လုကာ ၂:၁-၅၂

  • ယေရှု မွေးဖွားခြင်း (၁-၇)

  • သိုးထိန်းတွေရှေ့ ကောင်းကင်တမန်တွေ ပေါ်လာ (၈-၂၀)

  • အရေဖျားဖြတ်ခြင်း၊ သန့်စင်စေခြင်း (၂၁-၂၄)

  • ယေရှုကို ရှိမောင် တွေ့ (၂၅-၃၅)

  • ယေရှုအကြောင်း အန္န ပြောဆို (၃၆-၃၈)

  • နာဇရက်ကို ပြန်လာကြ (၃၉၊ ၄၀)

  • ဗိမာန်တော်မှာ ၁၂ နှစ်သား ယေရှု (၄၁-၅၂)

၂  အဲဒီအချိန်မှာ  ဆီဇာ*  သြဂတ်စတပ်က  အင်ပါယာတစ်ခွင်လုံးမှာ* နေထိုင်သူအားလုံး နာမည်စာရင်းပေးဖို့  အမိန့်ထုတ်လိုက်တယ်။ ၂  (ဆီးရီးယားနိုင်ငံရဲ့ ဘုရင်ခံ ကုရေနိလက်ထက်မှာ အခုလို ဦးဆုံးအကြိမ် နာမည်စာရင်းကောက်တာ  ဖြစ်တယ်။) ၃  ဒါကြောင့် လူအားလုံး နာမည်စာရင်းပေးဖို့  ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတယ်။ ၄  ယောသပ်က+ ဒါဝိဒ်မျိုးနွယ်ဖြစ်တဲ့အတွက် ဂါလိလဲပြည်၊ နာဇရက်မြို့ကနေ ယုဒပြည်မှာရှိတဲ့ ဘက်သလီဟင်လို့ခေါ်တဲ့+  ဒါဝိဒ်ရဲ့နေရင်းမြို့ဆီ  သွားတယ်။ ၅  နာမည်စာရင်းပေးဖို့ သွားတဲ့အခါ စေ့စပ်ထိမ်းမြားထားတဲ့ ဇနီးမာရိကိုပါ ခေါ်သွားတယ်။+ အဲဒီအချိန်မှာ မာရိဟာ ကိုယ်ဝန်နေ့စေ့လစေ့ ဖြစ်နေပြီ။+ ၆  ဘက်သလီဟင်မြို့မှာ သူတို့ရှိနေတုန်း မာရိ မီးဖွားချိန်ရောက်လာပြီး၊ ၇  သားဦးလေးကို မွေးတယ်။+ ဒါပေမဲ့ တည်းခိုမယ့်နေရာ မရှိတော့လို့ ကလေးကို အနှီးနဲ့ပတ်ပြီး နွားစားခွက်ထဲမှာ သိပ်ထားရတယ်။+ ၈  အဲဒီဒေသမှာ  သိုးထိန်းတွေကလည်း ကွင်းပြင်မှာ ရောက်နေပြီး သိုးအုပ်တွေကို ညလုံးပေါက် စောင့်ရှောက်နေတယ်။ ၉  ရုတ်တရက်၊ ယေဟောဝါရဲ့* ကောင်းကင်တမန်က သူတို့ရှေ့မှာ ပေါ်လာတယ်။ ပတ်လည်မှာလည်း ယေဟောဝါရဲ့* ဘုန်းအသရေကြောင့် ထွန်းလင်းနေတဲ့အတွက် သူတို့ ကြောက်လန့်နေကြတယ်။ ၁၀  ကောင်းကင်တမန်က “မကြောက်ပါနဲ့။ လူတိုင်းကို အကြီးအကျယ် ဝမ်းမြောက်စေမယ့် သတင်းကောင်းပြောဖို့ ကျွန်တော် ရောက်လာတာ။ ၁၁  ဒီနေ့  ဒါဝိဒ်ရဲ့ဇာတိမြို့မှာ+ ခင်ဗျားတို့ကို  ကယ်တင်မယ့်သူ၊+ သခင်ခရစ်တော် မွေးဖွားပြီ။+ ၁၂  နို့စို့ကလေးကို  အနှီးနဲ့ပတ်ပြီး နွားစားခွက်ထဲ သိပ်ထားတာကို ခင်ဗျားတို့တွေ့ရင် အဲဒါ သူပဲဆိုတာ သိကြပါ” လို့ပြောတယ်။ ၁၃  အဲဒီကောင်းကင်တမန်နဲ့အတူ ကောင်းကင်တမန်ဗိုလ်ခြေ အမြောက်အမြား ရုတ်တရက်ပေါ်လာပြီး+ ဘုရားသခင်ကို ချီးမွမ်းကြတယ်။ ၁၄  “ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြ။ ကမ္ဘာမြေပေါ်နေထိုင်တဲ့ ဘုရားမျက်နှာသာရသူတွေ ငြိမ်သက်ခြင်းရှိပါစေ” လို့ချီးမွမ်းကြတယ်။ ၁၅  အဲဒီနောက်  ကောင်းကင်တမန်တွေ ကောင်းကင်ကို ပြန်တက်သွားတယ်။  သိုးထိန်းတွေက  “ယေဟောဝါ* ဘုရား အသိပေးတဲ့ကိစ္စကို သွားကြည့်ကြရအောင်။ အခုပဲ ဘက်သလီဟင်မြို့ကို သွားကြစို့” လို့အချင်းချင်းပြောပြီး၊ ၁၆  ခပ်သုတ်သုတ်သွားပြီး ကြည့်တဲ့အခါ မာရိနဲ့ ယောသပ်ကိုရော  နွားစားခွက်ထဲမှာ  သိပ်ထားတဲ့  မွေးကင်းစ ကလေးကိုပါ တွေ့လိုက်ရတယ်။ ၁၇  အဲဒီအခါ  သိုးထိန်းတွေက  ဒီကလေးနဲ့ ပတ်သက်ပြီး ကောင်းကင်တမန် ပြောသွားတာတွေကို ပြန်ပြောပြတော့၊ ၁၈  ကြားတဲ့သူအားလုံး တအံ့တသြ  ဖြစ်ကြတယ်။ ၁၉  မာရိက အဲဒီအကြောင်းကို စိတ်ထဲ မှတ်ထားပြီး ဘာကိုဆိုလိုတယ်ဆိုတာ ဆင်ခြင်တွေးတောတယ်။+ ၂၀  သိုးထိန်းတွေလည်း ဘုရားသခင် အသိပေးတဲ့အတိုင်း  မြင်ရ၊  ကြားရတဲ့အတွက် ဘုရားကို ဂုဏ်တင်ချီးမွမ်းပြီး ပြန်သွားကြတယ်။ ၂၁  ရှစ်ရက်သားမှာ  ကလေးကို အရေဖျားဖြတ်ပေးပြီး+  ယေရှုလို့ နာမည်ပေးလိုက်တယ်။ မာရိ ကိုယ်ဝန်မရသေးခင်မှာ ကောင်းကင်တမန်ပေးခဲ့တဲ့ နာမည်ပဲ။+ ၂၂  မောရှေပညတ်ကျမ်းအတိုင်း သန့်စင်အောင်  လုပ်ရမယ့်အချိန် ရောက်လာတဲ့အခါ+ ယောသပ်နဲ့ မာရိက ကလေးနဲ့အတူ ဂျေရုဆလင်မြို့ကို သွားတယ်။  ပြီးတော့  ကလေးကို ယေဟောဝါရှေ့*  ခေါ်ဆောင်သွားတယ်။ ၂၃  “သားဦးမှန်သမျှ  ယေဟောဝါ* အတွက် သီးသန့်ဖယ်ထားရမယ်” ဆိုပြီး ယေဟောဝါရဲ့* ပညတ်ကျမ်းမှာ ရေးထားလို့ပဲ။+ ၂၄  ဒါ့အပြင် “ချိုးနှစ်ကောင်  ဒါမှမဟုတ်  ခိုကလေးနှစ်ကောင်”  ပေးလှူရမယ်ဆိုပြီး ယေဟောဝါရဲ့*  ပညတ်ကျမ်းမှာ  ရေးထားတဲ့အတိုင်း ပူဇော်သက္ကာကို ဆက်သကြတယ်။+ ၂၅  ဂျေရုဆလင်မြို့မှာ ရှိမောင်လို့ခေါ်တဲ့ လူတစ်ယောက် ရှိတယ်။ သူဟာ ဖြောင့်မတ်သူ၊ ဘုရားတရားကြည်ညိုသူ၊ အစ္စရေးတွေကို ဘုရားသခင် နှစ်သိမ့်ပေးမယ့်အချိန်ကို စောင့်မျှော်နေသူ၊+ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုခံရသူ ဖြစ်တယ်။ ၂၆  ယေဟောဝါ* စေလွှတ်တဲ့ ခရစ်တော်ကို မမြင်ရမချင်း မသေရဘူးဆိုပြီး သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် သူ့ကို ဘုရား အသိပေးထားပြီ။ ၂၇  ရှိမောင်က စွမ်းအားတော် လမ်းညွှန်မှုကြောင့် ဗိမာန်တော်ကို ရောက်လာတယ်။ ပညတ်ကျမ်းမှာပါတဲ့ ထုံးစံအတိုင်း လုပ်ဆောင်ဖို့+ ကလေးငယ်ယေရှုကို မိဘတွေ ခေါ်လာကြတဲ့အခါ၊ ၂၈  ရှိမောင်က ကလေးကို ချီပိုက်ပြီး ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းတယ်။ ၂၉  “အချုပ်အခြာအာဏာပိုင်ရှင်၊ ကိုယ်တော်ပြောခဲ့တဲ့အတိုင်း ဒီကလေးကို ကျွန်တော် မြင်ခွင့်ရပြီဖြစ်လို့ အခုတော့ သေပျော်ပါပြီ။+ ၃၀  ကိုယ်တော် ကယ်တင်မယ့် နည်းလမ်းကို ကျွန်တော် မြင်ခွင့်ရပါပြီ။+ ၃၁  အဲဒီနည်းကို လူတွေအားလုံးလည်း မြင်ခွင့်ရပါပြီ။+ ၃၂  ဒီကလေးဟာ လူမျိုးခြားတွေအတွက် အမှောင်ထုကို ဖယ်ရှားပေးမယ့်+ အလင်းပါ။+ လူမျိုးတော်အစ္စရေးအတွက်  တောက်ပတဲ့  အလင်းရောင်ပါ”  လို့ပြောတယ်။ ၃၃  မိဘတွေက ယေရှုအကြောင်း  ရှိမောင်ပြောတာတွေကို ကြားတဲ့အခါ အံ့သြနေတယ်။ ၃၄  အဲဒီနောက် ရှိမောင်က မိဘတွေကို ကောင်းချီးပေးပြီး “ဒီကလေးကြောင့် အစ္စရေးတွေထဲမှာ  လဲကျသူတွေရှိသလို+ ထတဲ့သူတွေလည်း ရှိလိမ့်မယ်။+ ဘုရားက သူနဲ့အတူရှိမှန်း အထောက်အထားတွေ ပြနေပါလျက်နဲ့ လူအများက သူ့ကို ဆန့်ကျင်ပြောဆိုကြလိမ့်မယ်။+ ၃၅  ဒါကြောင့် လူတွေရဲ့စိတ်ထဲမှာ ဘာရှိသလဲဆိုတာ ပေါ်လာလိမ့်မယ်။ မာရိ၊ မင်းကလည်း ဓားရှည်နဲ့ အခွင်းခံရသလို ဖြစ်လိမ့်မယ်”+ လို့ပြောတယ်။ ၃၆  အာရှာအနွယ်၊ ဖနွေလရဲ့သမီး အန္နလို့ခေါ်တဲ့ ပရောဖက်မတစ်ယောက် ရှိတယ်။ သူဟာ အသက် တော်တော် ကြီးနေပြီ။  အိမ်ထောင်သက် ခုနစ်နှစ်မှာ  ယောက်ျားဆုံးသွားတဲ့အတွက်၊ ၃၇  မုဆိုးမ  ဖြစ်နေတယ်။  အခုဆို အသက် ၈၄ နှစ် ရှိနေပြီ။ သူဟာ ဗိမာန်တော်ကို အမြဲလာတယ်။ အစာရှောင်တာ၊ အသနားခံဆုတောင်းတာတွေ လုပ်ပြီး နေ့ရောညပါ ဘုရားကို ဝတ်ပြုတယ်။ ၃၈  ယောသပ်နဲ့မာရိတို့ ဗိမာန်တော်မှာရှိနေတုန်း သူရောက်လာပြီး ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းတယ်။ ဂျေရုဆလင်မြို့ကို ဘုရားသခင် လွတ်မြောက်စေမယ့်အချိန်  စောင့်မျှော်နေသူတွေကို ယေရှုအကြောင်း ပြောပြတယ်။+ ၃၉  မိဘတွေက  ယေဟောဝါရဲ့* ပညတ်ကျမ်းမှာ ပါတဲ့အတိုင်း လုပ်စရာရှိတာအားလုံး လုပ်ပြီးတဲ့နောက်+ ဂါလိလဲပြည်၊ သူတို့ရဲ့နေရင်းမြို့ နာဇရက်ကို ပြန်သွားကြတယ်။+ ၄၀  ကလေးဟာ ကျန်းမာသန်စွမ်းသူ၊ ဉာဏ်ပညာနဲ့ ပြည့်စုံသူ၊ ဘုရားသခင့် မျက်နှာသာရသူအဖြစ် ကြီးပြင်းလာတယ်။+ ၄၁  ယေရှုရဲ့မိဘတွေက ပသခါပွဲ* ခံချိန်မှာ ဂျေရုဆလင်မြို့ကို နှစ်တိုင်း သွားလေ့ရှိတယ်။+ ၄၂  ယေရှု အသက် ၁၂ နှစ်မှာ ခါတိုင်းလိုပဲ ပွဲတော်ကို  သွားကြတယ်။+ ၄၃  ပွဲတော်ရက်ပြီးသွားလို့ ပြန်လာကြတဲ့အခါ လူငယ်ယေရှုက ဂျေရုဆလင်မြို့မှာ နေရစ်ခဲ့တယ်။ ဒါကို မိဘတွေ မသိလိုက်ဘူး။ ၄၄  ခရီးသွားဖော်အုပ်စုထဲမှာ ပါလာတယ်လို့ပဲ ထင်နေကြတယ်။ တစ်ရက်ခရီးသွားပြီးမှ ဆွေမျိုးတွေ၊ အသိတွေကြားထဲမှာ  လိုက်ရှာတယ်။ ၄၅  မတွေ့တဲ့အခါ ဂျေရုဆလင်မြို့ကို ပြန်သွားပြီး အသည်းအသန် ရှာတယ်။ ၄၆  သုံးရက်ကြာမှပဲ ယေရှုကို ရှာတွေ့တော့တယ်။ ဗိမာန်တော်မှာ ဆရာတွေအလယ်မှာ ထိုင်ပြီး သူတို့ပြောတာကို နားထောင်လိုက်၊ မေးခွန်းမေးလိုက် လုပ်နေတယ်။ ၄၇  သူ့စကားကို ကြားတဲ့သူအားလုံးက သူအဖြေပေးပုံ၊ ဉာဏ်ထက်မြက်ပုံကို တအံ့တသြ ဖြစ်နေကြတယ်။+ ၄၈  မိဘတွေ သူ့ကို တွေ့တဲ့အခါ အံ့အားသင့်ပြီး မိခင်က “သားရယ်၊ အဖေနဲ့အမေ့မှာ သားကို အပူတပြင်း ရှာလိုက်ရတာ။ ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ” လို့ပြောတော့၊ ၄၉  ယေရှုက “သားကို ဘာလို့ ရှာနေကြတာလဲ။ အဖရဲ့အိမ်တော်မှာ သားရှိနေမယ်ဆိုတာ မသိဘူးလား”+ လို့ပြောတယ်။ ၅၀  ဒါပေမဲ့ မိဘတွေက သူပြောတာကို နားမလည်ကြဘူး။ ၅၁  ယေရှုက မိဘတွေနဲ့အတူ နာဇရက်မြို့ကို ပြန်လိုက်သွားတယ်။ မိဘစကားကို အမြဲနာခံတယ်။+ သူ့မိခင်က ဒါတွေအားလုံးကို စိတ်ထဲမှာ အသေအချာ မှတ်ထားတယ်။+ ၅၂  ယေရှုဟာ ကာယဉာဏ နှစ်တန်စလုံး ကြီးထွားဖွံ့ဖြိုးလာတယ်။ ဘုရားသခင်ရှေ့၊ လူရှေ့ မျက်နှာသာရတဲ့သူ ဖြစ်လာတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ရောမဧကရာဇ်။”
မူရင်း၊ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာ။”
ခက်ဆစ်ကိုကြည့်။