ဖြေတာလဲ” လို့မေးတော့၊
၃၄ တပည့်တွေက “သခင်အသုံးလိုလို့ပါ” လို့ပြန်ဖြေတယ်။
၃၅ ဒါနဲ့ မြည်းကလေးကို ယေရှုဆီ ဆွဲလာပြီး သူတို့ရဲ့ဝတ်ရုံကို မြည်းကျောပေါ် ခင်းပေးတယ်။ ယေရှုက မြည်းကလေးကို စီးလာတယ်။+
၃၆ ယေရှု မြည်းကလေး စီးလာတဲ့အခါ လူတွေက သူတို့ရဲ့ဝတ်ရုံကို လမ်းပေါ် ဖြန့်ခင်းကြတယ်။+
၃၇ သံလွင်တောင် အဆင်းလမ်းနားကို ရောက်လာတဲ့အခါ တပည့်အတော်များများက သူတို့မြင်ခဲ့တဲ့ အံ့ဖွယ်လုပ်ရပ်တွေကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဘုရားသခင်ကို အကျယ်ကြီး အခုလိုချီးမွမ်းကြတယ်–
၃၈ “ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာတဲ့ဘုရင် ကောင်းချီးခံစားရပါစေ။ ကောင်းကင်မှာ ငြိမ်သက်ခြင်းရှိပါစေ။ ကောင်းကင်မှာစံမြန်းတဲ့ ဘုရားကို ဂုဏ်တင်ချီးမွမ်းကြပါစေ။”+
၃၉ လူအုပ်ထဲမှာပါလာတဲ့ ဖာရိရှဲတချို့က “ဆရာ၊ တပည့်တွေကို တိတ်တိတ်နေဖို့ ပြောပါဦး”+ လို့ပြောတော့၊
၄၀ ယေရှုက “ကျွန်တော် ပြောမယ်။ သူတို့သာ တိတ်တိတ်နေမယ်ဆိုရင် ကျောက်ခဲတွေ ကြွေးကြော်ကြလိမ့်မယ်” လို့ပြန်ပြောတယ်။
၄၁ ဂျေရုဆလင်မြို့ ရောက်ခါနီးမှာ ယေရှုက မြို့ကိုကြည့်ပြီး ငိုတယ်။+
၄၂ ပြီးတော့ “ငြိမ်သက်မှုပေးတဲ့အရာတွေက ဘာတွေလဲဆိုတာ မင်းကို သိစေချင်လိုက်တာ။ အခုတော့ အဲဒါတွေကို မင်းမသိနိုင်ပါလား။+
၄၃ ရန်သူတွေက မင်းရဲ့ပတ်လည်မှာ တုတ်ချွန်ခံတပ်ကို ဆောက်ပြီး လေးဖက်လေးတန် ဝိုင်းရံပိတ်ဆို့မယ့်အချိန် ရောက်လာလိမ့်မယ်။+
၄၄ သူတို့က မင်းနဲ့ မင်းရဲ့သားသမီးတွေကို လုံးဝ ဖျက်ဆီးပစ်လိမ့်မယ်။+ ကျောက်တစ်တုံးပေါ်တစ်တုံး ဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူး။+ ဘာကြောင့်လဲဆိုတော့ မင်းကို ကြည့်ရှုစစ်ဆေးတဲ့ အချိန်ကို မင်းမသိလို့ပဲ” လို့ပြောတယ်။
၄၅ အဲဒီနောက် ယေရှုက ဗိမာန်တော်ကိုဝင်ပြီး အဲဒီမှာ ရောင်းဝယ်နေသူတွေကို မောင်းထုတ်လိုက်တယ်။+
၄၆ “‘ငါ့အိမ်ဟာ ဆုတောင်းရာအိမ် ဖြစ်လိမ့်မယ်’+ လို့ ကျမ်းစာမှာ ရေးထားပေမဲ့ ခင်ဗျားတို့က အိမ်တော်ကို ဓားပြခိုအောင်းတဲ့နေရာ ဖြစ်စေကြပြီ”+ ဆိုပြီး သူတို့ကို ပြောတယ်။
၄၇ ယေရှုက ဗိမာန်တော်မှာ နေ့တိုင်း သွန်သင်ပေးတယ်။ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ၊ အကြီးအကဲတွေက ယေရှုကိုသတ်ဖို့ နည်းလမ်းရှာပေမဲ့၊+
၄၈ ရှာလို့ မတွေ့ဘူး။ လူအားလုံးက ယေရှုရဲ့စကားကို ဂရုတစိုက် နားထောင်နေလို့ပဲ။+
အောက်ခြေမှတ်ချက်များ
^ ဂရိငွေ တစ်မိုင်နာက ၃၄၀ ဂရမ်လေးတယ်။ ဒရက်မာ ၁၀၀ နဲ့ တန်ဖိုးညီတယ်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ နောက်ဆက်တွဲ က၅ ကိုကြည့်။