လုကာ ၂၀:၁-၄၇

  • ယေရှု​ရဲ့ အခွင့်​အာ​ဏာ​ကို စော​ဒ​က​တက်​ကြ (၁-၈)

  • လူ​သတ်​တဲ့ ခြံ​လုပ်​သား​တွေ ပုံဥပမာ (၉-၁၉)

  • ဘု​ရား​သခင်​နဲ့ ဆီ​ဇာ (၂၀-၂၆)

  • ရှင်​ပြန်​ထ​မြောက်​ခြင်း​အကြောင်း မေး​ခွန်း (၂၇-၄၀)

  • ယေရှု​ဟာ ဒါဝိဒ်ရဲ့​သား​လား (၄၁-၄၄)

  • ကျမ်း​တတ်​တွေ​ကို သတိ​ပေး (၄၅-၄၇)

၂၀  တစ်​နေ့၊  ယေရှု​က  ဗိမာန်​တော်​မှာ လူ​တွေ​ကို​သွန်သင်​ပြီး  သတင်း​ကောင်း  ဟော​ပြော​နေ​တုန်း ပု​ရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ၊ အကြီး​အကဲ​တွေ ရောက်​လာ​တယ်။ ၂  “ခင်​ဗျား​က ဒါ​တွေ​ကို ဘာ​အခွင့်​အာ​ဏာ​နဲ့ လုပ်​တာ​လဲ။ ဘယ်​သူ​က ဒီ​အခွင့်​အာ​ဏာ ပေး​ထား​လို့​လဲ။ ပြော​စမ်း​ပါ​ဦး”+ လို့ သူတို့​မေး​တော့၊ ၃  ယေရှု​က “ကျွန်​တော်​လည်း တစ်​ခု​မေး​ချင်​တယ်။ ဖြေကြ​ပါ။ ၄  ယောဟန်​က ဘယ်​သူ့​ဆီ​က အခွင့်​အာ​ဏာ​နဲ့ နှစ်ခြင်း​ပေး​တာ​လဲ။ ဘုရား​ဆီ​က​လား၊* လူ​တွေ​ဆီ​က​လား” လို့ ပြန်​မေး​တယ်။ ၅  အဲဒီ​အခါ သူတို့​က “‘ဘုရား​ဆီ​က’ လို့​ ဖြေလိုက်​ရင် ‘ဘာ​လို့ ယောဟန်​ကို မယုံ​တာ​လဲ’ ဆို​ပြီး မေး​နေ​ဦး​မယ်။ ၆  ‘လူတွေ​ဆီ​က’ လို့​ဖြေလိုက်​ရင်​လည်း ငါ​တို့​ကို ခဲ​နဲ့​ပေါက်​ကြ​လိမ့်​မယ်။ ယောဟန်​ကို ပရော​ဖက်​လို့ လူ​တွေ ယူ​မှတ်​နေ​ကြ​တာ”+ လို့ အချင်း​ချင်း တိုင်​ပင်​ပြီး​နောက်၊ ၇  ဘယ်​သူ့​ဆီ​က အခွင့်​အာ​ဏာ​နဲ့​လည်း မသိ​ပါ​ဘူး​လို့ ဖြေကြ​တယ်။ ၈  ဒါ​နဲ့ ယေရှု​က “ကျွန်​တော်​လည်း ဘယ်​သူ့​ဆီ​က အခွင့်​အာ​ဏာ​နဲ့ ဒါ​တွေ​ကို​လုပ်​တယ်​ဆို​တာ ခင်​ဗျား​တို့​ကို မပြော​နိုင်​ဘူး” ဆို​ပြီး ပြော​လိုက်​တယ်။ ၉  အဲဒီ​နောက် ယေရှု​က လူ​တွေ​ကို ပုံ​ဥပမာ​တစ်​ခု ပြော​ပြတယ်– “လူ​တစ်​ယောက်​က စ​ပျစ်​ခြံ​စိုက်​ပျိုး​ပြီး+ ခြံ​လုပ်​သား​တွေ​ကို သီး​စား​ချ​တယ်။ အဲဒီ​နောက် တိုင်း​တစ်ပါး​ကို အချိန်​အတော်​ကြာ ခ​ရီး​ထွက်​သွား​တယ်။+ ၁၀  အသီး​ခူး​ချိန် ရောက်​တဲ့​အခါ ခြံ​လုပ်​သား​တွေ​ဆီ ကျွန်​တစ်​ယောက်​လွှတ်​ပြီး သီး​စား​ခ တောင်း​ခိုင်း​တယ်။ ဒါ​ပေမဲ့ ခြံ​လုပ်​သား​တွေ​က အဲဒီ​ကျွန်​ကို ရိုက်​နှက်​ပြီး လက်​ဗ​လာ​နဲ့ ပြန်​လွှတ်​လိုက်​တယ်။+ ၁၁  နောက်​ကျွန်​တစ်​ယောက်​ကို ထပ်​လွှတ်​တော့​လည်း အဲဒီ​လို​ပဲ ရိုက်​နှက်​အရှက်​ခွဲ​ပြီး လက်​ဗ​လာ​နဲ့  လွှတ်​လိုက်​ပြန်​တယ်။ ၁၂  နောက်​ကျွန်​တစ်​ယောက်​ကို ထပ်​လွှတ်​တဲ့​အခါ သူ့​ကို​လည်း ရိုက်​နှက်​ပြီး ခြံ​ပြင်​ဆွဲ​ထုတ်​ကြ​တယ်။ ၁၃  အဲဒီ​အခါ စ​ပျစ်​ခြံ​ပိုင်​ရှင်​က ‘ငါ​ဘာ​လုပ်​ရင် ကောင်း​မလဲ။ ငါ​ချစ်​ရ​တဲ့​သား​ကို+ လွှတ်​ကြည့်​မယ်။ ငါ့​သား​ကို​တော့ လေး​စား​ကြ​မှာ​ပါ’ လို့​ပြော​ပြီး၊ ၁၄  သူ့​သား​ကို လွှတ်​လိုက်​တယ်။ ခြံ​လုပ်​သား​တွေ​က သား​ကိုမြင်​တော့ ‘ဒီ​ခြံ​ကို အမွေ​ဆက်​ခံ​မယ့်​သူ​ပဲ။ သူ့​ကို သတ်​ပစ်​ရ​အောင်။ ဒါ​ဆို သူ့​အမွေ​ကို ငါ​တို့​ပိုင်​ပြီ’ လို့ အချင်း​ချင်း တိုင်​ပင်​ကြ​တယ်။ ၁၅  အဲဒီ​နောက် သူ့​ကို ခြံ​ပြင်​ဆွဲ​ထုတ်​ပြီး သတ်​ပစ်​လိုက်​တယ်။+ ဒါ​ဆို​ရင် ခြံ​ပိုင်​ရှင်​က အဲဒီ​လူ​တွေ​ကို ဘာ​လုပ်​မလဲ။ ၁၆  သူ​ကိုယ်​တိုင် စ​ပျစ်​ခြံ​ကို​လာ၊ ခြံ​လုပ်​သား​တွေ​ကို သတ်​ပစ်​ပြီး​နောက်  တ​ခြား​လူ​တွေ​ဆီ ခြံ​ကို​ငှား​မှာပေါ့။” ဒါ​ကို လူ​တွေ​ကြား​တဲ့​အခါ  “တော်​တော်​ဆိုး​တဲ့ လုပ်​ရပ်​ပဲ” လို့​ ပြော​ကြ​တယ်။ ၁၇  ယေရှု​က သူတို့​ကို တည့်​တည့်​ကြည့်​ပြီး “‘တိုက်​ကို​တည်​ဆောက်​သူ​တွေ ပယ်​ထား​တဲ့ ကျောက်​ဟာ ထိပ်​ဆုံး​က ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​တယ်’+ ဆို​တဲ့ ကျမ်း​စကား​ဟာ ဘာ​ကို​ဆိုလို​တာ​လဲ။ ၁၈  လူ​တစ်​ယောက်​က အဲဒီ​ကျောက်​ပေါ်​ကျ​ရင် သူ အပိုင်း​ပိုင်း ကျိုး​လိမ့်​မယ်။+ အဲဒီ​ကျောက်​က သူ့​အပေါ်​ကျ​ရင် သူ ညက်​ညက်​ကြေ​လိမ့်​မယ်” လို့​ပြော​တယ်။ ၁၉  ကျမ်း​တတ်​နဲ့  ပု​ရော​ဟိတ်​ကြီး​တွေ​က ယေရှု​ပြော​တဲ့​ပုံ​ဥပမာ​ကို​ကြား​တဲ့​အခါ သူတို့​ကို​ရည်​ရွယ်​ပြီး ပြော​နေ​မှန်း ရိပ်​မိ​ကြ​တယ်။ ဒါ​ကြောင့် ယေရှု​ကို ချက်​ချင်း ဖမ်း​လိုက်​ချင်​တယ်။ ဒါ​ပေမဲ့ လူ​တွေ​ကို ကြောက်​နေ​တယ်။+ ၂၀  သူတို့​က  ယေရှု​ကို  မျက်​ခြည်​မပြတ် စောင့်​ကြည့်​ပြီး​တဲ့​နောက် လူ​တ​ချို့​ကို​ ငှား​ပြီး သဘော​ရိုး​နဲ့ လာ​သလို​မျိုး လွှတ်​လိုက်​တယ်။ ယေရှု စကား​ပြော​မှား​တာ​နဲ့ ဖမ်း​ဆီး​ပြီး+ ဘု​ရင်​ခံ​နဲ့ အာ​ဏာ​ပိုင်​တွေ​လက်​ထဲ အပ်​ဖို့​ဆို​တဲ့ အကြံ​နဲ့​ပေါ့။ ၂၁  အဲဒီ​လူ​တွေ​က  “ဆ​ရာ​က မှန်​တာ​ကို​ပဲ ပြော​တယ်၊ မှန်​တာ​ကို​ပဲ သွန်သင်​တယ်၊ မျက်​နှာ​လည်း မလိုက်​ဘူး၊ ဘုရား​သခင်​ရဲ့ လမ်း​စဉ်​အကြောင်း အမှန်​အတိုင်း  သွန်သင်​တယ်​ဆို​တာ ကျွန်​တော်​တို့ သိ​ပါ​တယ်။ ၂၂  ဒါ​ဆို​ရင် ဆီ​ဇာ​ကို* ကျွန်​တော်​တို့ အခွန်​ဆောင်​သင့်​သလား၊ မဆောင်​သင့်​ဘူး​လား” လို့​မေး​တယ်။ ၂၃  ယေရှု​က သူတို့​ရဲ့ ဉာဏ်​နီ​ဉာဏ်​နက်​ကို သိ​တော့၊ ၂၄  “ဒေနာ​ရိ* တစ်​ပြား ပြပါ​ဦး။ ဒီ​မှာ ဘယ်​သူ့​ပုံ​လဲ။ ဘယ်​သူ့​နာ​မည်​လဲ” ဆို​ပြီး မေး​တဲ့​အခါ သူတို့​က  “ဆီ​ဇာ” လို့​ဖြေ​တယ်။ ၂၅  အဲ​ဒီ​အခါ ယေရှု​က “ဆီ​ဇာ​နဲ့​ဆိုင်​တာ ဆီ​ဇာ​ကို ပေး​ပါ။+ ဘုရား​သခင်​နဲ့​ဆိုင်​တာ ဘုရား​သခင်​ကို ပေး​ပါ”+ လို့​ဖြေတယ်။ ၂၆  အဲဒီ​လူ​တွေ​က လူ​အများ​ရှေ့​မှာ ယေရှု​ရဲ့ စကား​အမှား​ကို ရှာ​လို့​မရ​နိုင်​ဘဲ သူ့​အဖြေကြောင့် အံ့​သြ​ပြီး နှုတ်​ဆိတ်​သွား​ကြ​တယ်။ ၂၇  ဒါ​ပေမဲ့ ရှင်​ပြန်​ထ​မြောက်​ခြင်း မရှိ​ဘူး​လို့​ပြော​တဲ့  ဇဒ္ဒုကဲ​တွေ​က*+ ယေရှု​ဆီ လာ​ပြီး၊+ ၂၈  “ဆ​ရာ၊ ‘လူ​တစ်​ယောက်​ဟာ သား​သမီး​မရှိ​ဘဲ ကွယ်​လွန်​သွား​ခဲ့ရင် သူ့​အစ်​ကို ဒါ​မှ​မဟုတ် ညီ​ဖြစ်​သူ​က ကျန်​ရစ်​တဲ့​ဇနီး​ကို လက်​ထပ်​ပြီး ကွယ်​လွန်​သူ​ရဲ့​မျိုး​ဆက် မပြတ်​အောင် ထိန်း​သိမ်း​ပေး​ရ​မယ်’+ လို့ မော​ရှေ​ရေးခဲ့​တယ်။ ၂၉  ကျွန်​တော်​တို့​ဆီ​မှာ ညီ​အစ်​ကို​ခု​နစ်​ယောက် ရှိ​တယ်။ အကြီး​ဆုံး​က အိမ်​ထောင်​ကျ​ပြီး သား​သမီး​မရ​ဘဲ သေဆုံး​သွား​တယ်။ ၃၀  ဒီလိုနဲ့​ ဒုတိယ​တစ်​ယောက်၊ ၃၁  တ​တိ​ယ​တစ်​ယောက် စ​သဖြင့် ညီ​အစ်​ကို​ခု​နစ်​ယောက်​စ​လုံး​က ကျန်​ရစ်​တဲ့​ဇနီး​ကို လက်​ထပ်​တယ်။ သူတို့​အားလုံး သား​သမီး​မရ​ဘဲ သေဆုံး​သွား​တယ်။ ၃၂  နောက်​ဆုံး​မှာ အဲဒီ​အမျိုး​သမီး​လည်း သေဆုံး​သွား​တယ်။ ၃၃  ဒါ​ဆို​ရင် အဲဒီ​အမျိုး​သမီး​က ညီ​အစ်​ကို​ခု​နစ်​ယောက်​စ​လုံး​နဲ့ လက်​ထပ်​ခဲ့​တဲ့​အတွက် ရှင်​ပြန်​ထ​မြောက်​လာ​တဲ့​အခါ ဘယ်​သူ့​ဇနီး​ဖြစ်​မှာ​လဲ” လို့​မေး​တယ်။ ၃၄  ယေရှု​က “ဒီ​လော​က​စ​နစ်​မှာ* ရှိ​တဲ့ လူ​တွေ​ဟာ ထိမ်း​မြား​ပေး​စား​ကြ​တယ်။ ၃၅  ဒါ​ပေမဲ့ နောင်​လာ​မယ့် လော​က​စ​နစ်​မှာ အသက်​ရှင်​ထိုက်​တယ်၊ ရှင်​ပြန်​ထ​မြောက်​ထိုက်​တယ်​လို့ ယူ​မှတ်​ခံ​ရ​သူ​တွေ​ဟာ  ထိမ်း​မြား​ပေး​စား​ကြ​မှာ မဟုတ်​ဘူး။+ ၃၆  တ​ကယ်​ဆို​ရင် သူတို့ မသေနိုင်​တော့​ဘူး။  ကောင်း​ကင်​တ​မန်​တွေ​လို ဖြစ်​လိမ့်​မယ်။ ရှင်​ပြန်​ထ​မြောက်​လာ​မှာ​ဖြစ်​လို့  ဘုရား​သခင်​ရဲ့ သား​သမီး​တွေ ဖြစ်​ကြ​လိမ့်​မယ်။ ၃၇  မော​ရှေ​က​ ချုံ​ပုတ်​အကြောင်း​မှတ်​တမ်း​မှာ ယေဟောဝါ​ကို* ‘အာဗြဟံ​ရဲ့​ဘုရား၊ အိ​ဇက်​ရဲ့​ဘု​ရား၊ ယာကုပ်​ရဲ့​ဘုရား’​ လို့ ခေါ်​တာဟာ​ သေ​လွန်​သူ​တွေ​ ထမြောက်​တဲ့​အ​ကြောင်း​ ပြော​နေ​တာ​ဖြစ်​တယ်။+ ၃၈  ဘုရား​သခင်​ဟာ  သေလွန်​သူ​တွေရဲ့​ဘု​ရား မဟုတ်​ဘူး။ အသက်​ရှင်​သူ​တွေရဲ့ ဘုရား​ပဲ။ ဘုရား​သခင်​ရဲ့​အမြင်​မှာ သူတို့​အားလုံး အသက်​ရှင်​နေ​တယ်”+ လို့​ပြော​တယ်။ ၃၉  အဲဒီ​အခါ  ကျမ်း​တတ်​တချို့​က​ “ဆရာ​ပြော​တာ မှန်​လိုက်​တာ” လို့​ပြော​ကြ​တယ်။ ၄၀  ယေရှု​ကို ဘာ​တစ်​ခု​မှ ထပ်​မမေး​ရဲ​ကြ​တော့​ဘူး။ ၄၁  ဒါ​နဲ့ ယေရှု​က သူတို့​ကို “လူ​တွေ​က ခ​ရစ်​တော်​ကို ဒါဝိဒ်ရဲ့​သား​ဆို​ပြီး ဘာ​ဖြစ်​လို့ ပြော​ရ​တာ​လဲ။+ ၄၂  ဒါဝိဒ်​ကိုယ်​တိုင်​က ဆာလံ​ကျမ်း​မှာ ပြော​ထား​တယ်– ‘ယေဟောဝါ​က၊* ၄၃  “ရန်​သူ​တွေ​ကို မင်း​ရဲ့​ခြေ​အောက်​မှာ မချ​ခင်​အထိ ငါ့​ညာ​ဘက်​မှာ ထိုင်​နေ​ပါ” လို့ ငါ့​သခင်​ကို ပြော​တယ်။’+ ၄၄  ဒါဝိဒ်​က ခ​ရစ်​တော်​ကို သခင်​လို့​ခေါ်​ရင် ခ​ရစ်​တော်​ဟာ ဘယ်​လို​လုပ်​ပြီး ဒါဝိဒ်ရဲ့​သား ဖြစ်​နိုင်​မှာ​လဲ” လို့​ပြော​တယ်။ ၄၅  လူ​အားလုံး နား​ထောင်​နေ​တုန်း ယေရှု​က တ​ပည့်တွေ​ကို၊ ၄၆  “ကျမ်း​တတ်​တွေ​ကို သတိ​ထား​ကြ။ သူတို့​က ဝတ်​လုံ​ရှည်​တွေ ဝတ်​ပြီး သွား​လာ​ချင်​တယ်။ စျေး​မှာ ရို​ရို​သေသေ နှုတ်​ဆက်​တာ​ကို ခံ​ချင်​တယ်။ တ​ရား​ဇ​ရပ်​ဆို​ရင် ရှေ့​ဆုံး​ခုံ​မှာ၊ စား​သောက်​ပွဲ​ဆို​ရင်​လည်း အထင်​ပေါ်​ဆုံး​နေ​ရာ​မှာ​ပဲ ထိုင်​ချင်​တယ်။+ ၄၇  မု​ဆိုး​မတွေရဲ့​အိမ်​ကို မတ​ရား သိမ်း​ယူ​တတ်​တယ်။ လူ​မြင်​ကောင်း​အောင် အရှည်​ကြီး ဆုတောင်း​တတ်​တယ်။ ဒါ​ကြောင့် ပို​ကြီး​လေး​တဲ့ ပြစ်​ဒဏ်​ကို သူတို့​ခံ​ရ​လိမ့်​မယ်” လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ကောင်း​ကင်​က​လား။”
ဒါ​မှ​မဟုတ်၊ “ရော​မဧ​က​ရာဇ်​ကို။”
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။